Headlines

ပြည်နယ်အမည်တွေ ပြောင်းလဲသတ်မှတ်ဖို့ ဦးမင်းအောင်လှိုင်ပြော

အောက်တိုဘာလ ၁၆ ရက်။

ပြည်နယ်တွေကို ဒေသအတွင်း နေထိုင်အတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည်သတ်မှတ်နိုင်ရေး အားလုံးဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ မနေ့အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံရောယှက် နေထိုင်ကြပြီး ဥပမာ အမည်နာမအားဖြင့် သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့လည်း ဦးမင်းအောင်လှိုင်ကပြောပါတယ်။

“ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖို့ လိုပါတယ်၊ ဒေသတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီး အားလုံး ဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ် ” လို့ဦးမင်းအောင်လှိုင်ကပြောပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့တက်ရောက်ခဲ့ပါတယ်။

NCA ၁၁ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတ ဦးမင်းအောင်လှိုင်ကNCA လက်မှတ်ရေးထိုးထားတဲ့ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် KNU ၊ ABSDF အဖွဲ့တွေကို ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ ထပ်မံ ဖိတ်ခေါ်ခဲ့ပါတယ်။

NCA(၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားရဲ့ ဒုတိယနေ့အဖြစ် ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်ရှိ Horizon Lake View Resort Hotel မှာ ဆက်လက်ကျင်းပခဲ့ပြီး “ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုသဟဇာတဖြစ်ထွန်းရေးအတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေ ဖော်ထုတ်လေ့လာခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ “ ငြိမ်းချမ်းရေး နှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရေရှည်အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများမြှင့်တင်မှုအကြား အပြန်အလှန်ဆက်နွှယ်မှုနည်းလမ်းတွေ ဖော်ထုတ်ခြင်း နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်နဲ့ အကူအညီတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး” ခေါင်းစဉ်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *