
အောက်တိုဘာလ ၁၅ ရက်။
ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA) ၁၁ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတ ဦးမင်းအောင်လှိုင်က ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် KNU ၊ ABSDF အဖွဲ့တွေကို ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ ထပ်မံ ဖိတ်ခေါ်ခဲ့ပါတယ်။
NCA နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View Resort Hotel မှာ ကျင်းပခဲ့တာဖြစ်ပြီး ဦးမင်းအောင်လှိုင်က Video Message ကတဆင့် အဖွင့်မိန့်ခွန်းပြောတဲ့ချိန် အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမလုပ်ခဲ့တဲ့ KNU ၊ CNF နဲ့ ABSDF တွေကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုပါတယ် အလားတူ PDF အမည်ခံ အဖွဲ့များအနေနဲ့လည်း နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ တိုက်တွန်းလိုပါတယ်”လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ NCA စာချုပ်ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့ဖြစ်တဲ့ CNF / ALP / ABSDF / KNU / KNLA – PC / PNLO / RCSS တို့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

