
ဧပြီလ ၂၃ ရက်။
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ အခြေစိုက်ထားတဲ့ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ( ကပစ -၁၄) ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်အဆင့်ရှိသူတွေအပါအဝင် စုစုပေါင်း ၃ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို(CDF-Asho)က ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့က ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာအနီးက စစ်ကော်မရှင်တပ်ရဲ့ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ ( ကပစ – ၁၄) ကို ရှော့တိုက်ဒုန်းဖြင့် ဧပြီလ ၂၀ ရက်နေ့ နေ့လည်လောက်မှာ လူ့ဘောင်သစ်တပ်မတော် ( NSA) နဲ့ ပူးပေါင်းပြီး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ကာကွယ်ရေးပစ္စည်း သိုလှောင်ရုံနဲ့ ထုတ်လုပ်ရေးစက်ရုံ နေရာတွေကို ဦးတည် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အဆောက်အအုံ တချို့ထိခိုက်ပျက်စီးကာ ဗိုလ်အဆင့်ရှိသူ ၁ ဦးနဲ့ အခြားအဆင့်ရှိသူ ၂ ဦးဟာ ပွဲချင်းပြီး သေဆုံးခဲ့ကာ စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကြောက်လှန့်တကြား ထွက်ပြေးသွားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေကိုလည်း အချင်းချင်း လိုက်လံ ဖမ်းဆီးနေမှုတွေ ရှိနေတယ်လို့လည်း ချင်းကာကွယ်ရေးတပ် – အရှိုတပ်ဖွဲ့က ဆိုပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့ဟာ မကွေးတိုင်း နဲ့ ရခိုင်ပြည်နယ်အစပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဖြစ်ပါတယ်။

