
DonBosco
ကောက်သစ်စားပွဲ (ခေါ်) ချင်းနှစ်သစ်ကူးနေ့ ကို ချင်းလူမျိုးများဟာ နှစ်စဉ် တောင်ယာရိတ်သိမ်းပြီးနောက် ကောက်သစ်ပေါ်ချိန် (အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလအတွင်း) ကျင်းပလေ့ရှိကြပါတယ်။
ကောက်သစ်စားပွဲ (ခေါ်) ချင်းနှစ်သစ်ကူးနေ့ဟာ ပါလီမန်ဒီမိုကရေစီခေတ် ( ၁၉၄၈ -၁၉၆၂)ကာလက ချင်းပြည်နယ်မှာ တရားဝင်အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခံရမှုဟာ မြန်မာနိုင်ငံရဲ့ ကနဦး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပျောက်ကွယ်ခဲ့ရပေမဲ့လည်း ချင်းတိုင်းရင်းသားတွေဟာ မိမိတို့ ရောက်ရှိရာ ပြည်တွင်းပြည်ပ နေရာတိုင်းမှာ (၇၇) ကြိမ်မြောက် ချင်းနှစ်သစ်ကူးပွဲတော်ကို နိုင်ငံအနှံ့နဲ့ ကမ္ဘာတစ်ဝန်း စုစည်းဆင်နွှဲ ကျင်းပနေကြပါတယ်။
ချင်းနှစ်သစ်ကူးကို မိမိတို့ မျိုးနွယ်စုအလိုက် ဒေသန္တရအခေါ်အဝေါ်တွေနဲ့ နိုင်ငံတကာမှာ မတူညီတဲ့ နေ့ရက်တွေနဲ့ ကျင်းပကြသလိုပဲ၊ မြန်မာပြည်တွင်းမှာလည်း ချင်းလူမျိုး အများအပြား ရောက်ရှိနေထိုင်ကြတဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ ကလေးမြို့တွေမှာ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ကြပါတယ်။ အထူးသဖြင့် ဇိုမီးချင်းတိုင်းရင်းသားတို့ရဲ့ ခွာဒိုပွဲဆိုရင် ၂၀၂၁ စစ်အာဏာသိမ်းပြီး ၂၀၂၆ ဒီနှစ်မှာ ပထမဆုံးအကြိမ် ရန်ကုန်မြို့မှာ ကျင်းပခွင့်ရခဲ့ပြီး လူပေါင်း ထောင်ချီ တက်ရောက်ကာ အထူး စည်ကားခဲ့ပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်အောက်မှာ ကျရောက်ခဲ့ပြီး စစ်ကော်မရှင်က ပြန်လည်သိမ်းယူခဲ့တဲ့ ပြည်တွင်း ချင်းပြည်နယ်၊ ဖလမ်းမြို့မှာလည်း စစ်အာဏာရှင်ရဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မကျင်းပတာ ကြာပြီဖြစ်တဲ့ ချင်းနှစ်သစ်ကူးပွဲတော်ကို ၂၀၂၆ ခုနှစ်၊ လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၁၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဖလမ်းပွဲတော်ကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ Falam Christian Minister Fellowship (FCMS)၊ ဖလမ်းချင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး ဖလမ်းဒေသအတွင်းက မြို့နဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေအားလုံး ပါဝင်ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မေရီလန်းနဲ့ ဝါရှင်တန်ဒီစီ ဒေသမှာတော့ မြန်မာ့သုတေသန အင်စတီကျု (Burma Research Institute – BRI) က ဦးဆောင်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီကနေ ၉ နာရီခွဲအထိ (၇၇) ကြိမ်မြောက် ချင်းနှစ်သစ်ကူး (၈ ကြိမ်မြောက် နှစ်စဉ်ကျင်းပမှု) အခမ်းအနားကို လူမှုကွန်ရက် Facebook Live ကတစ်ဆင့် နိုင်ငံတကာဆီ တိုက်ရိုက်ထုတ်လွှင့် ကျင်းပခဲ့ပါတယ်။
ချင်းနှစ်သစ်ကူး ပွဲတော်ဟာ မူလအစက ကောက်သစ်စားပွဲ (တလင်းတက်ပွဲ ဒါမှမဟုတ် ကောက်ရိတ်သိမ်းပွဲ) ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ချင်းမျိုးနွယ်စု ဒေသအလိုက် ဟားခါးစကားနဲ့ “Tho” (ထို)၊ ဇိုမီးစကားနဲ့ “Khuado” (ခွာဒို)၊ ဖလမ်းစကားနဲ့ “Fanger” (ဖန်ငါရ်) စသဖြင့် ဒေသန္တရ အခေါ်အဝေါ် အမျိုးမျိုး ကွဲပြားမှုတွေ ရှိနေခဲ့တာပါ။ ထို့အတူအခြားချင်းလူမျိုးစုတွေဟာလည်း မတူညီတဲ့ နေ့ရက်တွေနဲ့ ဒေသဘာသာစကားအခေါ်နဲ့ကျင်းပကြပါတယ်။
ဒီအပေါ် ဇိုမီးတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ကိုထန်က ချင်းလူမျိုးတွေမှာ ရှေးယခင်က ပြက္ခဒိန်ဆန်ဆန် နှစ်တွေ ရေတွက်တဲ့ စနစ် မရှိခဲ့ကြပေမဲ့ တောင်ယာခင်းတစ်ခုကို လက်စသတ်ပြီး အသစ်တစ်ခု မစခင် ရာသီစက်ဝန်း အဆုံးနဲ့ အစကြား သတ်မှတ်ကျင်းပကြတဲ့ ဘုံတူညီချက် ဝိသေသ ရှိကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဘုံတူညီချက်တစ်ခုဆီ အတူတကွ ဆွဲခေါ်ချင်တဲ့ ဆန္ဒအမှန် ရှိကြရင် ဒါဟာ ဆွေးနွေးညှိနှိုင်းသင့်တဲ့ အချက်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
သမိုင်းအထောက်အထားတွေအရ ဟားခါးမြို့က မော်ကွန်းထုတ်ဖော်သူ ဦးကိမ်းအင်းမန် ထုတ်ပြန်ခဲ့တဲ့ ၁၉၄၉ ခုနှစ် ချင်းရေးရာကောင်စီ အစည်းအဝေး မူရင်းမှတ်တမ်းမှာ ၁၉၄၉ ခုနှစ်၊ မတ်လ ၁၇ ရက် နံနက် ၁၁ နာရီမှာ ကျင်းပခဲ့တဲ့ ကောင်စီအစည်းအဝေးမှာ ချင်းရေးရာဝန်ကြီး ဦးဝမ်းသူးမောင်း၊ ပါလီမန်အတွင်းဝန် ကပ္ပတိန်မန်တုံးနုံး၊ လက်ထောက်အတွင်းဝန် ဦးဆာဝစ်နဲ့ သဘာပတိ ဦးလျင်ထုမ်းတို့က တရားဌာနရဲ့ အမှာစာကို အခြေခံပြီး တရားဝင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ထဲမှာ ကောက်ပဲသီးနှံ ရိတ်သိမ်းပြီးစီးချိန် စားသောက်ဆင်နွှဲတဲ့ ထုံးတမ်းစဉ်လာအရ နှစ်စဉ် အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ (၃) ရက်ကို “ကွမ်ထာ(ရ်) – Kum Thar” (ခေါ်) ချင်းအမျိုးသားနှစ်သစ်ကူးပွဲနေ့အဖြစ် သတ်မှတ်ကာ ပြည်သူ့ရုံးပိတ်ရက်အဖြစ် အများသဘောတူ တရားဝင် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ရုံးပိတ်ရက်ကို ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီး ဒီမိုကရေစီ အစိုးရကို ဖြုတ်ချခဲ့ချိန်အထိ ချင်းပြည်နယ်မှာ တရားဝင် ခံစားခွင့်ရခဲ့ပေမဲ့၊ ၁၉၆၄ ခုနှစ်ကစပြီး စစ်အစိုးရက သီတင်းကျွတ်ပွဲနဲ့ တွဲဖက်ပေးလိုက်တာကြောင့် သီးသန့် ရုံးပိတ်ရက်အဖြစ်ကနေ ရပ်တန့် ပျောက်ကွယ်သွားခဲ့ရတာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး Burma Research Institute ဥက္ကဋ္ဌ ပူးဇိုတုန်မုန်က “အဓိက အကျဆုံးကတော့ ပူးဝမ်းသူမောင်း ဦးဆောင်ခဲ့တဲ့ ချင်းရေးရာကောင်စီရဲ့ တရားဝင် ဆုံးဖြတ်ချက် (Resolution) ပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အဓိက ကိုးကား အခြေပြုရမှာ ဖြစ်ပါတယ်။
ချင်းရေးရာကောင်စီက ပထမဆုံး အတည်ပြုခဲ့တာဟာ ‘Chin New Year’ (ချင်းနှစ်သစ်ကူး) ဆိုတဲ့ အမည်နာမနဲ့ပဲ ဖြစ်ပါတယ်။ အမေရိကန်မှာဆိုရင် ဖလမ်းဖက်ကသူတွေက ချင်းနှစ်သစ်ကူးလို့ သုံးကြသလို၊ ကျွန်တော်တို့ဘက်ကလည်း ‘ထို’ လို့ မသုံးဘဲ ‘ချင်းနှစ်သစ်ကူး’ လို့ပဲ တစ်စုတစ်စည်းတည်း သုံးကြဖို့ ပြောပါတယ်။ ဇိုမီးတွေကတော့ ‘ခွာဒို’ လို့ သုံးစွဲကြတာပေါ့။ ကျွန်တော်တို့ဆီမှာ ချင်းရေးရာကောင်စီရဲ့ မူရင်း ဆုံးဖြတ်ချက် အထောက်အထား အပြည့်အစုံ ရှိပါတယ်။ ကျွန်တော်တို့ ချင်းယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းရုံတင် မကဘဲ အောက်တိုဘာ ၂၆၊ ၂၇၊ ၂၈ ရက်တွေကို မြန်မာနိုင်ငံမှာ တရားဝင် အစိုးရ ရုံးပိတ်ရက် ပြန်ဖြစ်လာစေဖို့ ပြည်သူလူထုကို တိုက်တွန်းလှုံ့ဆော်တာ ဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။
သို့သော်လည်း လက်ရှိကာလမှာ ချင်းနှစ်သစ်ကူးကို ဒေသအသီးသီးက သီးခြားစီ ကျင်းပနေကြတဲ့အပေါ် အမြင်သဘောထား ကွဲပြားမှုတွေလည်း ရှိနေပါတယ်။ ပူးလိန်းကီးကတော့ မတူညီတဲ့ အမည်နာမ၊ မတူညီတဲ့ အချိန်နဲ့ နေရာတွေမှာ တစ်ယောက်တစ်ပေါက် ကျင်းပနေကြတာဟာ ချင်းတစ်မျိုးသားလုံး ဂုဏ်ယူဝံ့ကြွားစွာ ပိုင်ဆိုင်တဲ့ ပွဲအဆင့် မရောက်သေးဘဲ အပြိုင်လူ့ဘောင် (Parallel society) လက္ခဏာ ပြနေတယ်လို့ ထောက်ပြပါတယ်။ အိမ်နီးချင်း မီဇိုရမ်ပြည်နယ်မှာ မီဇိုတစ်မျိုးသားလုံး အမှတ်သညာအဖြစ် “Chapchar Kut” ပွဲတော်ကို တစ်ပြည်နယ်လုံး ဘုံကျင်းပနိုင်သလိုမျိုး ချင်းတစ်မျိုးသားလုံး အတူတကွ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတစ်ခု ပိုင်ဆိုင်ချင်တယ်လို့ ၎င်းက မှတ်ချက်ပြုပါတယ်။
အရင်က ချင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ခွါဒိုပွဲနဲ့ ကုမ်စီပွဲ (ဧပြီ ၁ ရက်) စသဖြင့် သတ်မှတ်ခဲ့ဖူးပြီး၊ တီးတိန်နဲ့ တွန်းဇန်က ခွါဒိုပွဲတွေဟာ ခေတ်စနစ်နဲ့အညီ ခရစ်ယာန်ဘာသာနဲ့ လိုက်လျောညီထွေ ပြုပြင်ကျင်းပခဲ့လို့ စည်ကားသိုက်မြိုက်ခဲ့သလို မတူပီမြို့နယ်က “စန်ရုမ့်” ပွဲဟာလည်း ခရစ်ယာန်ဘာသာနဲ့ ညှိနှိုင်းကျင်းပနိုင်လို့ စည်ကားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မင်းတပ်မြို့ဖက် ကုမ်စီပွဲမှာတော့ ကြက်ဥဗေဒင်တွက်တာ၊ နွားနောက်ချည်တိုင် စိုက်ထူတာနဲ့ ယာစ်စင်ဆောက်တာလို ရှေးရိုးဓလေ့တွေကို ပြုလုပ်ခဲ့ကြတာကြောင့် ချိုးချင်းခရစ်ယာန်တွေ ဝေးဝေးက ရှောင်ရှားခဲ့ကြပြီး ပွဲမစည်ကားနိုင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်လို့ ပူးလိန်းကီးက ထောက်ပြထားပါတယ်။
တစ်ဖက်မှာလည်း ကာတွန်းအနုပညာရှင် ကာတွန်းလိုင်းလုဏ်ကတော့ မတူညီတဲ့ နေ့ရက်တွေနဲ့ သီးခြားစီ ကျင်းပနေရတာဟာ ပထဝီအနေအထားအရ စိုက်ပျိုးချိန်မတူတဲ့ ရာသီပြက္ခဒိန် (Ecological Calendar) ပေါ် မူတည်နေတာကြောင့် ဖြစ်ပြီး၊ အားလုံးကို တစ်ရက်တည်း တစ်ပုံစံတည်း သတ်မှတ်လိုက်ရင် ဒေသအလိုက် ထူးခြားတဲ့ ပျားဖွတ်တာ၊ ကျောက်တုံးသယ်တာလို ရိုးရာဓလေ့ အသေးစိတ်တွေ ပျောက်ကွယ်သွားနိုင်တယ်လို့ ရှုမြင်ပါတယ်။
အခုလို သီးခြားစီ ကျင်းပတာဟာ အကွဲကွဲအပြားပြား ဖြစ်နေတာ မဟုတ်ဘဲ မိမိတို့ရဲ့ မျိုးနွယ်စုခွဲအလိုက် သီးခြားဝိသေသ (Micro-identity) ကို ထိန်းသိမ်းရင်း ချင်းတစ်မျိုးသားလုံးဆိုင်ရာ ဘုံဝိသေသ (Macro-identity) ကို ခိုင်မာစေတဲ့ “ရောင်စုံပန်းဥယျာဉ်ကြီး” သဖွယ် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပွဲကျင်းပတဲ့ ရည်ရွယ်ချက်ဟာ အခြားသူတွေကို အင်အားပြဖို့၊ ဝါကြွားလွှမ်းမိုးဖို့ မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ခြေ၊ လက်၊ ခေါင်း စတဲ့ အစိတ်အပိုင်းတွေ အားလုံး သန်စွမ်းမှသာ “ချင်း” ဆိုတဲ့ ခန္ဓာကိုယ်ကြီး လမ်းလျှောက်နိုင်မယ့် ကျောရိုး (Backbone) ဖြစ်သင့်တယ်လို့ ၎င်းက တိုက်တွန်းပါတယ်။
ရှေးဘိုးဘွားတွေလက်ထက်ကတည်းက တောင်တန်းဒေသမှာ တစ်ရွာနဲ့တစ်ရွာ တွေ့ဆုံဖို့ ခက်ခဲတာကြောင့် ပွဲတော်တွေဟာ စိုက်ပျိုးရေးနဲ့ ရာသီဥတု အတွေ့အကြုံ ဖလှယ်ကြတဲ့ Forum သဘော၊ Conference သဘော ဆောင်ခဲ့ပြီး၊ လူချင်း အပြင်မှာ တွေ့ဆုံရင်းနှီးကြမှသာ အမုန်းစကားတွေ မပြောတော့ဘဲ အပြန်အလှန် စောင့်ထိန်း အားနာတတ်လာကြမှာ ဖြစ်တယ်လို့ ကာတွန်းလိုင်းလုဏ်က သုံးသပ်ထားပါတယ်။
မျက်မှောက်ခေတ် ချင်းပြည်သူတွေ ကြုံတွေ့နေရတဲ့ စစ်ဒဏ်နဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ချိုးရေဒီယိုအစီအစဥ◌်ရဲ့ တာဝ◌န်ခံတစ်ဥ◌ီးဖြစ်သူ Shane Awm Maung က နှစ်သစ်ကူး ကျင်းပသူတိုင်း ကောင်းတဲ့ ရည်ရွယ်ချက်နဲ့သာ ကျင်းပကြတာဖြစ်ပြီး၊ ခုနှစ်အသစ်ဆီ ကူးပြောင်းချိန်မှာ စိတ်ခွန်အားသစ်၊ စိတ်အားထက်သန်မှုသစ်နဲ့ လုပ်ဆောင်မှုအသစ်တွေ ပါဝင်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် “ဒီကာလဆိုးကြီးထဲမှာ မြန်မာပြည်နဲ့ ချင်းပြည်က ပြည်သူတွေဟာ လူရော စိတ်ရော ပင်ပန်းနွမ်းနယ်နေကြရတာကြောင့် ဒီလိုအခြေအနေမှာ စိတ်ခွန်အားသစ်တွေနဲ့ မျှော်လင့်ချက်အသစ်တွေ ရရှိလာစေဖို့ဆိုတဲ့ သတင်းစကားတစ်ခုခုကို ထင်ဟပ်စေတဲ့ နှစ်သစ်ကူး ဖြစ်စေချင်တယ်” လို့ ၎င်းရဲ့ တစ်ဦးတည်းအမြင်ကို ထုတ်ဖော် ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မေရီလန်း ချင်းနှစ်သစ်ကူးပွဲဆီ တက်ရောက်လာတဲ့ အထူးဧည့်သည်တော် ဒေါ်မြတ်သီတာထွန်းကလည်း စစ်အာဏာရှင်စနစ်နဲ့ စစ်ကော်မရှင်ရဲ့ ထပ်ခါတလဲလဲ အာဏာသိမ်းမှုတွေကြောင့် ဒုက္ခကြုံတွေ့နေရတဲ့ကြားက နွေဦးတော်လှန်ရေးမှာ သတ္တိပြောင်မြောက်စွာ စွန့်လွှတ်ပါဝင်နေကြတဲ့ ချင်းပြည်သူတွေကို အထူး လေးစားဂုဏ်ပြုကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒေါ်မြတ်သီတာထွန်းက “ပထဝီဝင် အနေအထားဟာ လူထုတစ်ရပ်ရဲ့ ကံကြမ္မာကို မဆုံးဖြတ်သင့်ပါဘူး။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ တန်းတူညီမျှတဲ့ အခွင့်အရေးနဲ့ ပညာရေး၊ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာရင် ချင်းပြည်နယ်ဟာ ထူးခြားတဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းရင်း အခုထက် အများကြီး ပိုမိုဖွံ့ဖြိုးလာနိုင်ပါတယ်။ ကျွန်မတို့ရဲ့ မတူကွဲပြားမှုဟာ အားနည်းချက်တစ်ခု မဟုတ်ဘဲ နိုင်ငံရဲ့ အကြီးမားဆုံး အင်အားတွေထဲက တစ်ခု ဖြစ်ပါတယ်” လို့ အလေးထား ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၅ ခုနှစ် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၃ (ဂ) နဲ့ ၄ (ဂ) တို့အရ တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ အခမ်းအနားတွေနဲ့ နေ့ထူးနေ့မြတ်တွေကို လွတ်လပ်စွာ ကျင်းပခွင့်ရှိတယ်လို့ အကာအကွယ် ပေးထားပါတယ်။
မြန်မာ့သုတေသန အင်စတီကျု (BRI – ယခင် မေရီလန်း ချင်းအသင်း CAM) အနေနဲ့ ၂၀၁၉ ခုနှစ်ကတည်းက စတင်ကာ ချင်းနှစ်သစ်ကူးပွဲတော်ကို အမေရိကန်မှာ နှစ်စဉ် ဦးဆောင်ကျင်းပလာခဲ့တာဖြစ်ပြီး၊ ချင်းလူမျိုးတို့ရဲ့ သမိုင်းဝင် ကိုယ်ပိုင်လက္ခဏာဖြစ်တဲ့ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်တာ ကာလကို တရားဝင် အစိုးရ ရုံးပိတ်ရက်အဖြစ် ပြန်လည် အသိအမှတ်ပြုလာစေရေး နိုင်ငံအနှံ့နဲ့ ကမ္ဘာတစ်ဝန်းမှာ ဆက်လက် အားထုတ် ကြိုးပမ်းသွားကြဖို့ တိုက်တွန်းထားပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ချင်းအမျိုးသားနေ့ နဲ့ အပြိုင်သက်တမ်းရှည်ကြာလှပြီဖြစ်တဲ့ ချင်းလူမျိုးများအတွက် သမိုင်းတန်ဖိုးကြီးတဲ့ ချင်းရိုးရာကောက်သစ်စားပွဲ(ချင်းနှစ်သစ်ကူးနေ့ )ကို အခုထက်ထိတိုင် ချင်းမျိုးနွယ်စုအလိုက်က သီးခြားစီကျင်းပဆဲ မျိုးနွယ်စုအလိုက်သီးသန့်စီကောက်သစ်စားဆဲ/ချင်းနှစ်သစ်ကူးဆဲ ဖြစ်ပါတယ်။
ရေရှည်တည်တံ့ပြီး အားကောင်းသန်မာတဲ့ ချင်းလူမျိုးဖြစ်လာဖို့က ချင်းအချင်းချင်းအကြား ဘုံပိုင်ဆိုင်တဲ့ ချင်းဘုံအမှတ်သညာတွေ များများရှိလာဖို့ လိုပါတယ်။
တချိန်မှာ ချင်းမျိုးနွယ်စုတွေအားလုံးပူးပေါင်းပြီး ကောက်သစ်အတူစားဖို့/ချင်းနှစ်သစ်ကို အတူကူးဖို့ မျှော်လင့်နေမိပါတယ်။
ချင်းအချင်းချင်းအကြားမှာ ကောက်သစ်အတူမစားနိုင်စရာ ၊ ချင်းအချင်းချင်း နှစ်သစ်ကို အတူမကြိုနိုင်စရာ ဘာအခက်အခဲမှ မရှိသင့်ပါဘူး။

