Headlines

အိန္ဒိယရဲ့’ဆောင်းရာသီမြို့တော်’ အဖြစ် ရပ်တည်ဖို့ မီဇိုရမ်ပြည်နယ်ဘယ်လိုကြိုးပမ်းနေလဲ?

မြန်မာပြည်က ချင်းလူမျိုးစစ်ဘေးရှောင်လူဦးရေသောင်းချီခိုလှုံရာဖြစ်ကာ ချင်းပြည်နယ်နဲ့နယ်နမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဟာ ပြည်နယ်တွင်း ခရီးသွားလုပ်ငန်း စီးပွားရေးကို တိုးချဲ့ဖို့နဲ့ အိန္ဒိယရဲ့ “ဆောင်းရာသီမြို့တော်” (Winter Capital) အဖြစ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ‘Mizoram Travel Fest 2026’ ခရီးသွားပွဲတော်ကို အောက်တိုဘာ ၁၃ ရက်က အိုက်ဇောလ် (Aizawl) မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါ ပွဲတော်ဟာ ခရီးသွားလုပ်ငန်း ကဏ္ဍစုံက လုပ်ငန်းရှင်တွေ၊ ဧည့်လမ်းညွှန်နဲ့ ခရီးသွားအေဂျင်စီတွေ၊ ဒေသခံအိမ်တွင်းတည်းခိုခန်း (homestay) အသင်းအဖွဲ့တွေနဲ့ ရိုးရာအစားအသောက် ပညာရှင်တွေကို တစ်စုတစ်စည်းတည်း တွေ့ဆုံစေခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ် အစိုးရ ခရီးသွားလုပ်ငန်းဦးစီးဌာနနဲ့ အိန္ဒိယဗဟိုအစိုးရ ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပတဲ့ ဒီ ၃ ရက်တာ ပွဲတော်ဟာ ယဉ်ကျေးမှု၊ စွန့်စားမှုနဲ့ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို မီဇိုရမ်ပြည်နယ် ခရီးသွားလာရေးဝန်ကြီး Lalnghinglova Hmar က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ ခရီးသွားတွေကို ထူးခြားတဲ့ အတွေ့အကြုံသစ်တွေ ပေးစွမ်းနိုင်ဖို့အတွက် ဒေသအစားအစာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဝိသေသတွေကို ဖော်ညွှန်းပြသတဲ့ မီဇိုရိုးရာအစားအသောက် တင်ဆက်မှု အစီအစဉ်တစ်ခုကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။

ဒီပွဲတော်ကို မီဇိုရမ်ပြည်နယ်ဆီ ခရီးသွားဝင်ရောက်မှု သိသိသာသာ မြင့်တက်လာနေတဲ့ အချိန်မှာ ကျင်းပတာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လအထိ ၈ လတာ ကာလအတွင်း မီဇိုရမ်ပြည်နယ်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် ၆ သိန်း ၇ သောင်းကျော် (၆.၇ သိန်းကျော်) အထိ စံချိန်တင် ရောက်ရှိခဲ့ပြီး၊ ဒါဟာ ၂၀၂၅ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၅၁ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်ကြားမှာလည်း ခရီးသွားဝင်ရောက်မှု ၉၇ ရာခိုင်နှုန်းခန့်အထိ တိုးတက်ခဲ့ဖူးပါတယ်။

အထူးသဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ဘိုင်ရာဘီ – ဆိုင်ရန်း (Bairabi–Sairang) မီးရထားလမ်းပိုင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာတာကလည်း ပြည်နယ်ရဲ့ ခရီးသွားကဏ္ဍ အလားအလာကို ပိုမို အားကောင်းစေခဲ့ပါတယ်။

အခမ်းအနားမှာ ဝန်ကြီး Hmar က မိန့်ခွန်းပြောကြားရာမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဟာ ပြည်နယ်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း ဒေသခံပြည်သူတွေအတွက် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေကို ဖန်တီးပေးရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့အတွက် ခရီးသွားလုပ်ငန်းဆိုတာ မီဇိုရမ်ပြည်နယ်ထဲကို ဧည့်သည်တွေ လာရောက်လည်ပတ်အောင် လုပ်တာသက်သက် မဟုတ်ပါဘူး။ မီဇိုရမ်ကို ထူးခြားကောင်းမွန်အောင် ဖန်တီးပေးထားတဲ့ ဒေသခံ ပြည်သူတွေဆီ အကျိုးကျေးဇူးတွေ တိုက်ရိုက်ရောက်ရှိစေဖို့လည်း ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းကနေတစ်ဆင့် ကျွန်တော်တို့ လူထုအတွက် အခွင့်အလမ်းတွေ ပေါ်ထွက်လာစေဖို့၊ အသက်မွေးဝမ်းကျောင်းတွေ ဖြစ်ထွန်းစေဖို့နဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှုအပေါ် ဂုဏ်ယူဝင့်ကြွားလာစေဖို့ ကျွန်တော်တို့ လိုလားပါတယ်” လို့ ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်အနေနဲ့ လာရောက်လည်ပတ်သူတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို နွေးထွေးစွာ ကြိုဆိုပေမဲ့ အဲဒီတိုးတက်မှုဟာ တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုမျိုးသာ ဖြစ်စေချင်တယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရူပီး ၆၈၀ ကုဋေနီးပါးကို ဖော်ဆောင်နိုင်ခဲ့ပြီး၊ အဲဒီထဲမှာ ရူပီး ၆၀၈.၃၈ ကုဋေ ကုန်ကျမယ့် အဓိက စီမံကိန်းကြီး ၁၁ ခု ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းတွေထဲမှာ အထင်ကရ ခရီးသွား အဆောက်အအုံတွေနဲ့ ဆွဲဆောင်မှုနေရာတွေ တည်ဆောက်မယ့် ရူပီး ၂၅၀ ကုဋေတန် စီမံကိန်း၊ ရူပီး ၁၂၇ ကုဋေတန် PM Ekta Mall စျေးဝယ်စင်တာ၊ Thingsulthliah ဒေသက ရူပီး ၉၉.၇၁ ကုဋေတန် ညီလာခံစင်တာနဲ့ Thenzawl–Buangpui ဒေသက ရူပီး ၃၄.၅၀ ကုဋေတန် မိုးပျံကေဘယ်လ်ကား (aerial ropeway) နဲ့ ဆက်စပ် အခြေခံအဆောက်အအုံ စီမံကိန်းတွေ ပါဝင်ပါတယ်။

ပြည်နယ်ရဲ့ ရေရှည် ခရီးသွားလုပ်ငန်း ရည်မှန်းချက်တွေအရ ၂၀၃၀ ပြည့်နှစ်မှာ ခရီးသွားဧည့်သည် ၁၂ သိန်း (၁.၂ သန်း) နဲ့ ၂၀၄၇ ခုနှစ်မှာ ၂၀ သိန်း (၂ သန်း) အထိ ဆွဲဆောင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒါ့အပြင် တည်းခိုနေထိုင်နိုင်မှု စွမ်းရည်ကို တိုးချဲ့သွားမှာဖြစ်သလို ၂၀၄၇ ခုနှစ်အရောက်မှာ လည်ပတ်စရာနေရာပေါင်း ၄၀ ကို ချိတ်ဆက်ပေးမယ့် ယဉ်ကျေးမှု၊ စွန့်စားမှုနဲ့ သဘာဝအခြေပြု (CAN) ခရီးသွားလမ်းကြောင်း ၁၀ ခုကို ဖော်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

သို့သော်လည်း ခရီးသွားတွေအနေနဲ့ ပြည်နယ်တွင်း ပိုမိုကြာရှည်စွာ တည်းခိုနေထိုင်စေဖို့၊ အိုက်ဇောလ်မြို့ပြင်က နေရာဒေသတွေကို သွားရောက်လည်ပတ်စေဖို့နဲ့ ဒေသခံ စီးပွားရေးထဲမှာ ငွေကြေးသုံးစွဲမှု ပိုမိုတိုးတက်လာစေဖို့ စိန်ခေါ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

အိမ်တွင်းတည်းခိုခန်းများ၊ ဒေသခံလုပ်ငန်းများနှင့် ခရီးသွားလမ်းကြောင်းများကို ဦးစားပေးခြင်း

“မီဇိုရမ် ခရီးသွားလုပ်ငန်း၏ အနာဂတ် တည်ဆောက်ခြင်း – ယဉ်ကျေးမှု၊ စွန့်စားမှုနှင့် သဘာဝတရားအတွက် မိတ်ဖက်ဆောင်ရွက်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ပထမနေ့ ညီလာခံမှာ လုပ်ငန်းနယ်ပယ်က ကိုယ်စားလှယ်တွေ စုံညီစွာ တက်ရောက်ပြီး သဘာဝအခြေပြုခရီးသွားလုပ်ငန်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း၊ အိမ်တွင်းတည်းခိုခန်းများ၊ စွန့်စားမှုခရီးစဉ်များ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသတွင်း အမှတ်တံဆိပ် ဖော်ဆောင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ညီလာခံမှာ မီဇိုရမ် ခရီးသွားလုပ်ငန်းရှင်များအသင်း၊ အိန္ဒိယ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ Homestays of India အဖွဲ့၊ မီဇိုရမ် ရိုးရာအစားအသောက်အသင်းနဲ့ နိုင်ငံလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေဟာ မီဇိုရမ်ပြည်နယ်ရဲ့ လည်ပတ်စရာ နေရာတွေကို ပိုမိုကျယ်ပြန့်တဲ့ ခရီးသွားဈေးကွက်တွေနဲ့ ချိတ်ဆက်ပေးဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ ခရီးသွား အေဂျင်စီတွေအနေနဲ့ အိုက်ဇောလ်မြို့ပြင်ကို ကျော်လွန်တဲ့ ခရီးစဉ်တွေကို ရေးဆွဲနိုင်သလို၊ ဒေသခံ အိမ်တွင်းတည်းခိုခန်းတွေနဲ့ စားဖိုမှူးတွေကလည်း ဧည့်သည်တွေကို ဒေသခံတွေရဲ့ နေ့စဉ်ဘဝ၊ အစားအသောက်နဲ့ ဓလေ့စရိုက်တွေကို ပိုမိုနီးကပ်စွာ ထိတွေ့ခံစားခွင့် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဧည့်လမ်းညွှန်တွေ၊ လက်မှုပညာရှင်တွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ကိုင်သူတွေနဲ့ ဒေသခံ လူထုလုပ်ငန်းတွေကလည်း ခရီးသွားတွေရဲ့ အသုံးစရိတ်တွေကို ဒေသခံ အိမ်ထောင်စုတွေဆီ တိုက်ရိုက်ရောက်ရှိစေဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အခု ကျင်းပမယ့် ခရီးသွားလုပ်ငန်း မျက်နှာစုံညီ အစည်းအဝေး (Tourism Conclave) မှာတော့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေနဲ့ ရေရှည်တည်တံ့တဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အကြံပြုချက်တွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တည်းခိုခန်းလုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင်လုပ်ငန်းရှင်တွေနဲ့ အေဂျင်စီတွေအကြား စီးပွားရေးလုပ်ငန်း အချင်းချင်း ချိတ်ဆက်ပူးပေါင်းနိုင်မယ့် B2B (Business-to-Business) ဆွေးနွေးမှုတွေကိုလည်း သီးသန့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြည်နယ်အစိုးရဟာ ကျေးရွာတွေနဲ့ ဒေသခံ လုပ်ငန်းရှင်တွေဆီ ခရီးသွားလုပ်ငန်း အခွင့်အလမ်းတွေ ရောက်ရှိစေဖို့ လူထုပါဝင်မှုကို အဓိက အလေးပေး ဆောင်ရွက်နေပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ ကျေးရွာအခြေပြု ခရီးသွားဖွံ့ဖြိုးရေး အစီအစဉ် (Tourism Adopted Villages Initiative) အရ မဲဆန္ဒနယ် ၄၀ မှာရှိတဲ့ ကျေးရွာ ၄၀ ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် (MLA) တွေက တာဝန်ယူပြီး ခရီးသွားလုပ်ငန်း အခြေပြု ဖွံ့ဖြိုးရေးအတွက် ဖော်ဆောင်ပေးနေပါတယ်။

ဒါ့အပြင် Bana Kaih အိမ်တွင်းတည်းခိုခန်း အထောက်အပံ့ အစီအစဉ်နဲ့ PM-JUGA အစီအစဉ်တွေကတစ်ဆင့် ဒေသခံ အိမ်တွင်းတည်းခိုခန်းပေါင်း ၁၉၉ ခုကို သတ်မှတ်ချက်ပြည့်မီပါက ငွေကျပ် ရူပီး ၅ သိန်းအထိ ထောက်ပံ့ပေးနေပါတယ်။ အဲဒီ Bana Kaih အစီအစဉ်အရ သတ်မှတ်ချက်ပြည့်မီတဲ့ ခရီးသွားလုပ်ငန်းရှင်တွေကို အတိုးမဲ့၊ အပေါင်ပစ္စည်းမဲ့ ချေးငွေ ရူပီး သိန်း ၂၀ အထိ ထုတ်ချေးပေးထားပါတယ်။

လက်ရှိမှာ မီဇိုရမ်ပြည်နယ်အတွင်း တရားဝင် မှတ်ပုံတင်ထားတဲ့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင် ၁,၅၄၂ ဦး ရှိနေပြီး၊ ဒေသခံလူငယ် ၁၂၄ ဦးကိုလည်း ခရီးသွားဧည့်လမ်းညွှန်အဖြစ် လေ့ကျင့်သင်ကြားပေးထားပြီး ဖြစ်ပါတယ်။

တာဝန်ယူမှုရှိတဲ့ ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာရေးကိုလည်း အဓိက ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး၊ ကလေးသူငယ်များအတွက် ဘေးကင်းလုံခြုံတဲ့ ခရီးသွားလုပ်ငန်း ဖြစ်စေဖို့ မီဇိုရမ်ပြည်နယ် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မရှင်၊ ဗဟိုလူငယ်မီဇိုအသင်း (CYMA) နဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းကာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မီဇိုရမ်၏ ‘ဆောင်းရာသီမြို့တော်’ မျှော်မှန်းချက်

ဒီပွဲတော်ရဲ့ အဓိက ရည်မှန်းချက်တစ်ခုကတော့ ထင်ရှားတဲ့ ဆောင်းရာသီပွဲတော် (Winter Festival) နဲ့ ရာသီအလိုက် အစီအစဉ်တွေကို ဖော်ဆောင်ပြီး မီဇိုရမ်ကို အိန္ဒိယရဲ့ “ဆောင်းရာသီမြို့တော်” အဖြစ် နေရာယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။

လျာထားတဲ့ လှုပ်ရှားမှုတွေထဲမှာ ဂီတနဲ့ ယဉ်ကျေးမှု ဖျော်ဖြေပွဲတွေ၊ အစားအသောက်နဲ့ လက်မှုပညာ ပြပွဲတွေ၊ ပန်းပြပွဲတွေ၊ စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း၊ အားကစားနဲ့ စွန့်စားမှု လှုပ်ရှားမှုတွေအပြင် ကျေးရွာအလိုက် အထိမ်းအမှတ် ပွဲတော်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ပြည်နယ်ရဲ့ ဆောင်းရာသီ ခရီးသွားကဏ္ဍ အစိတ်အပိုင်းအဖြစ် ဒေသတွင်း ခရစ်စမတ် ဓလေ့ထုံးတမ်းတွေဖြစ်တဲ့ ရပ်ရွာစုပေါင်း ဧည့်ခံကျွေးမွေးပွဲတွေ၊ ဓမ္မတေးသံစုံကျူးအဖွဲ့တွေ၊ လှည့်လည်သီဆိုမှုတွေ၊ စီတန်းလှည့်လည်ပွဲတွေနဲ့ မီးရောင်စုံ ထွန်းညှိထားတဲ့ မြို့ရွာတွေနဲ့ ဘုရားကျောင်းတွေကိုပါ ပြသသွားဖို့ စီစဉ်ကြပါတယ်။

မကြာခင်ပြုလုပ်မယ့်ပွဲတော်တွေအဖြစ် Lunglei မြို့မှာ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပမယ့် Leitlangpui ဂီတပွဲတော်နဲ့ အိုက်ဇောလ်မြို့မှာ ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၃ ရက်အထိ ကျင်းပမယ့် ဆောင်းရာသီပွဲတော် (Winter Festival) တို့ ပါဝင်ပါတယ်။ ဒါ့အပြင် Champhai မြို့မှာ အောက်တိုဘာ ၁၆ ရက်အထိ ကျင်းပနေတဲ့ Hnahsin Kut (ခေါ်) Cosmos ပန်းပွဲတော်ကိုလည်း အခု ခရီးသွားပွဲတော်အတွင်း မီးမောင်းထိုး ပြသလျက် ရှိပါတယ်။

အဆိုပါ ဆောင်းရာသီပွဲတော်မှာ ပြည်နယ်အစိုးရ ဌာနအားလုံးက ဘုံပလက်ဖောင်းတစ်ခုအောက်မှာ စုစည်းပြီး သက်ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းတွေကို ပွဲတော်အစီအစဉ်ထဲမှာ ထည့်သွင်း ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။

ပွဲတော်တွေကို ခရီးသွားနေရာတွေ၊ တည်းခိုခန်းတွေနဲ့ ဒေသခံ စီးပွားရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပေးခြင်းအားဖြင့် ခရီးသွားတွေ ပိုမိုကြာရှည်စွာ နေထိုင်လာစေဖို့၊ တစ်နှစ်ပတ်လုံး ခရီးသွားလှုပ်ရှားမှုတွေ ရှိနေစေဖို့နဲ့ စီးပွားရေး အခွင့်အလမ်းတွေကို မြို့ကြီးတွေ အပြင်ဘက်အထိ ပျံ့နှံ့ရောက်ရှိစေဖို့ မီဇိုရမ်ပြည်နယ်က ဦးတည်ထားပါတယ်။

သုံးရက်ကြာ ကျင်းပမယ့် Mizoram Travel Fest 2026 ဟာ အစိုးရဌာနတွေ၊ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ဒေသခံလူထုကြား ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး၊ ယဉ်ကျေးမှု၊ စွန့်စားမှုနဲ့ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းတွေကတစ်ဆင့် သဘာဝရှုခင်းတွေနဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းရင်း ဒေသတွင်း ခရီးသွားစီးပွားရေးကို တိုးချဲ့သွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *