
( Salai Okla Bik)
ကြာတော့ကြာလှလေပြီ။ သို့သော်ငယ်ဘဝမှာတွေ့ရမြင်ရသည်မို့ ကောင်းစွာမှတ်မိနေသေးသည်။ ၁၉၇၅ခုနစ် ဧပြီလ၊ မတူပီမြို့ စန်ဘောင်ရပ်ကွက် မင်းတပ်လမ်းဆုံတစ်နေရာ ညနေစောင်းပြီ။ ထိုစဥ်ကဟားခါး – မတူပီကားလမ်းသစ်ဖွင့်ပွဲ ကျင်းပခဲ့ကြသည်။ လူထုပရိသတ်ကြီးက ထောင်းသောင်းမကရှိနေမည်၊ ရေကန်ထဲက ငါးကလေးလိုဘဲ။ မကြာမီလူကြီးတွေရောက်ကြတော့မယ် ဝန်ကြီးနှင့်အဖွဲ့ လာကြတော့မယ်ဆိုလို့ ကျနော်တို့လူငယ်အချို့ကတော့တွေ့လိုမြင်လိုစိတ်ဆန္ဒနဲ့ သစ်ပင်ပေါ်တက်ကြသည်။ စန်ဘောင်ရပ်ကွက်ဥက္ကဌဦးဘီခေါက သစ်ပင်ပေါ်မတက်ကြနဲ့ ဆင်းဆင်း မဆင်းရင်ဆိုပြီးတုတ်တံနှင့်ခြိမ်းခြောက်ကြသည်။ပြည်နယ်မြို့နယ်အဆင့်လူကြီးတွေနဲ့တစ်ကွ လူထုပရိသတ်ကြီးကလမ်းဘေးဝဲယာ တန်းစီကြကာနေရာယူထားကြသည်။ မကြာမီ ကားပေါ်ကနေဆင်းလာသည့် လူမှုဝန်ထမ်းဝန်ကြီး ဗိုလ်မှူးကြီးဗန်ကူးလ်က ရှေ့ဆုံးကထွက်လာရာ ဗိုလ်ကြီးအောင်ဆန်းသူရိယတိုက်ချွန်းက ပထမအလေးပြုပြီး သူကလည်းတည်ငြိမ်စွာပြန်အလေးပြုခဲ့သည်။ ကျွန်တော့်အနေဖြင့်ကလေးအမြင် အတွေးနဲ့ဘာမှမသိနားမလည် အထူးအဆန်နဲ့မြင်တွေ့ပြီး ကြည်ညိုလေးစားအံ့သြခြင်းမှတစ်ပါးအခြားမရှိတော့ချေ။ အရင်လိုဘဝမျိုးနေချင်တယ် အလွမ်းတေးပမာ နှစ်နဲ့ချီကြာညောင်းခဲ့ပေမယ့် သတိရတမ်းတ မမေ့နိုင်လို့ ယနေ့တက်လူငယ်များကလည်းသိရှိမှတ်သားကြဖို့ ဤသည်ဆောင်းပါးရှည်ကို လက်လှမ်းမီသမျှ လေ့လာပြုစုလျက် ရေးသားတင်ဆက်ခဲ့ရခြင်းဖြစ်သည်။
သူ့ကို ၁၉၂၅ခုနစ် အောက်တိုဘာလတစ်ရက်နေ့တွင် ချင်းပြည်နယ် ထန်တလန်မြို့နယ် တီးခွါန်တုမ်းကျေးရွာ၌ ရွာသူကြီးဦးတိုင်ထီယိုးနှင့်ဒေါ်ဆွန်ဒိမ်တို့ကဖွားမြင်ခဲ့သည်။ ၁၉၃၄ခုနစ်တွင် တလန်ပီးရွာ၌ဆရာကော်ကောထံ စတင်ပညာသင်ယူခဲ့သည်။ စကောလားရှစ်ရရှိသဖြင့် ဖလမ်း၌ဆက်လက်ပညာသင်ကြားခဲ့သည်။ သတ္တမတန်းအောင်သည့်ခုနစ် ၁၉၄၂ခုနစ်ဇူလိုင်လမှစတင်ကာ ဒုတိယကမ္ဘာစစ်ကြီးကြောင့် ကျောင်းတော်ကြီးပိတ်ထားခဲ့သဖြင့် ရွာသို့ပြန်ကာမိဘနှစ်ပါး အလုပ်ကူညီခဲ့သည်။
၁၉၄၂ခုနစ်နိုဝင်ဘာလတွင် မေဂျာဒေးဗစ်ဆင်၏စည်းရုံးမှုဖြင့် သူ့ရွာ၌ချင်းလဲဗီးတပ်ထဲဝင်ရောက်ခဲ့ပြီး ဂျမဒါရာထူးချက်ချင်းတိုးမြှင့်ခဲ့သည်။ ထိုစဥ်ကဟားခါးနယ်တွင် လဲဗီးတပ်ကိုဦးရာလ်မှုန်း၊ ဗိုလ်ဇာဟူး(ဇိုခွါ)နှင်သူတို့ကသာ ဦးဆောင်ခဲ့ကြသည်။ အဆိုပါလဲဗီးတပ်တို့သည် ဟားခါး၊ဇိုခွါ၊ လုံငိုနယ်တစ်လွှားရပ်ရွာလုံခြုံရေးတာဝန်ထမ်းဆောင်ရင်း ဖလမ်း၊ ကလေး၊ဂန်ဂေါ၊ မြိုင်၊ ပုံတောင်ပုံညာအထိတိုင်ဖက်ဆစ်ဂျပန်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ ဖလမ်းနယ် ရူလ်ဘူး၊တျဒိုင်တစ်ဝိုက်တိုက်ပွဲ၌အနိုင်ရရှိသဖြင့် နယ်ချဲ့အစိုးရကဘီဂျီအဲမ်ဘွဲ့တံဆိပ်ကို ၂၈- ၆- ၁၉၄၅ခုနစ်တွင် လန်ဒန်ပြန်တမ်းထုတ်ပြန်ပြီး ချီးမြှင့်ခဲ့သည်။ ထို့အပြင်ချောင်းဝရွာတိုက်ပွဲ၌လည်း ဘီဂျီအဲမ်ဘွဲ့တံဆိပ်ကို ၇- ၁- ၁၉၄၆ခုနစ်တွင်ထပ်မံချီးမြှင့်ခဲ့သည်။
၁၉၄၅ခုနစ် ဖေဖော်ဝါရီလတွင် ဟားခါးပြန်လည်ရောက်ရှိခဲ့ပြီး မကြာမီလဲဗီးတပ်ဖျက်သိမ်းကာ ဖလမ်းမြို့၌ ထိုနစ်ဧပြီလအတွင်း အသစ်ဖွဲ့စည်းသောချင်းသနက (၁)၌ ထပ်မံဝင်ရောက်ခဲ့သည်။ ၁၅- ၁၂- ၁၉၄၅ခုနစ်တွင်ဒုဗိုလ် ခန့်အပ်ခဲ့သည်။ ဤနှစ်အတွင်းအိန္ဒိယနိုင်ငံကရာချိမြို့၌ ထောက်လှမ်းရေးသင်တန်းတက်ခဲ့သည်။ ၁၉၄၆ခုနစ်တွင်ဗိုလ်ရာထူး တိုးမြှင့်ခဲ့သည်။ ဤနှစ်တွင်ဗမာ့တပ်မတော်ပညာရေးကျောင်း တက်ရောက်ခဲ့ပြီး (က) အဆင့်ဖြင့်အောင်မြင်ခဲ့သည်။ ၁၉၄၇ခုနစ်တွင် ဗိုလ်ကြီးတပ်ခွဲမှူးရာထူးထပ်မံတိုးမြှင့်ခဲ့ပြီး ရခိုင်ရိုးမ၊ စစ်တွေသို့ပြောင်းရွှေ့ကာ အစိုးရကိုပုန်ကန်သည့် သောင်းကျန်းသူများ တိုက်ထုတ်ရာ၌ပါဝင်ခဲ့သည်။ နှစ်ကုန်ပိုင်းတွင် လေကြောင်း၊ ရေကြောင်းဖြင့်ရန်ကုန်သို့ ချင်းသနက (၁) နှင့်အတူပြောင်းရွှေ့ကြကာ ရန်ကုန်၊ပဲခူး၊ ဟံသာဝတီ၊တွံတေး၊ သန်လျင်တစ်ဝိုက် သောင်းကျန်းသူများနှိမ်နင်းခဲ့ကြသည်။ ၁၉၄၈ခုနစ် ဇန်နဝါရီလ (၄)ရက် နယ်ချဲ့အဂ်လိပ်တို့ထံမှ လုံးဝလွတ်လပ်ရေးပြန်လည်ရရှိသည့် အောင်ပွဲသဘင်၌လည်း ဂုဏ်ပြုတပ်ဖွဲ့၌ပါဝင်ခဲ့သည်။
လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံသည် ပြည်တွင်းဆူပူသောင်းကျန်းမှုနှင့်ရင်ဆိုင်ခဲ့သည်။ ကေအင်ဒီအိုတို့ကဖဆပလအစိုးရကို ပုန်ကန်လေသည်။ ချင်းသနက (၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဟရန်ထီယိုသည် ချင်းစစ်အရာရှိများအား ရန်ကုန်မြို့ စစ်ရုံးတွင် အရေးပေါ်အစည်းအဝေးခေါ်ယူပြီး နောက်ဆုံးတွင်သောင်းကျန်းသူများနှိမ်နင်းရန် ဆွေးနွေးခဲ့ကြသည်။ အင်းစိန်တိုက်ပွဲသည် ၁၉၄၉ခုနစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စတင်ပြီး မေလ ၂၂ရက်နေ့တွင် ပြန်လည်သိမ်းယူခဲ့ကြသည်။ စော်ဘွားကြီးကုန်း၊ ဦးစက္ကိန်ကျောင်း၊ မင်းဓမ္မကုန်း၊ စောဘင်ဆင်ခြံ၊ ဦးသော်ပန်းကန်စက်၊ ဂျမားခြံ စသည်တို့သည်အဓိက တိုက်ပွဲနေရာများဖြစ်သည်။ ဤတိုက်ပွဲ၌ ချင်းစစ်သားများသုံးရာကျော် နိုင်ငံတော်အတွက်အသက်ပေးဆက် ခဲ့ကြသည်။ ဗိုလ်ကြီးတိုက်ချွန်းသည် သူရသတ္တိဆိုင်ရာ အမြင့်မားဆုံး အောင်ဆန်းသူရိယဘွဲ့တံဆိပ် ဆွတ်ခူးရရှိခဲ့သည်။ ဒုဗိုလ်ဆာသွနအား သီဟသူရဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့သည်။ အင်းစိန်တိုက်ပွဲသည်မြန်မာ့သမိုင်းတွင် အရှည်ကြာဆုံးနှင့် အကြိတ်အနယ်အရှိဆုံး မြို့ပြတိုက်ပွဲတစ်ခုပင်ဖြစ်သည်။
ကေအင်ဒီအိုတို့သည် အင်းစိန်မြို့ကိုလက်လွှတ်ခဲ့ရသော်လည်း ထန်းတပင်၌ထပ်မံတပ်စွဲခဲ့ကြသည်။ အထက်မှအမိန့်ပေးချက်အရ သောင်းကျန်းသူများတိုက်ထုတ်ရန် တပ်ရင်းမှူးဒုဗိုလ်မှူးကြီး ဟရန်ထီယိုသည် လှပဒါးမရောက်ခင် ညောင်ကုန်းအရပ်၌ ချုံခိုတိုက်ခိုက်ခံရကာ ၁၉၄၉ခုနစ် သြဂုတ်လ (၆) ရက်နေ့တွင် ပြင်းထန်စွာဒဏ်ရာရရှိလျက် မဂ်လာဒုံစစ်ဆေးရုံတွင် သြဂုတ်လ (၈) ရက်နေ့၌ သူရဲကောင်းများလားရာ အာဇာနည်ဗိမာန်၌ စံမြန်းခဲ့လေသည်။ ထို့နောက်တပ်ရင်းမှူးတာဝန်ကို သူကခေတ္တထမ်းဆောင်ခဲ့သည်။ အထက်အမိန့်အရ မှော်ဘီ၊ ထန်းတပင်မြို့ကို ပြန်လည်သိမ်းယူရန် လှိုင်မြစ်ကြောင်း၊ ကုန်းကြောင်းဖြင့်လည်း ချီတက်ဝိုင်းရံကြပြီး ရန်သူလက်ထဲမှပြန်လည် သိမ်းယူခဲ့ကြသည်။ ဇေယျဝတီမြို့ကိုလည်း ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။ ၁၉၅၀ပြည့်နှစ် ဇွန်လတွင် ဒတိယဗိုလ်မှူးကြီးရာထူးထပ်မံတိုးမြှင့်ခဲ့ပြီး ချင်းသနက (၄) ကလေးမြို့သို့ပြောင်းရွှေ့ခဲ့သည်။ မကြာမီပခုက္ကူသို့ ပြောင်းရွှေ့ခဲ့ပြီး ထိုစဥ်ကကွန်မြူနစ်တို့နှင့် မြိုင်၊ ပေါက်စသည့်ယောနယ်တစ်လွှား တိုက်ပွဲဝင်လျက်ရှိသည်။
၁၉၅၂ခုနစ်တွင် ရှမ်းပြည်နယ်လားရှိုးသို့ထပ်မံပြောင်းရွှေ့ခဲ့သည်။ ဝနယ်တစ်ခုလုံး လုံခြုံရေးတာဝန်ယူသည်။ ၁၉၅၁ခုနစ်တွင် မြန်မာ့စစ်ဦးစီးအရာရှိကောလိပ်ဆင်းခဲ့သည်။ ၁၉၅၃ ခုနစ်တွင်လားရှိုး၌ဟိုက်စကူးဖိုင်နယ်ဖြေဆို အောင်မြင်ခဲ့သည်။ ၁၉၅၆ ခုနစ်တွင် ဗမာ့သနက (၁) ကျိုင်းတုံသို့ပြောင်းရွှေ့ခဲ့သည်။ ကျိုင်းတုံ၊ တာချီလိတ်၊တြိဂံနယ်မြေတို့တွင် ထိုစဥ်ကကူမင်တန်တပ်များ တပ်စွဲခဲ့ကြသည်။ ဝမ်တွန်ရွာ၌ တိုက်ပွဲဖြစ်ပွားရာ အောင်ပွဲခံကြသည်။ ထိုစဥ်ကသူသည် အမှတ် (၉) ယာယီတပ်မဟာမှူး အဖြစ်ထမ်းဆောင်ခဲ့သည်။ တပ်တွင်းမိသားစုဘဝသာယာရေး ဆောင်ရွက်ပေးသဖြင့်နိုင်ငံတော်က ဇေယျကျော်ထင်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့သည်။
၁၉၅၉ခုနစ်တွင် အမှတ်(၁၁) ညောင်လေးပင်၌ ပြောင်းခဲ့သည်။ ရောင်စုံသူပုန်များနှိမ်နင်းရာ၌ ပါဝင်ခဲ့သည်။ ၁၉၆၀ပြည့်နှစ်တွင် နတခဒုတိုင်းမှူးအဖြစ် ပုသိမ်သို့ပြောင်းခဲ့သည်။ ၁၉၆၂ ခုနှစ်တွင်ဗိုလ်မှူးကြီးရာထူးထပ်မံတိုးမြှင့်ခဲ့ပြီး နမခဒုတိုင်းမှူးအဖြစ်မန္တလေးသို့ပြောင်းခဲ့သည်။ ၁၉၆၂ခုနစ်မတ်လ ၂ရက်တော်လှန်ရေးကောင်စီတက်လာပြီးနောက် မန္တလေး၊မကွေး၊ စစ်ကိုင်းနှင့်ကချင်ပြည်နယ် လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မီတီ ဥက္ကဌ၊ ကချင်ဦးစီးအဖွဲ့ဝင် အဖြစ်လည်းပူးတွဲ ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ခုနစ်တွင် အမှတ် (၇) တပ်မဟာမှူးအဖြစ်မြစ်ကြီးနားသို့ ပြောင်းရွှေ့ခဲ့ပြီး၊ ၁၉၆၅ ခုနစ်တွင်မန္တလေးသို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။
၁၉၇၁ ခုနစ်တွင်ရတခဒုတိုင်းမှူးအဖြစ် မော်လမြိုင်သို့ပြောင်းခဲ့သည်။ ၁၉၇၂ခုနစ်ဧပြီလ ၂၀ရက်နေ့တွင်စစ်တပ်မှအနားယူခဲ့ပြီး လူမှုဝန်ထမ်းဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ထိုစဥ်ကလူမှုဝန်ထမ်းဝန်ကြီးကား ဗိုလ်မှူးချုပ်သောင်းဒန်ဖြစ်သည်။ သူသည်စစ်သားဘဝဖြင့် မဟာရန်ကြီးအောင်၊ မဲခေါင်၊ အောင်မြေ၊ ရွှေတောင်ကြီး စစ်ဆင်ရေးအစအဆုံးထိတိုင်ပါဝင်ခဲ့သည်။ ထို့ပြင် ဂန္ဓမာ၊ ခါတော်မီ၊ မမ၊ အောင်မေတ္တာစသည့်စစ်ဆင်ရေး၌လည်း ပါဝင်ခဲ့သည်။ ၁၉၇၄ – ၈၈ခုနစ်အထိသက်တမ်းလေးကြိမ် ဟားခါးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၁၉၇၄ – ၇၈ခုနစ်အထိ လူမှုဝန်ထမ်းဝန်ကြီး၊၁၉၇၈ – ၈၈ခုနစ်အထိ နိုင်ငံတော်ကောင်စီဝင်၊ ၁၉၇၁ – ၈၈ ခုနစ်အထိပါတီဗဟိုကော်မီတီဝင် စသဖြင့်ဆက်လက်ထမ်းဆောင်ခဲ့သည်။
နမခဒုတိုင်းမှူးအဖြစ်ထမ်းဆောင်ခဲ့စဥ် ချင်းရေးရာကောင်စီလက်ထက်၌ ဖလမ်းအထကအတွက်ဘတ်ဂျက်ငွေချပြီးသားဖြစ်သော်လည်း အကောင်အထည်မဖော်သေးသဖြင့် တိုင်းမှူးဗိုလ်မှူးကြီးလွန်းတင်နှင့်အတူ ဖလမ်းမြို့သို့ကွင်းဆင်းကာ ၁၉၆၃ခုနစ်တွင်ဆရာကြီအီးဗန်ကြီး ဦးဆောင်မှုဖြင့်အသစ်ဆောက်လုပ်ခဲ့သည်။ အစိုးရထောက်ပံငွေ ၅၆ ၆၆၂၈ ရရှိခဲ့သည်။ ဖလမ်းပြည်သူ့ဆေးရုံကြီးကိုလည်း ဒေါက်တာရောဘတ်နီခွဲမှ ဒီဇိုင်းပုံစံသစ်ရေးဆွဲစေပြီး ၁၉၆၇ခုနစ်တွင်အသစ်ဆောက်လုပ်ခဲ့သည်။ အစိုးရထောက်ပံ့ငွေ ၁၄ ၈၉၂၅၀ ရရှိခဲ့သည်။ ဤသည်ကားသူ၏မေတ္တာ စေတနာရောင်ပြန်ဟပ်ခြင်းတစ်ပါးပင်ဖြစ်သည်။
တော်လှန်ရေးကောင်စီသည် ၁၉၆၂ခုနစ်မတ်လ (၂) ရက်နေ့တွင် ချင်းဦးစီးအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌကြီးဗိုလ်ချုပ်ကြီးနေဝင်းက ကိုယ့်ပြည်နယ်အသီးသီးပြန်သွားကြ၊ ဒေသဖွံ့ဖြိုးရေးလည်းလုပ်ဆောင်ကြ၊ ရန်ကုန်မြို့တော်၌ရုံးမစိုက်ကြဖို့ လမ်းညွှန်မိန့်ကြားခဲ့ပါသည်။ အချို့ကားလူကြီးမိန့်ကြားချက်အရ မိမိပြည်နယ်၊ မြို့တော်၌သာရုံးစိုက်ခဲ့ကြပေသည်။ သို့သော်ချင်းဦးစီးအဖွဲ့အနေဖြင့် ချင်းတောင်၌ဘာမျှမရှိသေး၊ ဖလမ်း၌လည်းအိမ်ရာတွေမရှိသေး၊ ဆောက်လုပ်ဖို့လည်း ရုံးနေရာမရှိစသဖြင့်အကြောင်းပြလျက် ရန်ကုန်မြို့၌ခဏရုံးစိုက်ရာမှ ၁၉၆၂ခုနစ်သြဂုတ်လတွင်ကလေးမြို့ ဝေဘူလရိပ်သာ၌သာ ရုံးသစ်ဖွင့်လှစ်ခဲ့ကြသည်။ ဤမြို့၌ချင်းဦးစီးရုံးစိုက်ရန် နှုတ်အားဖြင့်ပြောဆိုခြင်း မရှိသော်လည်းရုံးဌာန၊ ဝန်ထမ်းအိမ်ရာအသစ်ဆောက်လုပ်ရန် အထက်သို့တင်ပြတောင်းလျှောက်ခဲ့သည်။ ချင်းဝိသေသတိုင်း မြို့တော် ဖလမ်းမှလူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနကိုလည်း ကလေးမြို့သို့ ပြောင်းရွှေ့စေခဲ့သည်။
သူကနမခဒုတိုင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း သတင်းကြားသိသောအခါ ချင်းဦးစီးအဖွဲ့တွေက စိတ်ဇဝေဇဝါဖြစ်နေကြသည်။ သူ့အနေဖြင့်ချင်းတောင်သို့မပြောင်းရွှေ့ပါက သဘောတူမည်မဟုတ်ကြောင်း၊ အတင်းပြောင်ရွှေ့စေမှာဘဲဟု တီးတိုးပြောဆိုနေကြသည်။ သူကိုယ်တိုင်ကလေးမြို့ ချင်းဦးစီးရုံးသို့သွားရောက်ပြီး ဤမြို့၌ချင်းဦးစီးရုံးစိုက်ချင်ကြပေမဲ့ ဗမာတွေကကော သဘောတူကြမလား၊ အမှတ် (၂) စတော့ဂိတ်၌လည်းပြောင်းထားဖို့ ပြောနေကြတယ်၊ မြေစာရင်းရုံးသွားကြည့်ကြပါ။ မြို့တော်ဖြစ်လာဖို့အတွက်သင့်တော်ပါ့မလားစသဖြင့် လမ်းညွှန်မိန့်ကြားပေးခဲ့သည်။
၁၉၆၄ နှစ်ဆန်းပိုင်း၌ တိုင်းခွဲ (၃) ပါတီစည်းရုံးရေးမှူးဒုဗိုလ်မှူးကြီး စောမြသိန်းနှင်အတူ ဟားခါးသို့ ရောက်ရှိခဲ့ကြသည်။ ကွင်းဆင်းလေ့လာကြရာ လူကြီးကလူနေဖို့မသင့်တော်၊ တောတိရိစ္ဆန်တွေရဲ့ စားကျက်မြေဘဲဟု ထွက်ဆိုသဖြင့် သူ့အနေဖြင့်စိတ်ဝမ်းမသာဖြစ်နေသည်။ မကြာမီတိုင်းမှူး ဗိုလ်မှူးကြီးလွန်းတင်နဲ့အတူ ကလေးမြို့သို့ရောက်ရှိပြီး ချင်းဦးစီးရုံး၌အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့သည်။ ဦးဆွန်ခိုလျန် (ချင်းဦးစီးဥက္ကဌ) ၊ ဦးပွတ်ပေါ၊ ဦးတင်ဇမ်၊ ဦးဝမ်သူးဟာရှိန် (အဖွဲ့ဝင်) တိုင်းမှူးဗိုလ်မှူးကြီးလွန်းတင်၊ အတွင်းဝန် ဦးအာရ်တွန်မှုန်း၊ ရုံးအဖွဲ့အနေဖြင့် ဦးနီအုပ်၊ ဦးငွန်တိုး၊ ဦးဘတုတ်၊ လေ့လာသူအဖြစ် ဒုတိုင်းမှူးဗိုလ်မှူးကြီးဗန်ကူးလ်၊ ပါတီစည်းရုံးရေးမှူး ဒုဗိုလ်မှူးကြီးစောမြသိန်းတို့ပါဝင်တက်ရောက်ခဲ့ကြသည်။

