
အောက်တိုဘာလ ၁၁ ရက်။
မနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ၊ မနက်ပိုင်း (၇) နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၊ အမှတ် (၆) ရပ်ကွက် ၊ မင်းဓမ္မလမ်း ၊ MCC ခန်းမရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မကျိန်လန်းကိန် ၃၄ နှစ် အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။
မနေ့ မနက်ပိုင်းက ကျား (၁) ဦး၊ မ (၄) ဦး စီးနင်းလာတဲ့ မော်တော်ယာဉ်ဟာ ဓာတ်တိုင်ကို မတော်တဆ တိုက်မိခဲ့ပြီး ကျား (၁) ၊ မ (၂) ဦး သေဆုံးခဲ့ပြီး ကျန်တဲ့ မ (၂) ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဆွေမျိုးနီးစပ်သူတစ်ဦးက “သူတို့က ဂေါက်ရိုက်ဖို့ ဂေါက်ကွင်းသွားတဲ့လမ်းမှာ ဓာတ်တိုင်ကို သူတို့စီးလာတဲ့ကားနဲ့ တိုးမိပြီးတော့ ကျား ၁ ဦးနဲ့ မ ၂ ဦးသေဆုံးသွားတယ် သေတဲ့အထဲမှာ တီးတိန်မြို့နယ်က မကျိန်လန်းကိန် ( Lia Cing Lian Kim) သေဆုံးသွားတယ်။ အလောင်းကိုတော့ အင်းစိန်မူခင်းဆေးရုံကနေ မနေ့ညမှာ သူ့မိဘတွေ ဇိုမီးနာရေးကူညီမှုအသင်းကတာဝန်ခံက ထုတ်ယူပြီးတော့ ရေဝေးကိုပို့ထားတယ် သဂြိုလ်တာကိုတော့ မနက်ဖြန်မှာ သဂြိုလ်သွားမယ်လို့ သိရတယ်” လို့ပြောပါတယ်။
သေဆုံးသူတွေထဲ ပါဝင်တဲ့ မကျိန်လန်းကိန် ဟာ တီးတိန်မြို့နယ် ၊ လိုင်လွီး (Lailui) ကျေးရွာဇာတိကဖြစ်ပြီး MTV တချို့မှာလည်း သရုပ်ဆောင်ခဲ့ဖူးသူဖြစ်တယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။

