Headlines

ဒိန်းမတ်နိုင်ငံမှာ မြန်မာစစ်အုပ်စုကို ချင်းအမျိုးသမီး တရားစွဲ

အောက်တိုဘာ ၂၆ ရက်။

ဒိန်းမတ်နိုင်ငံက မကြာသေးမီက စတင် အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုဆိုင်ရာ ဥပဒေသစ်ကို အသုံးပြုပြီး လက်ရှိသမ္မတ စစ်ကော်မရှင်ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ ဒိန်းမတ်တရားရုံးမှာ ချင်းတိုင်းရင်းသူတစ်ဦးက ပထမဆုံးအကြိမ် ရာဇဝတ်မှုကြောင်းအရ အမှုဖွင့် တိုင်ကြားလိုက်ပါတယ်။

ဒီလို အမှုဖွင့် တရားစွဲဆိုနိုင်တာဟာ ဒိန်းမတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကမှ စတင်အသက်ဝင်လာခဲ့တဲ့ ဥပဒေသစ်ကြောင့် ဖြစ်ပြီး၊ အဆိုပါ ဥပဒေအရ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေကို ဒိန်းမတ်အာဏာပိုင်တွေဘက်က တိုက်ရိုက် စုံစမ်းစစ်ဆေး တရားစွဲဆိုနိုင်တဲ့ လမ်းကြောင်း ပွင့်သွားတာ ဖြစ်ပါတယ်။

ကိုပင်ဟေဂင်အခြေစိုက် ရှေ့နေ Eddie Omar Rosenberg Khawaja က “ဒိန်းမတ်ရဲ့ ဥပဒေသစ်အရ ပြစ်မှုတွေဟာ ဘယ်နေရာမှာပဲ ဖြစ်ပွားခဲ့ပါစေ၊ ကျူးလွန်သူနဲ့ ထိခိုက်ခံရသူတွေရဲ့ နိုင်ငံသားဖြစ်မှုအပေါ် မူတည်စရာ မလိုတော့ပါဘူး။ ဒိန်းမတ်နိုင်ငံထဲမှာ နေထိုင်နေတဲ့ ပြစ်မှုခံရသူတွေအနေနဲ့ မိမိတို့အပေါ် ကျူးလွန်ခဲ့တဲ့ စစ်ဘက်အကြီးအကဲတွေကို တာဝန်ခံခိုင်းဖို့ ဒိန်းမတ်အာဏာပိုင်တွေထံ တောင်းဆိုခွင့် ရရှိသွားတာ ဖြစ်တယ်” လို့ ရှင်းပြထားပါတယ်။

အမှုဖွင့် တိုင်ကြားသူ ချင်းတိုင်းရင်းသူဟာ ချင်းပြည်နယ်အတွင်း နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရတာကို မျက်မြင်ကြုံတွေ့ခဲ့ရသလို၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာလည်း မြေမြှုပ်မိုင်းဒဏ်ကြောင့် သေဆုံးတာနဲ့ မသန်စွမ်းဖြစ်ခဲ့ရတာတွေကြောင့် အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အခုအခါမှာတော့ ဒိန်းမတ်နိုင်ငံမှာ ခိုလှုံနေထိုင်နေသူ ဖြစ်ပါတယ်။

သူမရဲ့ လုံခြုံရေးအရ အမည်ကို ထုတ်ဖော်မထားပေမဲ့ တိုင်ကြားချက်ထဲမှာတော့ တမင်တကာ သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးမှုနဲ့ လူထောင်သောင်းချီကို အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှု စတဲ့ စစ်ရာဇဝတ်မှု စွဲချက်တွေကို ထည့်သွင်းထားပါတယ်။

ဒီတရားစွဲဆိုမှုကို မြန်မာ့တာဝန်ခံမှုစီမံချက် (Myanmar Accountability Project – MAP) နဲ့အတူ ဒိန်းမတ်ရောက် မြန်မာလှုပ်ရှားမှုအဖွဲ့ (MAGD)၊ ဒိန်းမတ်ရောက် ချင်းလူမှုအသိုင်းအဝိုင်း (Chin Community Denmark – CCDK) တို့က ပူးပေါင်း ကူညီပေးထားတာ ဖြစ်ပါတယ်။

MAGD ဥက္ကဋ္ဌ Tracy Bawi Hlei က ဒိန်းမတ်နိုင်ငံဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေကို ကူညီထောက်ခံလာခဲ့တဲ့ သမိုင်းကြောင်းရှိပြီး၊ အခု အမှုဖွင့်မှုဟာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနဲ့ စစ်ကော်မရှင်အပေါ် တာဝန်ခံမှုရှိစေရေးအတွက် ခြေလှမ်းသစ်တစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

MAP ဒါရိုက်တာ Chris Gunness ကတော့ မြန်မာနိုင်ငံတွင်းက တရားရုံးတွေဟာ စစ်ဗိုလ်ချုပ်တွေရဲ့ လက်အောက်မှာ ရှိနေသလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ တရားရုံးတွေကလည်း လုပ်ငန်းစဉ် နှောင့်နှေးနေတဲ့အတွက် ဒိန်းမတ်နိုင်ငံရဲ့ ဥပဒေသစ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ စစ်ကော်မရှင်ကို အရေးယူနိုင်မယ့် အရေးကြီးတဲ့ တံခါးပေါက်တစ်ခု ဖြစ်လာခဲ့တာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် ဒီအမှုဟာ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ သံရုံးကို ပိတ်သိမ်းတော့မယ့် အချိန်ကာလနဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဒိန်းမတ်အစိုးရအနေနဲ့ တရားမျှတမှုနဲ့ တာဝန်ခံမှုဘက်က ဆက်လက်ရပ်တည်ကြောင်း ပြသနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *