
စက်တင်ဘာ ၉ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ် တရားစီရင်ရေးဌာန အရာရှိ Pi Helen Dawngliani ကို ဂူဝါဟတီ တရားလွှတ်တော် (Gauhati High Court) ရဲ့ တွဲဖက် တရားသူကြီး အဖြစ် ခန့်အပ်ဖို့ အိန္ဒိယဗဟိုအစိုးရက အတည်ပြု အတည်ပြုပေးလိုက်တာကြောင့် သူမဟာ မီဇိုအမျိုးသမီးတွေထဲမှာ ဒုတိယမြောက် တရားလွှတ်တော် တရားသူကြီး ဖြစ်လာတော့မယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
ပြည်ထောင်စုအစိုးရက သူမကို ခန့်အပ်ကြောင်း အမိန့်ကြော်ငြာစာကို စက်တင်ဘာလ ၈ ရက်၊ အင်္ဂါနေ့မှာ တရားဝင် ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယ တရားလွှတ်တော်ချုပ် Supreme Court Collegium ဟာ ဩဂုတ်လ ၁၈ ရက်နေ့မှာ Helen Dawngliani နဲ့အတူ နာဂလန်းအခြေစိုက် ရှေ့နေ Nchumbemo Mozhui တို့ကို တရားလွှတ်တော် တရားသူကြီးတွေအဖြစ် ခန့်အပ်ဖို့ အကြံပြုထောက်ခံချက် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဗဟိုအစိုးရက အဆိုပါ အကြံပြုချက်ကို လက်ခံအတည်ပြုပြီး တရားဝင် ခန့်အပ်ကြောင်း အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Helen Dawngliani ဟာ မတ်လ ၃ ရက်နေ့က အငြိမ်းစားယူသွားတဲ့ ပထမဆုံး မီဇိုအမျိုးသမီး တရားလွှတ်တော် တရားသူကြီး Justice Marli Vankung ရဲ့ နေရာကို ဆက်ခံပြီး တရားလွှတ်တော် ခုံရုံးမှာ တာဝန်ထမ်းဆောင်မယ့် ဒုတိယမြောက် မီဇိုအမျိုးသမီး ဖြစ်လာမှာပါ။
အဆင့်မြင့် တရားစီရင်ရေးနယ်ပယ်မှာ ဒေသခံ တရားစီရင်ရေး အရာရှိတွေ ပါဝင်ခွင့် အကန့်အသတ်ရှိနေတဲ့ မီဇိုရမ်ပြည်နယ်အတွက်တော့ သူမရဲ့ ဒီခန့်အပ်မှုဟာ အလွန် ထူးခြားအရေးပါတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။
Helen Dawngliani ဟာ ၂၀၁၁ ခုနှစ် မေလ ၂၄ ရက်နေ့မှာ မီဇိုရမ် တရားစီရင်ရေး ဝန်ဆောင်မှုဌာနဆီ စတင် ဝင်ရောက်ခဲ့ပြီး တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ၁၅ နှစ်ကျော် ရှိထားသူ ဖြစ်ပါတယ်။ သူမဟာ အိုက်ဇောလ်နဲ့ Lunglei မြို့တွေမှာ ခရိုင်နှင့် အထူးတရားရုံး အပိုထပ်ဆောင်း တရားသူကြီး (Additional District and Sessions Judge) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ဂူဝါဟတီ တရားလွှတ်တော်ရဲ့ မှတ်ပုံတင်အရာရှိ အဖြစ်လည်းကောင်း၊ မီဇိုရမ်ပြည်နယ် အစိုးရရဲ့ ဥပဒေနှင့် တရားစီရင်ရေးဌာန အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဂူဝါဟတီ တရားလွှတ်တော်၊ အိုက်ဇောလ် ခုံရုံးခွဲမှာ အစိုးရရှေ့နေနဲ့ တွဲဖက် အစိုးရအမှုလိုက် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Helen Dawngliani ရဲ့ ခင်ပွန်း Haulianthanga ဟာလည်း တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ သူတို့ဇနီးမောင်နှံဟာ အိုက်ဇောလ်မြို့မှာ နေထိုင်လျက် ရှိပါတယ်။

