
ကိုဇံ(ချင်းတောင်)
၂၀၂၆ ခုနှစ်မှာ ခြစ်ယူခဲ့တဲ့ ချင်းတောင်ထွက် ဘိန်းစိမ်း ၁ ပိဿာဟာ ကျပ် သိန်း ၆၀ အထိ သာ ဈေးရ ရှိခဲ့ပြီး အရင်နှစ်တွေ ထက် တဝက်နီးပါး အထိ ဈေးကျ ခဲ့တယ်လို့ ဘိန်းစိုက်တောင်သူတွေနဲ့ နီးစပ်သူ တဦး ထံမှ သိရှိရပါတယ်။
“အရင်နှစ်က ဘိန်းစိမ်း ၁ ပိဿာကို အခုလို မိုးနှောင်း ရာသီ ပိုင်းမှာ ကျပ် သိန်း ၁၂၀ အထိ ရ ရှိခဲ့တယ်။ ဒီနှစ်တော့ မိုးကုန်တော့မယ် ကျပ် သိန်း ၆၀ ကနေ မတက်တော့ဘူး။ အရင်နှစ်ရဲ့ ဈေး တဝက်ပဲ ရခဲ့တယ်” လို့ ဘိန်းစိုက်တောင်သူတွေနဲ့ နီးစပ်သူ က ပြောကြားသွားပါတယ်။
ဘိန်းဆီ ခြစ်တဲ့ ကာလဖြစ်တဲ့ နွေဦးရာသီမှာ ၁ ပိဿာကို ကျပ် သိန်း ၅၀ ဝန်းကျင်နဲ့ ဝယ်လက်တွေက ကောက်ယူ ခဲ့ပေမယ့် တောင်သူ အများစုက ဈေးပိုကောင်းလာမယ့် မိုးရာသီ အထိ သိုလှောင်ထား ကြကြောင်း၊ အခုနှစ်မှာ တီးတိန်၊တွန်းဇံမြို့နယ်မှ ဘိန်းခင်းများ အတွင်း PDF-Zoland မှ တောင်ယာ အလုပ်သမားတွေကို စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတာကြောင့် ဘိန်းဆီများ ကောင်းမွန်စွာ ခြစ်မရဘဲ စိုက်ခင်းအတွင်း ပျက်စီးမှု များတာကြောင့် အရင်နှစ်တွေလောက် မသိမ်း နိုင်ကြောင်း တောင်သူများ နှင့် နီးစပ်သူမှ ဆက်လက် သိရှိရ ပါတယ်။
“UNODC ရဲ့ ၂၀၂၅-၂၀၂၆ ခုနှစ် မြန်မာပြည် ဘိန်းစိုက်ပျိုးမှု စစ်တမ်းအရ ဘိန်းစိမ်း ၁ ကီလိုဂရမ် က ပျဉ်းမျှ အားဖြင့် အမေရိကန် ဒေါ်လာ ၃၆၅ ဝန်းကျင် ဈေးရှိတယ်လို့ ဆိုထား ပါတယ်။ ပိဿာချိန် နဲ့ တွက်ရရင် ဘိန်းစိမ်း ၁ ပိဿာက ကျပ်သိန်း ၂၅ ဝန်းကျင်မှာ လောက်မှာ ရှိတယ်လို့ အကြမ်းဖျင်း ပြောလို့ ရတယ်။ ချင်းတောင်မှာ ၁ ပိဿာ ကျပ် သိန်း ၆၀ ဝန်းကျင် ဈေးရတာ က မြန်မာပြည်ရဲ့ ပျဉ်းမျှ ပေါက်ဈေးထက် နှစ်ဆ ကျော် များနေသေးတဲ့ အနေအထားမှာ ရှိပါတယ်” လို့ ချင်းတောင် ဘိန်းစိုက်ပျိုးမှု အခြေအနေကို စောင့်ကြည့်နေသူ တဦးက ပြောကြား သွားပါတယ်။
United Nations Office of Drug and Crime (UNODC) ရဲ့ နှစ်စဉ် ပြုလုပ်တဲ့ စစ်တမ်းများ အရ မြန်မာပြည် ထွက် ဘိန်းစိမ်းတွေရဲ့ ဈေးနှုန်းဟာ ၂၀၁၉ ခုနှစ် အထိ သိသာတဲ့ ပြောင်းလဲမှုမရှိဘဲ ယင်းနှစ်မှာ ၁ ကီလိုဂရမ် အတွက် ပျဉ်းမျှ ဈေးက အမေရိကန် ဒေါ်လာ ၁၆၀ သာ ရှိကြောင်း၊ UNODC ရဲ့ နောက်ဆုံးပြုလုပ်တဲ့ ၂၀၂၅-၂၀၂၆ စစ်တမ်းပါ ပျဉ်းမျှ ဈေးနှုန်း နဲ့ နှိုင်းယှဉ်ပါက ၆ နှစ် အတွင်း နှစ်ဆကျော် ခုန်တက်သွားတာ တွေ့ရကြောင်း ယင်း စောင့်ကြည်သူ ထံမှ ဆက်လက် သိရှိရ ပါတယ်။
“ဆယ်စုနှစ် နှစ်ခုစာ လောက် ခြုံငုံပြီး ကြည့်လိုက်ရင်တော့ ချင်းတောင်မှာ ဘိန်းစိမ်းဈေး အမြင့်ဆုံး ပထမ အကြိမ် ရောက်ခဲ့တာက ၂၀၀၈-၂၀၀၉ ကာလ လို့ ပြောလို့ ရမယ်။ ၁ ပိဿာကို အိန္ဒိယ ရူပီး ၁ သိန်း ဝန်းကျင် နဲ့ ဝယ်ယူ ခဲ့ကြတယ်။ ပြီးတော့ ပုံမှန် ပြန်ဖြစ်သွားတယ်။ ဒုတိယ အကြိမ် အမြင့်ဆုံး ပြန်ရောက်တာကတော့ ၂၀၂၄-၂၀၂၅ ကာလ လို့ ပြောလို့ ရမယ်။ သမိုင်းတလျှောက် ချင်းတောင်ထွက် ဘိန်းစိမ်း ဈေးအမြင့်ဆုံး ရောက်တဲ့ ကာလ လည်း ဖြစ်တယ်။ ၁ ပိဿာကို ကျပ် သိန်း ၁၂၀ အထိ လိုက်ဝယ် ကြတယ်” လို့ ချင်းလူငယ် လူမှု-နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦး က ပြောကြား ခဲ့ပါတယ်။
၂၀၀၈-၂၀၀၉ ခုနှစ် အလွန်ကာလမှာ ဘိန်းစိမ်းဈေး ပြန်ကျသွားပြီး မြန်မာငွေ ကျပ် ၃ သိန်းခွဲ နဲ့ပင် ရောင်းမထွက်သည် အထိ ဈေးကျ သွားခဲ့ကြောင်း၊ ယင်းကဲ့သို့ ဈေးကျခြင်းကြောင့် ပွဲစားများနဲ့ အစုလိုက် ရောင်းဝယ်မှု မရှိတော့ဘဲ လက်လီ ဖြင့် ကျပ်သားလိုက် ခွဲရောင်းလာကြပြီး ချင်းတောင် တချို့ နေရာ နှင့် ကလေး-ကဘော ဒေသ အတွင်း ဘိန်းစိမ်း သုံးစွဲမှု မြှင့်တက်လာကြောင်း၊ ၂၀၂၄-၂၀၂၅ အလွန် ကာလမှာ နောက်တခေါက် ယင်းကဲ့သို့ ပြန်ဖြစ်လာမည်မှာ စိုးရိမ်စရာ တခု ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူ ချင်းလူငယ် မှ ဆက်လက် မှတ်ချက် ပြုပါတယ်။
“ချင်းတောင် ဘိန်းစိမ်း စိုက်ပျိုးမှု နှင့် မြန်မာပြည် အရှေ့ပိုင်း စိုက်ပျိုးမှုကို ယှဉ်ကြည့်လိုက်ရင် ဘိန်းစိမ်း ဈေး ကွာဟမှုက အတော်လေး စိတ်ဝင်စား စရာကောင်းတယ်။ ၂၀၀၈-၂၀၀၉ ကာလမှာ ချင်းတောင်ထွက် ဘိန်းစိမ်းက ဈေး အတော်ရတယ်။ ၁ ပိဿာ ကို ကျပ် သိန်းပေါင်း ၂၀ ဝန်းကျင် အထိ ရောက်တာလေ။ ရုတ်တရက် ပြန်ထိုးကျ ပြီးတော့ မြန်မာပြည်ရဲ့ ပျဉ်းမျှ ဈေးနှုန်း အတိုင်း ပြန် ဖြစ်သွားတယ်။ အခုတခါလည်း ဈေးကျတဲ့ ပုံစံက တဝက် အထိ ဖြစ်သွားတယ်။ ၂၀၀၉ တုန်းကတော့ မြန်မာပြည် အရှေ့ဘက်က ဘိန်းစိမ်းတွေပါ ချင်းတောင် ဈေးကွက်ထဲ ရောက်လာတယ်လို့ ပြောကြတယ်။ ဒီတခေါက်လည်း အဲလို ပုံစံ ဖြစ်မလားပဲ။ ဒါပေမယ့် အဖြစ်အပျက် နှစ်ခု စလုံး အတွက် ခိုင်လုံတဲ့ အထောက်အထားတော့ မတွေ့ရသေးဘူး” လို့ ဘိန်းစိုက်ပျိုးမှု စောင့်ကြည်သူမှ သုံးသပ် ပြောကြား သွား ပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာမှာတော့ ၂၀၂၅ ခုနှစ် အတွင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်း မြှင့်တက်သွားပြီး မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း မြှင့်တက်ကာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲတယ်လို့ ဖော်ပြထား ပါတယ်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက် ဧရိယာ ၄၅,၂၀၀ ဟက်တာရှိရာမှ ၂၀၂၅ ခုနှစ်မှာ ၅၃,၁၀၀ ဟက်တာ အထိ မြှင့်တက်ခဲ့ပြီး ရာနှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်း တိုးလာခဲ့ခြင်း ဖြစ်ကြောင်း၊ ချင်းပြည်နယ် အနေဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၈၃၁ (၈၀၆-၈၅၈) ဟက်တာ ရှိသည်ဟု ခန့်မှန်းရာမှာ ၂၀၂၅ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၁၀၄၀ (၁၀၀၀-၁၀၉၀)ဟက်တာရှိမယ် လို့ ခန့်မှန်း ထားကြောင်း၊ ချင်းပြည်နယ်ရဲ့ ဘိန်းစိမ်း ထုတ်လုပ်မှုမှာလည်း ၂၀၂၄ ခုနှစ်မှာ ၁၈ မက်ထရစ်တန် ထွက်ရှိသည်ဟု ခန့်မှန်းကြရာမှာ ၂၀၂၅ ခုနှစ်မှာ ၂၀ မက်ထရစ်တန် ထွက်ရှိနိုင်တယ် လို့ ခန့်မှန်းထားကြောင်း၊ ယင်း ပမာဏဟာ မြန်မာတနိုင်ငံလုံးရှိ ဘိန်းစိမ်း ထုတ်လုပ်မှုရဲ့ ၂ ရာခိုင်နှုန်း ရှိကြောင်း UNODC ရဲ့ စစ်တမ်း အစီရင်ခံစာ အရ သိရှိရ ပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံ အနေဖြင့် ဘိန်းဖြူ ထုတ်လုပ်နိုင်မှု လျော့ကျ လာတာကြောင့် ယင်း နိုင်ငံမှ ဘိန်းဖြူ ထောက်ပံ့ပေးသည့် ဈေးကွက်များ ထဲသို့ မြန်မာနိုင်ငံမှ ဘိန်းဖြူများ ဝင်ရောက်လာတဲ့ လက္ခဏာများ တွေ့ရတယ် လို့လည်း UNODCရဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

