
စက်တင်ဘာလ ၁၀ ရက်။
ချင်းပြည်နယ် ၊ တွန်းဇံမြို့နယ်က ၊ ဇမ်ပီကျေးရွာရှိ Zomi Revolutionary Army ( ZRA – EC) စခန်းကို Zomi National Army (ZNA) တပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းလောက်မှာ ဝင်ရောက်ပစ်ခတ်ခိုက်ခဲ့လို့ ZRA – EC တပ်ဖွဲ့ဘက်က ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ZRA – EC က ထုတ်ပြန်ထားပါတယ်။
ဇမ်ပီကျေးရွာရှိ Zomi Revolutionary Army ( ZRA – EC) စခန်းကို Zomi National Army (ZNA) တပ်ဖွဲ့က ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ မိနစ် ၄၀ ခန့်လောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါ ပစ်ခတ်အမှုအတွင်း Zomi National Army (ZNA) ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့တုန်းကလည်း တီးတိန်မြို့နယ် ၊ တွီးကျင့်လွီးရွာ နဲ့ မွာလ်လုမ်းရွာအကြားမှာရှိတဲ့ Zomi National Army (ZNA) တပ်ဖွဲ့စခန်းကို Zomi Revolutionary Army ( ZRA – EC) တပ်ဖွဲ့ဘက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး နှစ်ဘက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
Zomi National Army (ZNA) တပ်ဖွဲ့ဟာ Zomi Revolutionary Army ( ZRA – EC) အဖွဲ့ရဲ့ ခေါင်းဆောင်မှုပိုင်းရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ် အားမရလို့ဆိုကာ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကစလို့ ဇိုမီးအမျိုးသားတပ်မတော် Zomi National Army (ZNA) အဖွဲ့ဖွဲ့ကာ သီးသန့်ခွဲထွက်ပြီး ရပ်တည်ထားတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

