Headlines

စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင်လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိကြောင်း Dr. Sui Khar ပြော

စက်တင်ဘာလ ၉ ရက်။

ချင်းပြည်နယ်မှာ စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင် လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့အကြောင်း ချင်းပြည် ( Chinland) ကောင်စီကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ Chinland Council ရဲ့သတင်းစာ ရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က “စစ်ကောင်စီဝါဒဖြန့်မှုပေါ့ အဓိကအားဖြင့် စစ်ရေးအရ အသားစီးရလာတယ် နယ်မြေစိုးမိုးလာတယ်ဆိုပြီး ပြောလာကြတယ် ပထမအနေနဲ့ ကျနော်ပြောချင်တာက အရင်ကတည်းကနေ တချို့မြို့တွေမှ အပ ရွာတွေမှာက နေပြည်တော်ရဲ့ သြဇာသက်ရောက်မှုက နတ္ထိ လုံးဝကိုမရှိဘူး ရုံးစာ ရုံးတစ်ခုမှ မရှိဘူး ပြောချင်တာက သူတို့ရဲ့သြဇာအာဏာသက်ရောက်မှုလုံးဝမရှိဘူး ဒီအချိန်မှာလည်း ဥပမာ တွန်းဇံ၊ ဖလမ်း မြို့ကိုသာယူတာ နယ်မှာ သူတို့သြဇာအာဏာသက်ရောက်မှုက တစ်ခုမှမရှိဘူး အဲဒီမြို့တောင်မှ အပြည့်အဝ ထိန်းချုပ်နိုင်တာမဟုတ်သေးဘူး ဒုတိယအနေနဲ့ အဝေးပြေးလမ်းတွေ ဥပမာ ကလေး ကနေ ဟားခါး ၊ ကလေးကနေ တီးတိန် အဲဒါတွေကို သူတို့က ထိန်းချုပ်နိုင်တယ်လို့ပြောတယ် ဒါပေမယ့် အဲဒါက (၁၀၀ ရာခိုင်နှုန်း) ထိန်းချုပ်တာမဟုတ်ဘူး ကျနော်တို့ ကြိုက်တဲ့အချိန်မှာ ကျနော်တို့လုပ်လို့ရတယ် အဲဒါကြောင့် အရင်တုန်းကတော့ ကလေး နဲ့ ဟားခါးအကြား ကလေးနဲ့ တီးတိန်ကြားထဲမှာ အရင်တုန်းက စစ်စခန်းတစ်ခုမှ မရှိဘူး အခုကတော့ စစ်စခန်းပေါင်း ၃၀ ကျော်ရှိတယ် အဲလိုနည်းနဲ့ ထိန်းထားတယ် အဲဒါဘယ်လောက်ကြာကြာထိန်းနိုင်မလဲ တလောလေးက အင်အားဖြည့်တင်းတာလုပ်တယ် ကျနော်တို့ကြည့်လိုက်တော့ အဲလိုမဟုတ်ဘူး Operation ကို အဓိကဦးဆောင်တဲ့ တပ်မ ၇၇ တွေကို နောက်ဆုတ်ခိုင်းပြီးတော့ ရဲတွေနဲ့ ပြန်လာပြီးတော့ ဖြည့်တယ် ဆိုတော့ သူ့ရဲ့နယ်မြေ ထိန်းချုပ်နိုင်မှုက အရမ်းမခိုင်မာဘူး” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က မြို့တစ်မြို့ရယုံဖြင့် အဲဒီမြို့နယ်တစ်ခုလုံး ရယူနိုင်တာမဟုတ်ကြောင်း ၎င်းတို့ ပြန်လည်ထိန်းချုပ်လိုက်တဲ့ မြို့တွေတောင်မှ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က ပြောပါတယ်။

ချင်းပြည် ( Chinlad) ကောင်စီ၊ ချင်းပြည်အစိုးရက ဒေသန္တရအစိုးရတွေကိုလည်း မြို့နယ်နဲ့ ဒေသ ၁၉ ခုတွင် ရှေးယခင်အဆက်ဆက်ကတည်းကနေ တည်ရှိလာတဲ့ မျိုးနွယ်စုနှင့် ဒေသကို အခြေခံပြီး ဖွဲ့စည်းထူထောင်ထားတယ်လို့လည်း သိရပါတယ်။

အဆိုပါ မြို့နယ်နဲ့ ဒေသ ၁၉ ခုရှိ ချင်းပြည်ကောင်စီရဲ့ အုပ်ချုပ်ရေးစနစ်က လူဦးရေ နှစ်သိန်းခွဲကျော်ကို လွှမ်းခြုံထားပြီး နယ်မြေအားဖြင့် စတုရန်းကီလိုမီတာ ၃၀,၀၀၀ ခန့်ကျယ်ဝန်းကာ အိန္ဒိယနိုင်ငံနဲ့ ကီလိုမီတာ ၄၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေတယ်လို့လည်း ချင်းပြည်ကောင်စီထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *