Headlines

“Ro Min Rel Sak Ang Che” မီဇိုရမ်ပြည်နယ်သီချင်း နှင့် မီဇိုစာဆိုတော်ကြီး Rokunga

ကိုဇံ(ချင်းတောင်)

မီဇို အမျိုးသားတွေက သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ “ရာစုနှစ်ရဲ့ စာဆိုတော်ကြီး (Poet of the Century)” ဘွဲ့နဲ့ ဂုဏ်ပြုကြတဲ့ Pu Rokunga စပ်ဆိုထားတဲ့ “Ro Min Rel Sak Ang Che” သီချင်းကို မီဇိုရမ်ပြည်နယ် သီချင်း အဖြစ် ဩဂုတ်လ ၂၇ နေ့မှာ ကျင်းပတဲ့ မီဇိုရမ် ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူ မရှိ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

သီးချင်းကို မီဇိုရမ်ပြည်နယ် သီချင်း အဖြစ် အဆိုပြုသူ ကတော့ ပြည်နယ်ဝန်ကြီးချုပ် Lalduhoma ဖြစ်ပြီး ပြည်နယ် အတွင်းရှိ စာသင်ကျောင်း အားလုံးမှာ ၂၀၂၂ ခုနှစ် က စပြီး သီဆိုခဲ့ကြပြီ ဖြစ်သော်လည်း တရား ဥပဒေ အရ တရားဝင် အတည်ပြုခြင်း မရှိသေးတာကြောင့် အခုလို လွှတ်တော် ကနေ အတည်ပြုချက် ရယူတာ ဖြစ်တယ်လို့လည်း ဒေသမီဒီယာများက ဖော်ပြထားပါတယ်။

ပြည်နယ် အစိုးရ အဖွဲ့ကတော့ “Ro Min Rel Sak Ang Che” သီချင်းကို ပြည်နယ်သီချင်း အဖြစ် အတည်ပြရန် ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ပြီး တရားဝင် အတည်ပြုနိုင်ဖို့ အတွက် လွှတ်တော်မှာ အဆိုတင်သွင်းပြီး ဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများ အရ အဆုံးအဖြတ် ရယူ ခြင်း ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် မှာ စာဆိုတော်ကြီး Rokunga က စပ်ဆိုထားတဲ့ “Ro Min Rel Sak Ang Che” သီချင်းဟာ ပြည်နယ်ရဲ့ တရားဝင် ပြည်နယ်သီချင်း အဖြစ် ဥပဒေ အရ တရားဝင် အတည်ပြုခြင်း မရှိသေးမီ ကာလကပင် မီဇိုလူမျိုးများ အနေဖြင့် မီဇို အမျိုးသား သီချင်း အဖြစ် သတ်မှတ်ကာ အိန္ဒိယနိုင်ငံ အတွင်းရှိ ပြည်တွင်း တော်လှန်ရေးကို လေကြောင်းဖြင့် ပထမဆုံး တိုက်ခိုက်ခဲ့ရသည် အထိ ပြင်းထန် ခဲ့သော မီဇိုရမ်ပြည် ခွဲထွက်ရေး တော်လှန်ရေး ကာလ ကတည်းက အသုံးပြုခဲ့ပြီ ဖြစ်ကြောင်း သမိုင်း အထောက်အထားများ အရ တွေ့ရှိခဲ့ရ ပါတယ်။

သီချင်းရဲ့ စာသား နှင့် သံစဉ် တခုတည်းကြောင့် ပြည်နယ် သီချင်း ဖြစ်လာခြင်း မဟုတ်ဘဲ စပ်ဆိုသူ စာဆိုတော်ကြီး Rokunga ရဲ့ ဘဝ ဖြတ်သန်းမှု ဇာတ်ကြောင်း၊ ခံယူချက် အယူဝါဒတွေကြောင့်လည်း “Ro Min Rel Sak Ang Che” သီချင်းဟာ အငြင်းပွားဖွယ် မရှိ ရွေးချယ် အတည်ပြုနိုင်ခြင်း ဖြစ်တယ်လို့ လည်း တချို့ ပုဂ္ဂိုလ်တွေက သုံးသပ်ထားတာ တွေ့ရ ပါတယ်။

စာဆိုတော်ကြီး Rokunga ဟာ ၁၉၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မီဇိုရမ် ပြည်နယ်၊ အိုင်ဇောလ်မြို့ရှိ Venghnuai ရပ်ကွက်မှာ မိဘ နှစ်ပါး ဖြစ်တဲ့ Thangluta Vaiphei နှင့် Zaliani တို့မှ မွေးဖွား သန့်စင်ခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်မှာ Zamawii နဲ့ လက်ထပ်ခဲ့ပြီး သား ၅ ယောက်နှင့် သမီး ၃ ယောက် ထွန်းကားခဲ့ပါတယ်။

ဖခင်က နာမည်တွင် Vaiphei ဆိုတဲ့ မျိုးနွယ်စု နာမည်ကို တရားဝင် ထည့်သွင်း အသုံးပြု ခဲ့ပေမယ့် Hmar မျိုးနွယ်စု ဟုတ် မဟုတ်ကို မူ စာဆိုတော်ကြီး Rokunga ဖော်ပြ ပြောဆို ထားခြင်း မပြုခဲ့ပေ။ ထိုကာလတွင် မီဇိုတောင်တန်းများပေါ်ရှိ မျိုးနွယ်စုများ ဟာ Hmar, Vaiphei စသည်ဖြင့် စိတ်ဝမ်း ကွဲပြားနေချိန် ဖြစ်ပြီး မျိုးနွယ်စု နာမ ကိစ္စနှင့် ပတ်သက်ပြီး Rokunga က “ငါတို့ Hmar လား၊ Vaiphei လား ခွဲခြားပြောနေဖို့ မလိုဘူး၊ မီဇို (Mizo) လူမျိုးဖြစ်ရတာနဲ့တင် ဂုဏ်ယူဖို့ လုံလောက်တယ်” လို့ ဖြေကြား ပြောဆိုသွားကာ လူမျိုးစုအားလုံးကို “မီဇို” ဟူသော ကမ္ပည်းတစ်ခုအောက်မှာ စည်းလုံးစေတဲ့ သမိုင်းဝင် စကား အဖြစ် ထင်ကျန် သွားပါတယ်။ သူကိုယ်တိုင် ကလည်း သူ့ရဲ့ နာမည်တွင် မျိုးနွယ်စု နာမည်ကို ထည့်သွင်းထားခြင်း မပြုခဲ့ပေ။

သမိုင်းပညာရှင်များနှင့် စာပေအကဲဖြတ်သူအချို့က အိန္ဒိယအစိုးရထံမှ ခွဲထွက်ရေးအတွက် ၁၉၆၆ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ မီဇိုလူမျိုးများ ရဲ့ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွားလာရခြင်း နောက်ကွယ်မှာ Rokunga ရေးစပ်ထားတဲ့ “Harh la, harh la” (နိုးထကြလော့! နိုးထကြလော့!) ဟူသော ကဗျာက လူထုနှင့် လူငယ်များကို မိမိတို့မြေအား ကာကွယ်ရန် သွေးဆူစေခဲ့တဲ့ အဓိက တွန်းအားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆယ်စုနှစ်နှစ်ခုနီးပါး တောထဲတောင်ထဲမှာ အခက်အခဲ ပေါင်းစုံ ဖြတ်သန်းရတဲ့ မျိုးချစ် တော်လှန်ရေး ရဲဘော်များ အတွက် လက်နက်ကိုင် တော်လှန်ရေးကာလ အတွင်း အစားအသောက်ဟာ ကာယ အတွက် ရိက္ခာတစ်ခုဖြစ်သလို စာဆိုတော်ကြီး Rokunga ရေးစပ်ခဲ့တဲ့ မျိုးချစ်သီချင်းများဟာ စိတ်ဓာတ် အတွက် အားအင်ဖြစ်စေတဲ့ ရိက္ခာ ဖြစ်ပြီး မျိုးချစ်စိတ်ဓာတ် ပျောက်ပျက် မသွားအောင် ထိန်းထားပေးနိုင်ခဲ့တယ် လို့လည်း သုံးသပ် ခဲ့ကြပါတယ်။

စာဆိုတော်ကြီးက သူရဲ့ ကဗျာများကို “မိမိတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေကို လာရောက် ကျူးကျော်စော်ကားသော ရန်သူများကို သွေးမြေကျသည်အထိ တွန်းလှန်ရမည်” ဟူသော အဓိပ္ပာယ်များ ပါဝင်တဲ့ ထိမိသော မီဇို စကားလုံးဖြင့် ရေးစပ်ထားကာ တော်လှန်ရေးရဲ့ တရားဝင်မှုကို စာပေဖြင့် ပုံဖော် သွားခဲ့တယ် လို့လည်း ဖော်ပြထားကြတာကိုလည်း တွေ့ရ ပါတယ်။

သုံးသပ်သူ တချို့ကတော့ Laldenga က မီဇိုတော်လှန်ရေးကို လက်နက်ဖြင့် ဦးဆောင်သူ ဖြစ်ပါက Rokunga ဟာ တော်လှန်ရေးကို စာပေနှင့် သီချင်းများဖြင့် မီဇိုလူမျိုးများရဲ့ နှလုံးသားကို သိမ်းပိုက်ကာ လမ်းခင်းပေးခဲ့သူ ဟု သတ်မှတ် ရလိမ့်မည် လို့လည်း ဖော်ပြ ကြပါတယ်။

သီချင်းများ စတင်ရေးစပ်တဲ့ အချိန်မှာတော့ Rokunga ဟာ အသက် ၁၆ နှစ်အရွယ်သာ ရှိခဲ့ပြီး ၁၉၃၄ ခုနှစ် အရောက်မှာတော့ သူ့ရဲ့ သီချင်းများဟာ လူသိများလာခဲ့ပါတယ်။ မျိုးချစ်သီချင်းများ၊ ရိုးရာပွဲတော်သီချင်းများ နှင့် ခရစ္စမတ်သီချင်းများ ရေးစပ်ရာမှာ အထူးထင်ရှားပြီး မီဇိုလူမျိုးများကြားတွင် သူ့ရဲ့ မျိုးချစ်သီချင်းများမှာ ယနေ့တိုင် အမြတ်နိုးဆုံး သီချင်းများဖြစ်နေဆဲပင် ဖြစ်ပါတယ်။ သူတသက်တာမှာ ကျော်ကြား လူသိများတဲ့ သီချင်းပုဒ်ရေ ပေါင်း ၁၂၇ ပုဒ်ကျော် ရေးစပ်ခဲ့ပါတယ်။

စာဆိုတော်ကြီး Rokunga ဟာ မီဇိုစာပေအနုပညာ လောကမှာ အကောင်းဆုံး တေးရေးဆရာများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး သူရဲ့ Kan Zotlang Ram Nuam သီချင်းမှာ အကျော်ကြားဆုံးသီချင်းများထဲမှာ ပါဝင်ခဲ့ ပါတယ်။ စာဆိုကြီး ရေးစပ်ထားတဲ့ Ro Min Rêlsak Ang Che, Ka Pianna Zoram Nuam (ချင်းဘာသာစကား အတော်များများ ဖြင့် ဘာသာပြန် သီဆိုကြသည်), Raltiang I Kai Ve Ang, Kan Zotlang Ram Nuam သီချင်းတွေဟာ ယနေ့ ထက်ထိ မီဇိုရမ်ရှိ အမျိုးသားရေး ဆိုင်ရာ အခမ်းအနားတွေမှာ အသုံးပြု သီဆို ကြဆဲ ဖြစ်ပါတယ်။

စာဆိုတော်ကြီးဟာ မီဇိုတော်လှန်ရေး စစ်မီးလျှံ ပြင်းထန်တဲ့ ကာလ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့၊ အသက် ၅၅ နှစ်အရွယ်တွင် အိုက်ဇောလ်မြို့မှာ ကွယ်လွန်သွားပါတယ်။

မီဇိုလူမျိုးတွေက သက္ကရာဇ် ၂၀၀၀ ပြည့်ခုနှစ် မှာ သူ့ကို “ရာစုနှစ်ရဲ့ စာဆိုတော်ကြီး (Poet of the Century)” ဟူသောဘွဲ့ နာမနဲ့ ဂုဏ်ပြုခဲ့ပြီး သူ့ရဲ့ ကြေးရုပ်တုကိုလည်း ၂၀၀၈ ခုနှစ်မှာ အိုင်ဇောလ်မြို့ရဲ့ City Park မှာ စိုက်ထူ ထား ကြ ပါတယ်။

၁၉၉၉ ခုနှစ်မှာ စာဆိုတော်ကြီး Rokunga ကို ဂုဏ်ပြုသော အားဖြင့် Rokunga Memorial Society (RMS) ကို တည်ထောင်ကာ မီဇိုရိုးရာကျင့်ဝတ်များကို စောင့်ထိန်းပြီး စံပြဖြစ်သူများအား နှစ်စဉ် Rokunga Award ကို ချီးမြှင့်လေ့ ရှိပါတယ်။ အဆိုပါဆုအတွက် ဆုကြေးငွေ အိန္ဒိယရူပီးငွေ ၅၀,၀၀၀ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုကြေးငွေ အတွက် Vanglaini နေ့စဉ်သတင်းစာမှ ပံ့ပိုးပေးခဲ့ ပါတယ်။ ထို့ပြင် ၂၀၁၆ ခုနှစ် မှာလည်း စာဆိုတော်ကြီးကို ဂုဏ်ပြုသော အားဖြင့် သူ့ရဲ့ မွေးနေ့မှာ Mizo Poetry Society ကို တည်ထောင် ကြပါတယ်။

နှစ်စဉ် နှစ်တိုင်း မီဇို မျိုးချစ် လူငယ် အများအပြားဟာ စာဆိုတော်ကြီး Rokunga ရဲ့ ဂူဗိမာန်ကို သွားရောက်ခဲ့ပြီး အမျိုးသားရေး ဆိုင်ရာ တိုင်တည်မှုများ ပြုလုပ်ကာ ဂါရဝ ပြုလေ့ရှိတယ် လို့လည်း သိရှိရ ပါတယ်။

စာရေးသူ အနေဖြင့်လည်း “Ro Min Rel Sak Ang Che” သီချင်းစာသားပါ ဖော်ပြချက်များကိုလည်း စာဖတ် ပရိသတ်များ ဆဝါးမိ နိုင်ဖို့ရန် ရည်ရွယ်၍ မြန်မာလိုဖြင့် ဆီလျော်အောင် အောက်ပါ အတိုင်း ဘာသာပြန်ဆို ပေးထားပါတယ်။

RO MIN REL SAK ANG CHE

ကိုယ်တော်တိုင် လမ်းပြစီမံပါ

Aw nang, kan Lal kan Pathian,

I hming ropui ber se;

I hma a kan lo kun hian,

Kan dil ngaithla ang che.

Kan awmdan tur ngaihtuaha,

Mipui kan inkhawmin,

Finna ropui min pe la,

Ro min rel sak ang che.

အို… ကျွန်ုပ်တို့၏ အရှင်၊ ဘုရားသခင်၊

ကိုယ်တော်၏ နာမတော်သာ အကြီးမြတ်ဆုံး ဖြစ်ပါစေသား၊

ရှေ့တော်မှောက်ဝယ် ဒူးထောက်ခယ၊ တောင်းလျှောက်ကြသည်…

နားညောင်းတော်မူပါ ဆုတောင်းသံများ။

အနာဂတ်ခရီး ရှေ့ရေးရည်ရွယ်၊ တိုင်ပင်ဆွေးနွေး စုဝေးရာဝယ်၊

မှန်ကန်ဆုံးဖြတ် ဉာဏ်ပညာမြတ်၊ ချပေးသနား တောင်းခံပါ၏…

လမ်းပြစီမံ အုပ်စိုးတော်မူပါ၊ အို… ကိုယ်တော်ဘုရား။

I finna leh theihna leh,

I hruaina lo rengin,

Ropuina leh lalthuthleng,

An ral leh thuai si thin.

Nang erawh chu chatuanin,

Hnam tin tan kulhpui nghet,

Lalber te lalber chuanin,

Ro min rel sak ang che.

ဉာဏ်ပညာနှင့် တန်ခိုးတော်ရှင်၊

လမ်းပြမှုသာ ကင်းကွာလျှင်ကား၊

ရရှိလာသည့် လောကီဂုဏ်နှင့် အာဏာပလ္လင်၊

ယာယီမမြဲ လျင်မြန်ပျောက်ကွယ်…

ကိုယ်တော်သာလျှင် လူမျိုးတကာတို့ ခိုလှုံရာ၊

ဘုရင်တကာတို့၏ ဘုရင်၊

ထာဝရခိုင်ခံ့သည့် ခံတပ်ကြီးပင်…

လမ်းပြစီမံ အုပ်စိုးတော်မူပါ၊ အို… ကိုယ်တော်ဘုရား။

Chuvangin aw kan Pathian,

Hei hi kan dil ber che,

Kan ram kan hnam min hruaia’n,

Nang chauh kan thlang a che.

Chhung lam leh pawn lam hmelma,

Indona thleng mah se,

Hneh zel turin min pui la,

Ro min rel sak ang che.

သို့ဖြစ်ပါ၍ ကိုယ်တော်ဘုရား၊

ကျွန်ုပ်တို့၏ တိုင်းပြည်နှင့် လူမျိုးများအား၊

ဦးဆောင်လမ်းပြ စောင့်ရှောက်ဖို့ရာ၊

ကိုယ်တော်ကိုသာ ရွေးချယ်ကိုးစား…

ပြည်တွင်းပြည်ပ ရန်စွယ်များကြား၊

အန္တရာယ်ခပ်သိမ်း စစ်မက်ဘေးများ ကြုံလာငြားလည်း၊

အစဉ်အောင်မြင် ကျော်လွှားနိုင်ရန် မစဖို့ရာ…

လမ်းပြစီမံ အုပ်စိုးတော်မူပါ၊ အို… ကိုယ်တော်ဘုရား။

~ ကိုဇံ(ချင်းတောင်)

Leave a Reply

Your email address will not be published. Required fields are marked *