
သြဂုတ်လ ၄ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းထဲရှိ လှေအဌားလိုက်တဲ့ ဒေသခံချင်းလူမျိုးအမျိုးသား ၄ ဦးကို အာရက္ခတပ်တော် (ULA/AA )က ဇူလိုင်လ ၂၉ ရက်နေ့တွင် မသင်္ကာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီကနေ့ အချိန်ထိ မိသားစုနှင့်လည်း အဆက်အသွယ်မရရှိကြသေးဘူး လို့ ဒေသခံတွေကပြောပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “အခုဖမ်းဆီးခံရသူတွေရဲ့ နောက်ဆက်တွဲ ဘာသတင်းမှ မရကြသေးဘူး မိသားစုဝင်တွေဘက်ကရောပေါ့ သူတို့က လှေအဌားလိုက်တဲ့ စီးပွားရေး လုပ်တဲ့သူတွေဖြစ်တယ် KNCP / KPF အဖွဲ့နဲ့ ပက်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးတာလည်း ပါမယ် အခုထိတော့ အတိအကျပြောလို့မရပြန်ဘူး သူတို့က အသက် ၄၀ ကျော် အရွယ်ဝန်းကျင်ရှိတဲ့ လူကြီးတွေပါ” လို့ပြောပါတယ်။
ULA/AA က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းအမျိုးသား ၄ ဦးဟာ ကုလက်ချောင်းထဲတွင်းရှိ အုန်းသီးဝကျေးရွာက ဥက္ကဋ္ဌ ဦးလှထွန်း၊ ရွှေလိုင်ပွီကျေးရွာမှ ဦးအောင်ဖါ၊ ပေါက်တူဝကျေးရွာမှ ဥက္ကဋ္ဌ ဦးကာလီနှင့် ရှင်းလက်ချောင်းထဲရှိ ဆင်အိုးဝကျေးရွာမှ ဦးကျော်ရှိန်း တို့ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ပလက်ဝဒေသခံ ချင်းလူမျိုး ၄ ဦးကို မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှာ ပြုလုပ်မယ့် ခူမီးပြည်သူ့တပ်မတော် ( KNCP / KPF) အစည်းဝေး တက်ရောက်ဖို့ ဖိတ်ကြားခံရတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီးထိန်းသိမ်းတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတချို့က ထင်မြင်တာတွေလည်း ရှိနေပါတယ်။
ပလက်ဝဒေသခံ ချင်းလူမျိုး ၄ ဦးကို အခုလို ULA/AA ဘက်က ဖမ်းဆီးထိန်းသိမ်းရတဲ့ အကြောင်းပြချက် တွေနဲ့ ပတ်သက်ပြီးလည်း ULA/AA ဘက်က တရားဝင် ထုတ်ပြန်တာမျိုး ဒီကနေ့ အချိန်ထိ မရှိသေးဘူး လို့လည်း သိရပါတယ်။

