Headlines

စစ်ကော်မရှင်နဲ့ ဆွေးနွေးခဲ့တဲ့ ဖြစ်စဉ်ဟာ ခေါင်းဆောင်ပိုင်းတချို့ရဲ့သဘောဆန္ဒ အလျောက် လုပ်ခဲ့တာဖြစ်ပြီး အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက် နဲ့ မူဝါဒ လုံးဝ မပါဝင်ဘူးလို့ CNO ထုတ်ပြန်

ဩဂုတ်လ ၃ ရက်။

စစ်ကော်မရှင်ဖွဲ့စည်းထားတဲ့ NSPNC ကိုယ်စားလှယ်တွေနဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)အကြား တွေ့ဆုံမှုဟာ CNO ေခါင်းဆောင်တချို့က ၄င်းတို့သဘောဆန္ဒအလျောက်ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး CNOရဲ့တရားဝင်ရပ်တည်ချက် ဆုံးဖြတ်ချက်နဲ့ မှုဝါဒတို့ကို လုံးဝ ကိုယ်စားမပြုတဲ့အကြောင်း CNO က ဒီကနေ့ သြဂုတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတ ဦးမင်းအောင်လှိုင်က ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO ) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နဲ့ အပစ်ရပ်ဖို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါတွေ့ဆုံခဲ့မှုဟာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)ရဲ့ဗဟိုကောင်စီ (Central Council–CC)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (Central Executive Committee–CEC)၊ နိုင်ငံရေး ဦးဆောင်ကော်မတီ (Political Steering Committee–PSC)၊ နှင့် ကာကွယ်ရေးကောင်စီ (Defense Council–DC) တို့၏ သိရှိမှု၊ အသိအမှတ်ပြုဆုံးဖြတ်ချက်၊ တာဝန်ပေးအပ်ချက် သို့မဟုတ် သဘောတူညီချက် လုံးဝမရှိဘဲ တာဝန်ရှိခေါင်းဆောင်အချို့က မိမိတို့၏ သဘောဆန္ဒအလျောက် ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး အဆိုပါတွေ့ဆုံမှုနှင့် တွေ့ဆုံမှုအတွင်း ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာများသည် CNO ၏ တရားဝင်ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နှင့် မူဝါဒတို့ကို မည်သည့်နည်းနှင့်မျှ ကိုယ်စားမပြုကြောင်းကိုလည်း အတိအလင်း အသိပေးအပ်တယ်လို့ CNO က ဆိုထားပါတယ်။

ဒါအပြင် စစ်ကော်မရှင်ရဲ့ NSPNC ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ မည်သည့်သဘောတူညီချက်၊ ကတိကဝတ် သို့မဟုတ် နားလည်မှုမျိုးမျှ လုံးဝမရှိခဲ့ကြောင်း အတိအလင်း အသိပေးအပ်တယ်လို့ CNO က ဆိုပါတယ်။

အဖွဲ့အစည်းရဲ့ တရားဝင်ခွင့်ပြုချက်မရှိတဲ့ တွေ့ဆုံမှုနှင့်ပတ်သက်၍ ဖြစ်စဉ်တရပ်လုံးအပေါ် စနစ်တကျ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဥက္ကဌကိုယ်တိုင်မှ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ ၎င်းတွင်အဓိကတာဝန်ရှိကြောင်း လက်ခံကာ ဥက္ကဌရာထူးမှ နုတ်ထွက်ရန် တင်ပြခဲ့ပြီး ထိုတင်ပြချက်ကို ဗဟိုကောင်စီမှ သဘောတူလက်ခံပြီး ဥက္ကဌတာဝန်မှ ရပ်စဲလိုက်တယ်လို့လည်း ဆိုပါတယ်။

CNO/CNDF အနေဖြင့် ပြည်သူလူထု၏ ယုံကြည်မှုနှင့် တော်လှန်ရေး၏ မူလရည်မှန်းချက်များအပေါ် သစ္စာရှိစွာ ဆက်လက်ရပ်တည်မည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ တရားမျှတမှုရရှိရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူ ခိုင်မာစွာ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

စည်းလုံးညီညွတ်မှု၊ ဖွဲ့စည်းပုံ၊ မူဝါဒနှင့် တော်လှန်ရေး၏ အကျိုးစီးပွားကို အစဉ်ဦးစားပေး၍ မဟာမိတ်များနှင့် လက်တွဲကာ ပြည်သူလူထု၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းကိုလည်း CNO/CNDF က ထပ်လောင်း အသိပေးထားတာတွေ့ရပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပြီးနောက် စစ်အာဏာရှင်စနစ်ကို ကနဦး လက်နက်ကိုင်တော်လှန်ခဲ့သည့် အဖွဲ့အစည်းများအနက် တစ်ခု အပါအဝင်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *