Headlines

မြင်းချေးနဲ့ ရေးဆွဲထားတဲ့ ဒေါ်နယ်ထရမ့် ပုံတူပန်းချီကား ကနေဒါမှာ ဒေါ်လာ ၁,၈၀၀ နဲ့ ရောင်းထွက်

ဩဂုတ်လ ၄ ရက်။

ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ (British Columbia) ပြည်နယ်မှာ ပြုလုပ်တဲ့ ပန်းချီပြပွဲတစ်ခုမှာ မြင်းချေးကို အသုံးပြုပြီး ရေးဆွဲထားတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပုံတူပန်းချီကားတစ်ချပ်ဟာ အမေရိကန်ဒေါ်လာ ၁,၈၀၀ နဲ့ လျှင်မြန်စွာ ရောင်းချသွားခဲ့ရတယ်လို့ ကနေဒါအခြေစိုက် CTV News သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီပန်းချီကားကို ကနေဒါနိုင်ငံသူ ပန်းချီဆရာမ Wendy Chartrand က ရေးဆွဲခဲ့တာဖြစ်ပြီး Sooke Fine Arts Show ပန်းချီပြပွဲမှာ ပြသခဲ့ရာမှာ ပရိသတ်တွေအကြား ရေပန်းအစားဆုံးနဲ့ ငြင်းခုံဖွယ်ရာ ပန်းချီကားတစ်ချပ် ဖြစ်လာခဲ့တာပါ။

ယခုလို မြင်းချေးကို အသုံးပြုရေးဆွဲတာဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စိတ်ပျက်စရာ အခြေအနေတွေအပေါ် သူမရဲ့ ခံစားချက်ကို ဖော်ထုတ်ပြသတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ပန်းချီဆရာမ Chartrand က CTV News ကို ပြောကြားခဲ့ပါတယ်။

“လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျမရဲ့ ခံစားချက်ကို ဖော်ထုတ်ဖို့ ဒီလို အသုံးပြုလိုက်တာက အသင့်တော်ဆုံးလို့ ထင်ပါတယ်” လို့လည်း ပန်းချီဆရာမက ဆိုပါတယ်။

သူမရဲ့ ခြံအတွင်း မြင်းများ မွေးမြူထားတာကြောင့် ကုန်ကြမ်းရရှိဖို့ လွယ်ကူခဲ့ပြီး၊ မြင်းချေးကို ရေနဲ့ ရောစပ်ကာ အမှုန့်ကြိတ်၊ စစ်ထုတ်ပြီး ရေဆေးဆေးရည်ကဲ့သို့ ဖန်တီးခဲ့ရတာဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်တဲ့ လုပ်ငန်းစဉ်ဟာ ရှုပ်ထွေးပြီး အနံ့အသက် ပြင်းထန်တာကြောင့် အပြင်ဘက်မှာ နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး သေချာ ရေးဆွဲခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ပန်းချီကားကို “The Don of Dung” လို့ အမည်ပေးထားပြီး အနံ့အသက် ကင်းစင်စေဖို့နဲ့ အရောင် မစွန်းထန်းစေဖို့အတွက် အရောင်တင်ဆီ နဲ့ အုပ်ထားခဲ့တာပါ။

ဒီပန်းချီကားဟာ ပြပွဲစတင်တဲ့ ပထမနေ့မှာတင် ကြည့်ရှုသူတွေရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိခဲ့ပြီးနောက် အမည်မသိ ဝယ်ယူသူတစ်ဦးထံ အမေရိကန်ဒေါ်လာ ၁,၈၀၀ (ကနေဒါဒေါ်လာ ၂,၅၀၀ ခန့်) နဲ့ လျှင်မြန်စွာ ရောင်းချသွားခဲ့ရတယ်လို့လည်း CTV News ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *