Headlines

“၈၈၈၈ အရေးတော်ပုံနှင့် ချင်းလူမျိုးများလှုပ်ရှားမှု”

Chin World Media

၁၉၈၈ ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံ တ၀န်းမှာ ကျောင်းသားပြည်သူတွေဟာ လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီအချိန်က ချင်းကျောင်းသားခေါင်းဆောင် အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မကသ) နဲ့ ချင်းအမျိုးသားသမဂ္ဂ (CNU) တို့မှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဆလိုင်းငိုင်ဆာ့ခ်နဲ့ အဲ့ဒီအချိန်က”၈၈၈၈ အရေးတော်ပုံနှင့် ရန်ကုန်မြို့ရှိ ချင်းအမျိုးသားများလှုပ်ရှားမှု”အကြောင်းတွေကို လွန်ခဲ့တဲ့၂၀၂၀ခုနှစ် သြဂုတ်လ ၆ ရက်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။ ။ အဲ့ဒီတုန်းက ချင်းကျောင်းသားသမဂ္ဂ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မကသ) မှာ ပါဝင်လှုပ်ရှားဖြစ်ခဲ့ပုံတွေကို ပြောပြပါဦး။

ဖြေ။ ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ချင်းကျောင်းသားတွေကော၊ အပြင်က မြို့မိမြို့ဖတွေကော အများကြီးလှုပ်ရှားကြတယ်။ ပထမဆုံးအနေနဲ့ ချင်းကျောင်းသားအကြောင်းပြောရရင်- ကျနော်တို့တတွေ ချင်းကျောင်းသားများသမဂ္ဂ (CSU) ကိုဖွဲ့ခဲ့တယ်။ ရွှေဘုံသာလမ်းမှာရှိတဲ့ ချင်းပြည်နယ် သမအသင်းရုံးကို ရုံးခန်းအနေနဲ့ လုပ်ခဲ့တယ်။ ပြီးတော့ မကသရဲ့ ၁၁၉ ဦးကော်မတီကိုလည်း ကိုယ်စားလှယ် နှစ်ယောက်ပါဝင်ခဲ့တယ်။ ကျနော်နဲ့ တာန်ကင်ခန့်ခိုင်တို့ပါ။ မကသ ရဲ့ ၁၁၉ ဦးကော်မတီက စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမမှာ အစည်းအဝေးလုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့က ဦးနုနဲ့ ကြားဖြတ်အစိုးရ မဖွဲ့ချင်ဘူး။ ဒါကြောင့် သူတို့ကို ဘယ်လိုစည်းရုံးကြမလဲပေါ့။ ကြားဖြတ်အစိုးရရှိပြီဆိုရင် အမေရိကန်အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြု ကူညီကြမယ်။ ဒါကြောင့် ဦးနု၊ ဗိုလ်မှူးအောင်၊ ဝိဓူရသခင်ချစ်မောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ပေါင်းပြီး ကြားဖြတ်အစိုးရဖွဲ့နိုင်ရင် ကျွန်တော်တို့ ဒီမိုကရေစီ လွယ်လင့်တကူရမယ်။ အဲ့ဒီနေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက် ပါတယ်။ သေနတ်ကျည်ဆန်တွေကြားထဲမှာ လွတ်အောင် ထွက်ပြေးခဲ့ကြရတယ်။

မေး။ ။ ချင်းအမျိုးသားသမဂ္ဂ (CNU) အနေနဲ့ လှုပ်ရှားခဲ့ကြတာတွေကကော ဘယ်လိုတွေမျိုးလဲ။

ဖြေ။ ။ နောက်တခုက ချင်းစစ်သားတွေက ကျောင်းသားတွေကို သေနတ်နဲ့ ပစ်သတ်တယ်လို့ ကောလဟာလထွက်ခဲ့တယ်။ ဒါကြောင့် ချင်းလူမျိုးတွေ စိတ်ချလုံခြုံမှု မရှိတော့ဘူး။ ချင်းလူမျိုးတွေကို သတ်ရမယ်လို့ ပြောတာတွေ ရှိလာတယ်။ ဒါကြောင့် CNU ချင်းအမျိုးသားသမဂ္ဂ ကို ဦးနန်လျန်းထန်၊ ဆလိုင်းရမ်လိန်မှူန်း၊ ကျနော်၊ ဆလိုင်းလျန်မှူန်း၊ ဒေါက်တာထန်ခန့်စွမ်၊ ဆရာပါမွှန်တို့တတွေ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တယ်။ ဒီအဖွဲ့အနေနဲ့ ရန်ကုန်မြို့အနှံ့ ဆန္ဒပြပါဝင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ သွားတဲ့လမ်းကြောင်းအတွက် ရှေ့ပြေးတွေကိုထားတယ်။ ဥပမာ- အင်းစိန် လမ်းသစ်လမ်းကနေ သွားတယ်ဆိုရင်အဲ့ဒီမှာ စည်းရုံးရေးမှူးတယောက်ရှိတယ်။ အလုံလမ်းမှာ စည်းရုံးရေးမှူး၊ ဗိုလ်ချုပ်လမ်းမှာ စည်းရုံးရေးမှူး ဆိုပြီး လမ်းကြောမှာရှိတဲ့ ချင်းလူမျိုးတွေကို ဖိတ်ခေါ်ထားတယ်။ သူတို့စည်းရုံးဖိတ်ခေါ်ထားသူတွေက ပါဝင်ပူးပေါင်းရင်းနဲ့ ကျွန်တော်တို့ လူအုပ်ကလည်း မသေးပါဘူး။ အဲ့ဒီလိုမျိုးတလလောက်လုံးလုံး လှုပ်ရှားခဲ့ကြပါတယ်။

သွေးဆူနေသူတွေရဲ့ လက်ချက်တွေကနေ ချင်းလူမျိုးတွေကို ကျွန်တော်တို့ ကယ်တင်နိုင်ခဲ့ပါတယ်။ “ချင်းစစ်သားတွေက ကျောင်းသားတွေကို သတ်တာမဟုတ်ဘူး” ဆိုပြီး ဆိုင်းဘုတ်တွေကိုလည်း ကျွန်တော်တို့ ကိုင်စွဲတယ်။ ဆရာဒေါ်လာတို့ဆိုရင်လည်း ချင်းဝတ်စုံအပြည့် လှံတံနဲ့ လံကွပ်တီနဲ့ အားရပါးရ လက်သီးလက်မောင်းတွေတန်းတော့ ပရိတ်သတ်တွေကလည်း လက်ခုပ်လက်ဝါးတွေနဲ့ အားပေးကြတယ်။

အဲ့ဒီလို ကောလဟာလတွေကို ချေဖျက်သလို၊ အဲ့ဒီခေတ် နိုင်ငံရေးကြွေးကြော်သံတွေဖြစ်တဲ့ “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” “အာဏာလုံးဝလွှဲပြောင်း ပေးရေး” “အစိုးရ ချက်ခြင်း နှုတ်ထွက်ပေးရေး” အစရှိတဲ့ ဒီမိုကရေစီတောင်းဆိုမှုတွေကို တခြားတိုင်းရင်းသားတွေနဲ့ တန်းတူ လှုပ်ရှားပါဝင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

မေး။ ။ အဲ့ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လှုပ်ရှားပတ်သက်ခဲ့မှုအပိုင်းတွေရှိရင်လည်း ပြောပြပါဦး။

ဖြေ။ ။ ဒီအပိုင်းမှာပြောပြချင်တာတခုက ကျနော်တို့ ချင်းလူမျိုးတချို့အပါအဝင် သိတာမှားနေတာ တခုရှိပါတယ်။ အဲ့ဒါကတော့ ကျနော်တို့တတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံပြီး ခင်းတဲ့လမ်းမှာ မျှောပါနေသူတေလိုမျိုး မြင်နေကြတာကိုပါ။ အဲ့ဒီအမြင်က မှားပါတယ်။ ကျနော်တို့ ချင်းကျောင်းသားတွေအပါအဝင် မြန်မာနိုင်ငံက ကျောင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သွားခေါ်ပြီး ဖိတ်ခေါ်ခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး စိတ်မဝင်စားပါဘူး။ သူ့အမေ နေမကောင်းလို့ ပြန်လာတာဖြစ်ပြီး၊ အစပိုင်းမှာလည်း ပါဝင်ဖို့ တလျှောက်လုံးငြင်းဆိုခဲ့တယ်။ ကျနော်တို့က လူထုကို စကားလေးတခွန်းလောက်တော့ ပြောပေးပါဆိုပြီး တောင်းဆိုခဲ့ကြရင်းနဲ့ လူထုရဲ့ ထောက်ခံမှုကို တွေ့ပြီး အဲ့လိုနဲ့ နိုင်ငံရေးလောကထဲ ဝင်လာတာသာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က သူ့အတွက် လမ်းခင်းပေးခဲ့ကြသူဆိုရင် ပိုမှန်ပါမယ်။

မေး။ ။ CNU လှုပ်ရှားမှုက နောက်ပိုင်းဘယ်လို ရပ်တန့်သွားပါသလဲ။

ဖြေ။ ။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်တယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ကျနော်တို့ CSU အစည်းအေဝးကို တကြိမ်ထပ်ခေါ်ပြီးတော့ ဆက်လက်သွားရမယ့် နိုင်ငံရေးရေစီးကြောင်းမှာ ချင်းနိုင်ငံရေးပါတီတရပ်အနေနဲ့ ရပ်တည်သွားဖို့ လိုတယ်ဆိုပြီး သဘောတူချက်နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ကို ဖွဲ့တယ်။ CNU ဥက္ကဌဖြစ်တဲ့ ဦးနန်လျန်းထန်ကတော့ အစိုးရဝန်ထမ်းအလုပ်ကို ပြန်ဝင်တယ်။ CNLD ကို ဆလိုင်းရမ်လိန်မှူန်းဥက္ကဌ၊ ဆလိုင်းလျန်မှူန်း ဒုဥက္ကဌနဲ့ ကျနော် အထွေထွေအတွင်းရေးမှူးဆိုပြီး ဖွဲ့ခဲ့ကြပါတယ်။

CNU လှုပ်ရှားမှုကနေ ချင်းလူမျိုးအကြား စည်းလုံးမှုကိုလည်း ဖော်ဆောင်နိုင်ခဲ့တယ်။ ရန်ကုန်မြို့မှာနေတဲ့ ချင်းလူမျိုးတွေ တယောက်နဲ့တယောက် မတွေ့ဖြစ်၊ မသိဖြစ်ကြတာတွေလည်း သိကျွမ်းခင်မင်လာကြတယ်။ အရှို၊ ရခိုင်ဘက်က ချင်းလူမျိုးတွေထိ ပါဝင်ခဲ့တယ်။ နောက်တခုက ကောလဟာလကြောင့် ကြုံတွေ့ရနိုင်တဲ့ သွေးချောင်းစီးမှုတွေကိုလည်း ကယ်တင်နိုင်ခဲ့တယ်။ နောက်တခုကတော့ ချင်းလူမျိုးတွေဟာလည်း ဒီမိုကရေစီကို လိုလားချစ်မြတ်နိုးတယ်ဆိုတာကို ပြသနိုင်ခဲ့ကြတယ်။

မေး။ ။ ရှစ်လေးလုံးအမှတ်တရကာလမှာ ချင်းလူထုကိုကော ဘာများပြောချင်တာရှိပါသလဲ။

ဖြေ။ ။ ချင်းလူမျိုးတွေဟာ လူမျိုးငယ် လူမျိုးသေး မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းတိုင်းမှာ ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ့အရေးကို တက်ကြွစွာ လှုပ်ရှားခဲ့သူတွေဖြစ်ကြပါတယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းစစ်ဖြစ်တော့ ရန်ကုန်အစိုးရကို ကယ်တင်ခဲ့တာလည်း ချင်းလူမျိုးတွေသာလျှင်ဖြစ်ပါတယ်။ နောက်ပြီး မဆလ စစ်အာဏာရှင် စနစ်ကို ရိုက်ခတ်မှင်သက်အောင် ဦးဆောင်လှုပ်ရှားရင်း ကြိုးပေးသတ်ခံရတဲ့အထိ အညှိုးကြီးမားစွာခံခဲ့ရသူကလည်း ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးဖြစ်တယ်။ ထိုနည်းတူစွာ ၁၉၈၈ အရေးအခင်းမှာလည်း ချင်းလူမျိုးတွေ ဘေးထွက် ထိုင်မနေပါဘူး။ ခေတ်တိုင်းမှာ ချင်းတွေ မညံ့ပါဘူး။

=====================

၈၈၈၈ အရေးတော်ပုံနှင့် ချင်းလူမျိုးများလှုပ်ရှားမှု

Chin World Media

August 08, 2018

လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကာလ၊ သြဂုတ်လ ကြီးတွင် နှစ်ပေါင်း (၂၆) နှစ်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံအား တပါတီစစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်နေဝင်း၏ မဆလအစိုးရအား ဖြုတ်ချနိုင်ခဲ့ပြီး၊ ဒီမိုကရေစီအရေးများ တောင်းဆိုခဲ့ကြသည်။ ထိုအချိန်အခါကာလတွင် လှည်းနေမြေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုသို့ လမ်းမပေါ်သို့ထွက်ရှိခဲ့ကြကာ ၈၈၈၈ လူထုအရေးတော်ပုံကြီးအား ပါဝင်ခဲ့ကြသည်မှာ နှစ်ပေါင်း (၃၀) တိုင်ခဲ့လေပြီဖြစ်သည်။ ၈၈၈၈ အရေးတော်ပုံကြီးနှင့်အတူ ချင်းအမျိုးသားများ၏ လှုပ်ရှားပါဝင်မှုများအားနှင့် စပ်လျှဉ်း၍ ယင်းအချိန်က ဦးဆောင် ပါဝင်ခဲ့တဲ့ Salai Lian Hmung ကို ဆက်သွယ်ပြီး သူတို့ဖြတ်သန်းခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီးအကြောင်းကို မေးမြန်းထားပါတယ်။

(ဆလိုင်းလျန်မှူန်း (Dr. Salai Lian Sakhong) သည် ၁၉၈၀-၈၁ ပညာသင်နှစ်တွင် ခစယ (ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ-တက္ကသိုလ်များရန်ကုန်)၏ အတွင်းရေးမှူးဖြစ်ခဲ့ပြီး၊ ၈၈၈၈ အရေးတော်ပုံနှင့်အတူ ဖွဲ့စည်းခဲ့သော Chin National Union (CNU) ၏ အတွင်းရေးမှူးအဖြစ် ရန်ကုန်မြို့တော်တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ နောက်ပိုင်း နိုင်ငံရေးပါတီများဖွဲ့စည်းကြရာတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုဥက္ကဌဖြစ်လာခဲ့သည်။ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေစဉ်ကာလတွင်လည်း ချင်းအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် တက်ကြွစွာဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူလည်းဖြစ်သည်။ ၂၀၀၇ အတွက် Martin Luther King Jr. Award အား ဆွီဒင်နိုင်ငံ၌ ချီးမြှင့်ခြင်းလည်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင်လည်း ယနေ့ထက်တိုင် တက်ကြွစွာပါဝင်လှုပ်ရှားလျက်ရှိသည့် ဆလိုင်းလျန်မှူန်းသည် မကြာမီက “နှုတ်ဆက်ခဲ့တယ် အမိတက္ကသိုလ်” အမည်ရှိ ဘဝဖြတ်သန်းမှု စာအုပ်အား ၈၈၈၈ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည်။)

(က) ၈၈၈၈ အရေးအခင်းနဲ့ ကျနော်တို့ရဲ့ Poster Campaign

၈၈ ကာလမှာက လူထုတွေရဲ့ ကြွေးကြော်သံတွေ၊ တောင်းဆိုချက်ဆိုင်းဘုတ်တွေက လမ်းမကြီးတွေရဲ့ တဖက်တချက်မှာ ချိတ်ဆွဲထားကြတယ်။ အဲဒီလိုပဲ စစ်တပ်ဘက်ကနေလည်း တန်ပြန်ပိုစတာတွေကို ထောင်တာမျိုးလည်းရှိပါတယ်။

သြဂုတ်လရဲ့ တနင်္ဂနွေတရက်မှာ- ကျနော် ဘုရားကျောင်း (Rangon Chin Baptist Church, RCBC) ကို သွားပါတယ်။ ကျနော်က အဲဒီအချိန်မှာ လူငယ် Sunday School သင်ပါတယ်။ ဆလိုင်းရမ်လိန်မှူန်းက လူကြီး Sunday School သင်ပါတယ်။ အဲဒီနေ့မှာက ဘုရားကျောင်းမှာ လူတအားနည်းတယ်။ ဘာကြောင့်လည်းဆိုတာကို ပြောကြတော့ ပိုစတာတွေထဲမှာ- ဆန္ဒပြနေတဲ့ ကျောင်းသားပြည်သူတွေကို သတ်တာ ချင်းတပ်ဖြစ်တယ်။ ချင်းစစ်သားတွေဖြစ်တယ်။ ဒါကြောင့် ချင်းတွေကို ပြန်သတ်ရမယ်။ စတဲ့စာတွေနဲ့ အကြောင်းအရာတွေ ထွက်နေတာကြောင့် ကြောက်ပြီး အပြင်မထွက်ရဲကြတာဖြစ်တယ်ဆိုပြီး သိရတယ်။ အဲဒီကလာကလည်း ခေါင်းဖြတ်တာတွေ၊ လူသတ်တာတွေ စတာတွေကလည်း ဖြစ်ပေါ်နေတဲ့ အချိန်တွေဖြစ်ပြန်တယ်လေ။ ဒါနဲ့ပဲ ကျနော်နဲ့ ဆလိုင်းရမ်လိန်မှူန်းက မြို့ထဲသွားပြီးတော့ ပိုစတာတွေကိုလိုက်ကြည့်၊ အကြောင်းအရာတွေကိုလိုက်စုံစမ်းတဲ့အခါ အဲဒါရေးတဲ့သူက ဗိုလ်ကြီးအောင်ထွန်းဖြစ်ပြီး၊ သူက အရင်တုန်းက ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့တယ်လို့ သိရတယ်။ အဲဒီတုန်းက ဦးအောင်ကြီးက ဗိုလ်ချုပ်ကြီးနေဝင်းဆီကို စာရေးတဲ့ကိစ္စနဲ့ အရမ်းနာမည်ကြီးနေတဲ့ အချိန်လည်းဖြစ်တယ်။ အဲဒါနဲ့နောက်တနေ့မှာ ဦးအောင်ကြီးအိမ်ကို ကျနော်တို့သွားမေးပြီးတော့ ဟုတ်/မဟုတ်မေးတော့ သူက မဟုတ်ပါဘူးလို့ပြောတယ်။ အဲဒါနဲ့ RCBC Pastor, Rev. Lan Thuan က ပိုစတာတွေပြန်ကပ်ဖို့အတွက် ငွေကြေးစိုက်ထုတ်ပေးတဲ့ဟာနဲ့ ကျနော်တို့တတွေ စာတွေပြန်ရေးပြီးတော့ တမြို့လုံးအနှံ့ပြန်လိုက်ကပ်ကြတာပေါ့။ ချင်းသေနတ်ကိုင်တပ်ရင်းဆိုတာ နာမည်ပဲရှိတော့တယ်။ အဲဒီထဲမှာ ချင်းစစ်သားမရှိတော့ဘူး။ တပ်မတော်ဖွဲ့စည်းပုံပြောင်းပြီးနောက်ပိုင်းမှာ အကုန်ရောကုန်လိုက်တော့ ချင်းစစ်သားတွေမဟုတ်တဲ့အကြောင်း၊ ချင်းစစ်သားတွေပစ်တာ မဟုတ်ပါဘူးဆိုပြီးတော့ပေါ့။ အဲဒီနေ့မှာ ချက်ခြင်းပိုစတာတွေလိုက်ကပ်ကြတာကတော့- ဆလိုင်းရမ်လိန်မှူန်း (ကွယ်လွန်)၊ ဆလိုင်းလျန်မှူန်း၊ Salai Cung Cin (ယခု Canada)၊ Salai Pa Hmun (ယခု Australia)၊ Dr. Pa Suan (မြတ်ပုလဲသွားဆေးခန်း၊ ကလေးမြို့)နဲ့ ဆလိုင်းမိန်နှင်း (ကွယ်လွန်) တို့တတွေဖြစ်ကြပါတယ်။

၈၈ ကာလမှာ ကျနော်တို့ ချင်းလူမျိုးတွေအနေနဲ့ သွေးစည်းညီညွတ်စွာနဲ့ လှုပ်ရှားနိုင်စရာရှိတာတွေလှုပ်ရှားနိုင်အောင်ဆိုပြီး Chin National Solidarity ဆိုပြီးဖွဲ့ဖို့ကို တိုင်ပင်ဆွေးနွေးနေကြနေတုန်းမှာပဲ ဒီလိုချင်းစစ်သားကိစ္စအရေးပေါ်လာတော့ ခပ်သွက်သွက်နဲ့ပဲ Chin National Union (CNU) ဆိုပြီးဖွဲ့စည်းပြီးလှုပ်ရှားလိုက်ကြတယ်။ CNU မှာတော့ ဥက္ကဌက ဦးနန်လျန်ထန်း၊ ဒုဥက္ကဌက ဆလိုင်းရမ်လိန်မှူန်း၊ ကျနော်က အတွင်းရေးမှူးပေါ့။ CNU နဲ့ ဆန္ဒပြပွဲတွေလှုပ်ရှားခဲ့ကြတယ်။ အာဏာသိမ်းတဲ့အထိပေါ့။

(ခ) ကြားဖြတ်အစိုးရဖွဲ့စည်းရေးဖြစ်ရပ်များ။

ဒေါ်စုနဲ့က CNU အနေနဲ့ သွားတွေ့ဖြစ်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့နဲ့ တွေ့ပါတယ်။ ဆွေးနွေးတာတွေကတော့ အဲဒီကာလမှာ အဓိကပြောနေကြတဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းမယ့် ကိစ္စအပေါ်မှာ သူတို့ရဲ့ အမြင်၊ လှုပ်ရှားမှုတွေအကြောင်းတွေပါ။ ဦးနုနဲ့ကတော့ မတွေ့ဖြစ်ကြဘူး။ သူနဲ့ကတော့ CNLD ဖွဲ့ပြီးမှပဲ တွေ့ဖြစ်တယ်။ ချင်းအမျိုးသားနေ့အခမ်းအနားကိုသူလာတယ်လေ။ အရေးအခင်းကာလမှာတော့ မတွေ့ဖြစ်ဘူး။ သူက ကြားဖြတ်အစိုးရဖွဲ့ဖို့အတွက် တခြားသူတွေနဲ့ တိုင်ပင်ထားပါတယ်လို့ပြောပြီးတော့ တကယ်က ဒေါ်စုတို့ကလည်း ဘာမှမသိခဲ့ကြဘူးလေ။ အဲဒီတုန်းက ကျနော်က “ဘကြီးနု ညာသည်” ဆိုပြီးဆောင်းပါးတပုဒ်တောင် ရေးခဲ့တယ်။

အဲဒီကြားဖြတ်အစိုးရဖွဲ့လာခဲ့ရင် ချင်းဘက်ကနေ ပါဝင်သင့်/မသင့်၊ ပါရင် ဘယ်သူတွေပါသင့်သလဲဆိုတာကို ကျနော်တို့အထဲမှာ ဆွေးနွေးခဲ့ကြတယ်။ ပဏာမအဆင့်အနေနဲ့ မြို့နယ်တမြို့နယ်ကနေ ကိုယ်စားလှယ် (၂) ဦးစီ စာရင်းပေးဖို့ကို ကျနော်တို့အတွင်းမှာလုပ်တယ်။ ပြီးတော့မှ တကယ်ကြားဖြတ်ဖွဲ့ခဲ့ရင် ဒီ (၁၈) ဦးထဲကနေ (၂) ယောက် ပြန်ရွေးချယ်ပြီး ချင်းကိုယ်စားပါဝင်ခိုင်းမယ်ဆိုတာပေါ့။ မြို့နယ်အဆင့်ကနေ (၂) ဦးစီရွေးတဲ့အဆင့်အထိတော့ ရောက်ခဲ့ပါတယ်။

(ဂ) ၈၈၈၈ အရေးတော်ပုံမှသည် CNLD ပါတီ။

နောက်ပိုင်းမှာ- စောမောင်အာဏာသိမ်းတယ်။ စောမောင်အာဏာသိမ်းပြီးတော့ အဲဒီသပိတ်ကော်မတီအားလုံးကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းရင် ဖျက်သိမ်းတယ်လို့ကြေငြာ။ မဟုတ်ရင် မတရားအသင်းအဖြစ်သတ်မှတ်မယ်ဆိုပြီး အမိန့်ထုတ်ခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့တတွေ CNLD (Chin League) ကိုဖွဲ့စည်းခဲ့တယ်။ ဆလိုင်းရမ်လိန်မှူန်း ဥက္ကဌ၊ ကျနော်က ဒုဥက္ကဌ၊ ဆလိုင်းငိုင့်ဆာ့ခ်က အထွေထွေအတွင်းရေးမှူးဆိုပြီးပေါ့။ ဖွဲ့စည်းတာနဲ့ကို ကျနော်တို့တတွေ ထုတ်ပြန်ကြေညာချက်တစောင်ထုတ်ပြန်ခဲ့တယ်။ CNLD ကို မကြာခင်ကာလမှာ ညီလာခံခေါ်ပြီးတော့ လူကြီးတွေကို ဦးဆောင်ဖို့ လွှဲပေးမယ်။ လူကြီးတွေ မစုစည်းနိုင်သေးခင်မှာ ကျနော်တို့တတွေ စတင်ဖွဲ့စည်းထားခြင်းဖြစ်တယ်။ ကျနော်တို့ကိုယ်တိုင် လုံး၀ ဝင်အရွေးမခံဘူး။ ချင်းတမျိုးသားလုံးသွေးစည်းညီညွတ်ရေးကို လိုလားတယ်ဆိုပြီး ထုတ်ပြန်ခဲ့ကြပါတယ်။

(ဃ) ၈၈၈၈ အရေးတော်ပုံကြီးမှသည် နိုင်ငံရေးအခင်းအကျင်းအသစ်သို့ ။

၈၈၈၈ အရေးတော်ပုံကြီးက အရမ်းအရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့- မြန်မာ့နိုင်ငံရေးအနေအထားတွေကို ပြန်ကြည့်ရင် လွတ်လပ်ရေးရဖို့ အချိန်ကာလတခုမှာပဲ ဗမာတွေက တိုင်းရင်းသားတွေရဲ့ အရေးကို အလေးထားမှုရှိပြီး၊ ကျန်အချိန်မှာမရှိသလောက်ပဲ။ တလျှောက်လုံးမှာပေါ့လေ။ အစတုန်းကတော့ ဗမာနိုင်ငံရေးသမားတွေက ဒီမိုကရေစီ ရရှိရေးတခုပဲ။ ဦးနုကိုယ်တိုင်လည်း တောခိုခဲ့တော့ တိုင်းရင်းသားတွေနဲ့ စကားပြောတဲ့အခါ ဖက်ဒရယ်လ်ကိစ္စပြောတော့ နောက်ပြန်လှန်သွားခဲ့တယ်လေ။ ဒါပေမယ့် ၈၈ ပြီးနောက်ပိုင်းမှာတော့ ကျနော်တို့တတွေ ပိုမိုနီးစပ်လာတယ်။ ဥပမာ- NLD နဲ့ UNLD ပူးတွဲလုပ်ဆောင်မှုတွေ၊ ဗိုလ်အောင်ကျော်လမ်းကြေညာချက်တွေ၊ CRPP တွေ။ ပြည်ပမှာဆိုလည်း တပ်ပေါင်းစုတွေမှာ အတူတကွ အလုပ်အတူတူလုပ်နိုင်တာတွေက ၈၈ ကနေ ဖြစ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်တရပ်ဖြစ်တယ်။ သူတို့ကိုယ်တိုင်ကလည်း ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကို လက်ခံပြီးပြောဆိုလာကြတယ်။

နောက်ဆုံးအနေနဲ့က ၈၈၈၈ အရေးတော်ပုံက အပြီးသတ်အောင်ပွဲ မခံနိုင်သေးဘူး။

===========================

၈၈၈၈ အရေးတော်ပုံနှင့် ချင်းလူမျိုးများလှုပ်ရှားမှု

Chin World Media

August 08, 2018

လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကာလ၊ သြဂုတ်လ ကြီးတွင် နှစ်ပေါင်း (၂၆) နှစ်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံအား တပါတီစစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်နေဝင်း၏ မဆလအစိုးရအား ဖြုတ်ချနိုင်ခဲ့ပြီး၊ ဒီမိုကရေစီအရေးများ တောင်းဆိုခဲ့ကြသည်။ ထိုအချိန်အခါကာလတွင် လှည်းနေမြေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုသို့ လမ်းမပေါ်သို့ထွက်ရှိခဲ့ကြကာ ၈၈၈၈ လူထုအရေးတော်ပုံကြီးအား ပါဝင်ခဲ့ကြသည်မှာ နှစ်ပေါင်း (၃၀) တိုင်ခဲ့လေပြီဖြစ်သည်။ ၈၈၈၈ အရေးတော်ပုံကြီးနှင့်အတူ ချင်းအမျိုးသားများ၏ လှုပ်ရှားပါဝင်မှုများအားနှင့် စပ်လျှဉ်း၍ ယင်းအချိန်က ဦးဆောင် ပါဝင်ခဲ့ကြသော Pu Nang Lian Thang ကို ဆက်သွယ်ပြီး သူတို့ဖြတ်သန်းခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီးအကြောင်းကို မေးမြန်းထားပါတယ်။

(Pu Nang Lian Thang သည် ၁၉၇၅-၇၆ ပညာသင်နှစ်တွင် ခစယ (ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ-တက္ကသိုလ်များရန်ကုန်)၏ အတွင်းရေးမှူးဖြစ်ခဲ့ပြီး၊ ၈၈ ကာလတွင် အကောက်ခွန်ဦးစီးဌာန၌ ဒုလက်ထောက်ညွှန်ကြားရေးမှူးတာဝန်အား ထမ်းဆောင်လျက်ရှိသူဖြစ်သည်။ နောက်ပိုင်းတွင် ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး၊ Chin Community in Japan တွင် ဥက္ကဌအဖြစ် ဦးဆောင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ နေထိုင်လျှက်ရှိပြီး Chin Forum နှင့် Chin National Front တို့တွင် ပါဝင်လှုပ်ရှားလျက်ရှိသူဖြစ်သည်)

၁) CNU နှင့် ၈၈ အရေးအခင်း…။

ကျနော်က အဲဒီတုန်းက ဝန်ထမ်းပါ။ ဒါပေမယ့်လည်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေ၊ ချင်းလူမျိုးတွေရဲ့ သွေးစည်းညီညွတ်စွာနဲ့ အတူတကွပူးပေါင်းလိုမှုတွေရယ်၊ ဦးဆောင်ပေးဖို့တောင်းဆိုသူတွေကြောင့် စတင်ပါဝင်လာခဲ့တယ်။ ကျနော့အိမ်မှာပဲ CNU ကို ဖွဲ့စည်းခဲ့ကြတာပါ။ အဲဒီမှာတော့ အဓိကခေါင်းဆောင်တွေက ကျနော်က ဥက္ကဌနဲ့ ဆလိုင်းရမ်လိန်မှူန်းက ဒုဥက္ကဌ၊ ဆလိုင်းလျန်မှုန်းက အတွင်းရေးမှူး တခြား ဘာသာရေးပိုင်း၊ အစိုးရဝန်ထမ်းပိုင်း၊ တက္ကသိုလ်ကျောင်းသားတွေ စသည်ဖြင့်ပေါ့ အားလုံးတက်တက်ကြွကြွပါဝင်ခဲ့ကြတယ်။

ရန်ကုန်မြို့မှာ ချင်းလူမျိုးတွေကို ကိုယ်စားပြုပြီးလှုပ်ရှားမယ့် အဖွဲ့အစည်းတခုလိုအပ်တယ်ဆိုပြီး ဖွဲ့ခဲ့ကြတဲ့ ဒီ CNU က ၁၉၆၂ နောက်ပိုင်းမှာ ပထမဆုံးပေါ်ပေါက်တဲ့ ချင်းအဖွဲ့အစည်းဖြစ်တယ်။ ကျနော်တို့တတွေ ဆန္ဒပြပွဲတွေလည်း အများကြီးလုပ်ခဲ့တယ်။ နောက်ပြီး ဒေါ်စုရဲ့ တရားဟောပွဲမှာလည်း ပါဝင်ခဲ့ကြတယ်။ နောက်ပြီးအဲဒီကာလမှာ ချင်းလူမျိုးတွေအကြားမှာ လူထုနိုင်ငံရေးဆွေးနွေးပွဲ (၃) ပွဲလုပ်နိုင်ခဲ့ပါတယ်။ တခုက သိမ်ဖြူလမ်းမှာရှိတဲ့ YMCA ခန်းမမှာ။ နောက်တခါက ဂန္ဒီခန်းမမှာ။ နောက်တခါကတော့ အင်းစိန်ကျမ်းစာကျောင်းဝန်းထဲမှာ ဖြစ်ပါတယ်။

၂) နာမည်ကြီး ကြားဖြတ်အစိုးရဖွဲ့စည်းရေး..။

အဲဒီတုန်းက နာမည်ကြီးတာကတော့ ကြားဖြတ်အစိုးရဖွဲ့မယ်။ တိုင်းရင်းသားအသီးသီး၊ လူမျိုးစုအသီးသီးက ကိုယ်စားလှယ်တွေပေးကြပါဆိုတော့- အဲဒီနေ့က ကုန်သွယ်ရေးအပေါ်ကနေ စစ်တပ်က ပြည်သူတွေကို ပစ်တယ်။ ပြည်သူတွေက အဲ့ဒီကုန်သွယ်ရေးကို ၀ိုင်းပြီး စစ်သားတွေကို ဖမ်းတဲ့နေ့မှာ ကုန်သွယ်ရေးကပ်ရက် ကုန်သည်လမ်းက အိမ်တအိမ်မှာ ကြားဖြတ်အစိုးရဖွဲ့စည်းရေးမှာ ချင်းလူမျိုးတွေအနေနဲ့ ဘယ်လိုပါဝင်ကြမလဲဆိုတာကို ဆွေးနွေးကြတယ်။ ပစ်တာခတ်တာ အသံတွေတောင် တဒိန်းဒိန်းကြားပြီးတော့ အစည်းအဝေးလုပ်ကြတယ်။ အဲဒီမှာဆွေးနွေးကြတာက ကြားဖြတ်အစိုးရဖွဲ့ရင် ဘယ်သူတွေ ချင်းကိုယ်စားပြုပါကြမလဲပေါ့။ ကြားဖြတ်အစိုးရကို စစ်တပ်နဲ့ တခြားအဖွဲ့တွေဘက်က လက်မခံရင်၊ စင်ပြိုင်အစိုးရဖြစ်လာနိုင်တယ်။ အဲဒီစင်ပြိုင်ကလည်း အဆင်မပြေရင် ပြည်ပြေးအစိုးရအနေနဲ့ ထွက်ပြေးရကောင်းနိုင်တယ်ဆိုပြီး အရှည်ကြီးတွေ ဆွေးနွေးကြတော့ တချို့ကလည်း ငါတော့ အသက်ကြီးပြီ။ ဒီလောက်အထိတော့ မလုပ်ပါရစေနဲ့လို့ပြောတဲ့သူတွေရှိသလို၊ တချို့ကလည်း ဘယ်လိုပဲ တာဝန်ပေးပေး၊ လုပ်မယ်ဆိုတာမျိုးတွေလည်း ရှိခဲ့တာပေါ့။ ဒါပေမယ့် ကြားဖြတ်အစိုးရကိစ္စက ပျက်သွားခဲ့တယ်လေ။

တကယ်စင်ပြိုင်အစိုးရကို ထောင်ဖို့ ဆုံးဖြတ်တဲ့အချိန်မှာ ကြီးငါးကြီးထဲမှာ ဦးနုတယောက်ပဲ စင်ပြိုင်အစိုးရထောင်လိုက်တယ်။ ဦးနုက သူသာလျှင် ရွေးကောက်ပွဲအရ တက်လာတဲ့အစိုးရဖြစ်ပြီးတော့့ သူသာလျှင် ဒီဟာကို ဦးဆောင်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောလိုက်တဲ့အခါ ပွဲလန့်တုန်းဖျာခင်းတယ်ဆိုပြီး သူ့ကို မထောက်ခံခဲ့ကြဘူး။ ဦးနုအစိုးရထဲမှာဆိုရင် ကျနော်တို့ ချင်းလူမျိုးထဲက ဒေါက်တာဝမ်ကိုဟောက နိုင်ငံခြားရေးတာဝန်ယူတယ်။ အဖမ်းခံံ၊ အထိန်းသိမ်းခံ၊ အနီးကပ် ကြီးကြပ်ခံရတဲ့အထိ ဦးနုဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တယ်။ ကြီးငါးကြီးဆိုတာက ဦးနု၊ ဦးတင်ဦး၊ ဒေါ်စု၊ ဦးအောင်ကြီးနဲ့ ဗိုလ်မှူးအောင်တို့ ဖြစ်ပါတယ်။ သူတို့ငါးယောက် ညှိနှိုင်းနိုင်ခဲ့ရင် တခုတခုပြတ်တဲ့ အနေအထားမှာ ရှိခဲ့တယ်။ နိုင်ငံရေးတကွက်မှားလို့မရဘူးဆိုတာကို သင်ခန်းစာယူဖို့ နားလည်ဖို့ကောင်းပါတယ်။

တိုင်းပြည်အရေး၊ ဆုံးဖြတ်ရမယ့်အရေးမှာ ဆုံးဖြတ်တဲ့သူနေရာဟာ တိုင်းရင်းသားတွေရဲ့ လက်ထဲမှာ မရှိတဲ့အတွက် ဗမာခေါင်းဆောင်တွေရဲ့ ညီညွတ်မှု၊ သဘောထားကြီးမှုက တိုင်းပြည်ရဲ့ အဆုံးအဖြတ်ပေးတဲ့နေရာမှာ အင်မတန်မှ အရေးကြီးတယ်လို့ မြင်ပါတယ်။

၃) CNU မှသည် CNLD နှင့် ZNC

အတိုပြောရရင် နောက်ဆုံးတော့ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲလုပ်ပေးမယ်။ ပါတီထူထောင်ခွင့်ပေးမယ်ဆိုပြီး ကြေငြာတော့- ကျနော်တို့က ချင်းနိုင်ငံရေးပါတီ ထူထောင်ကြရအောင်ဆိုပြီး လူကြီးတွေအကုန်လုံးကို လိုက်ညှိတော့ နိုင်ငံရေးသမားတွေက Wait and See ပဲလို့ ပြောကြတယ်။ ဝန်ထမ်းတွေကလည်း လုပ်ငန်းခွင်ပြန်ဝင်။ ဘာသာရေးဆရာတွေလည်း မပါကြတော့ဘူး။ နိုင်ငံရေးတော့ အားပေမယ်။ ပါတီထူထောင်တဲ့အတဲမှာတော့ မပါဝင်တော့ဘူးဆိုပြီးပေါ့။ အစိုးရဝန်ထမ်းတွေကိုလည်း အစိုးရက လုပ်ငန်းခွင်ပြန်ဝင်ပါ။ မဖမ်းဘူး။ ရာထူးမဖြုတ်ဘူးဆိုတော့ နိုင်ငံရေးပါတီ ထောင်ဖို့က တကယ်အလုပ်လုပ်မယ့်သူမရှိကြဘူး။ နောက်ဆုံး ဆလိုင်းရမ်လိန်မှုန်းရယ်၊ ကျနော်ရယ်။ ဆလိုင်းလျန်မှုန်းရယ်။ ဆလိုင်းငိုင်ဆာ့ခ်တို့ရယ်က ပါတီမထောင်လို့တော့ မဖြစ်ဘူးဆိုပြီး Pu Ngun Hlei Thang အိမ်က အစည်းအဝေးမှာ Chin National League for Democracy (CNLD) ကို စတင်တည်ထောင်ခဲ့ကြတယ်။ တချိုကလည်း ZNC အနေနဲ့ သွားကြတယ်ပေါ့။ ကျနာ်ကတော့ ပါတီ နှစ်ခုလုံးထူထောင်ရာမှာ ထဲထဲဝင်ဝင်နဲ့ အားလုံးနဲ့အတူ လက်တွဲကြီး အားပေးခဲ့ပါတယ်။ ရွေးကောက်ပွဲဝင်တဲ့အပိုင်းတော့ ကျနော် မပါဝင်ခဲ့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *