Headlines

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်စစ်သုံပန်းတချို့ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ထံ ရောက်ရှိ

စက်တင်ဘာလ ၁၆ ရက်။

ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မြို့နယ်အခြေစိုက် ချင်းညီနောင်(CB) အဖွဲဝင် PDF – Zoland တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်သုံပန်း ၈၀ ခန့်ဟာ ထွက်ပြေးလွတ်မြောက်သွားပြီး တချို့စစ်သုံ့ ပန်းတွေဟာ တီးတိန်မြို့အခြေစိုက် ခလရ – ၂၆၉ တပ်ရင်းကို ရောက်ရှိလာကြောင်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ညက PDF – Zoland တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကဗိုလ်မှူးအပါအဝင် စစ်သုံပန်း ၈၀ ခန့်ဟာ အစောင့်တွေကို ရိုက်ပြီး လက်နက်၊ ကျည်တွေယူကာ ထွက်ပြေးခဲ့တာဖြစ်ပြီး အဲဒီထဲက တချို့စစ်သုံ့ပန်းတွေဟာ မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့က တီးတိန်မြို့အခြေစိုက် ခလရ – ၂၆၉ တပ်ရင်းကို ပြန်လည်ရောက်ရှိတဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်းရင်းမြစ်တစ်ဦးက “ မနေ့မနက်က တပ်ကုန်းဘက်ကို မောင်းသွားတဲ့ကားပေါ်မှာ စစ်ဝတ်စုံဝတ်တဲ့သူတွေရော အရပ်ဝတ်နဲ့ ကတုံးဆံပင်ပုံစံ စစ်သုံ့ပန်းတွေတချို့ အော်ဟစ်ပျော်နေကြတယ် တပ်ထဲကနေ သွားကြိုတဲ့ ပုံစံမျိုးလို့ပြောကြတယ် ဒေသခံတစ်ချို့ကလည်း မြင်တယ်လို့ ပြောကြတယ်” လို့ပြောပါတယ်။

PDF – Zoland တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံပန်းတွေထဲက ၂ ဦးက ရေချိုးဖိုပြောလို့ အစောင့်တွေက လွှတ်ပေးလိုက်စဉ် အဲဒီ ၂ ယောက်က အစောင့်တွေကို ရိုက်ပြီး လက်နက်တွေ ကျည်တွေယူပြီး ကျန်တဲ့သူတွေကိုပါ လွှတ်ပေးကာ ထွက်ပြေးသွားကြတာလို့ သိရပါတယ်။

လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေသေးတဲ့ စစ်သုံ့ပန်းတွေကို လိုက်လံ ရှာဖွေနေဆဲဖြစ်တယ်လိုလည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *