Headlines

မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ခံစားနေရတယ်လို့ HRM ဖော်ပြ

စက်တင်ဘာ ၁၅

ပြည်တွင်းပြည်ပက မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရပေမဲ့ နိုင်ငံတကာနဲ့ အကူအညီပေးရေး အစီအစဉ်တွေမှာတော့ စိတ်ကျန်းမာရေး ထောက်ပံ့ကူညီမှုအပိုင်း အားနည်းနေဆဲ ဖြစ်တယ်လို့ Human Rights Myanmar (HRM) အဖွဲ့က ကုလသမဂ္ဂဆီ တင်သွင်းတဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလထုတ် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

အကူအညီပေးရေး အစီအစဉ် အများစုဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာနဲ့ ဥပဒေရေးရာ အကူအညီတွေကိုပဲ အဓိက ဦးစားပေးနေကြပြီး စိတ်ဒဏ်ရာ၊ စိတ်ကုန်ခန်းမှုနဲ့ နာတာရှည် စိတ်ဖိစီးမှုတွေကို ကုစားပေးဖို့ အလေးထားမှု နည်းပါးနေတာကြောင့် ဒါကို အကာအကွယ်ပေးရေး အစီအစဉ်တွေထဲ မဖြစ်မနေ ထည့်သွင်းပေးဖို့ လိုအပ်နေတာပါ။

ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေကြားမှာလည်း ကိုယ့်ထက် ပိုဒုက္ခရောက်နေသူတွေကို ဦးစားပေးရမယ်ဆိုတဲ့ အနစ်နာခံလိုစိတ်ကြောင့် ဖြစ်စေ၊ အကူအညီတောင်းတာကို အားနည်းချက်တစ်ခုလို ထင်မှတ်တာကြောင့် ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အပြင်မထုတ်ဘဲ ဖုံးကွယ်ထားလေ့ရှိကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေကြားမှာလည်း ကိုယ့်ထက် ပိုဒုက္ခရောက်နေသူတွေကို ဦးစားပေးရမယ်ဆိုတဲ့ အနစ်နာခံလိုစိတ်ကြောင့် ဖြစ်စေ၊ အကူအညီတောင်းတာကို အားနည်းချက်တစ်ခုလို ထင်မှတ်တာကြောင့် ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အပြင်မထုတ်ဘဲ ဖုံးကွယ်ထားလေ့ရှိကြတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာအရ စစ်ကော်မရှင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် ကြောက်ရွံ့မှု၊ မလုံခြုံမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အရပ်ဘက်လူထု လှုပ်ရှားမှုတွေ ရပ်တန့်သွားစေဖို့ ရည်ရွယ်ချက်ရှိရှိ နည်းလမ်းတစ်ခုလို အသုံးချနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ မျက်နှာဖတ်စနစ် ၊ ဇီဝအချက်အလက်၊ Deep Packet Inspection (DPI) စတဲ့ အဆင့်မြင့် နည်းပညာတွေနဲ့ ဖုန်းတွေကို ကျပန်း စစ်ဆေးတဲ့ နည်းလမ်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာကြောင့် တက်ကြွလှုပ်ရှားသူတွေကြားမှာ အမြဲတမ်း စောင့်ကြည့်ခံနေရတယ်ဆိုတဲ့ သံသယနဲ့ စိတ်ဖိစီးမှုဒဏ်ကို နေ့စဉ် ရင်ဆိုင်နေကြရပါတယ်။

အထူးသဖြင့် စစ်ကော်မရှင် ထောက်ခံသူတွေက သတင်းထောက်တွေနဲ့ လှုပ်ရှားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အွန်လိုင်းပေါ် ဖွင့်ချပြီးနောက် လိုက်လံဖမ်းဆီးတဲ့ “Dox-to-arrest” နည်းလမ်းကို အသုံးပြုနေသလို၊ တက်ကြွလှုပ်ရှားသူတွေကို ရှာမတွေ့တဲ့အခါ သက်ကြီးရွယ်အို မိဘတွေကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး အလုပ်တွေ ရပ်တန့်သွားအောင် စိတ်ပိုင်းဆိုင်ရာ ဖိအားပေး ခြိမ်းခြောက်တာတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီလို ဖိနှိပ်မှုတွေကြားထဲက သတင်းထောက်တွေဟာ အပစ်မှတ်ထားခံရဆုံး အုပ်စုဖြစ်နေပြီး မြေပြင်က သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို နေ့စဉ် သတင်းယူ တင်ဆက်နေရတာကြောင့် စိတ်ဒဏ်ရာ တွေကို ဆိုးဆိုးရွားရွား ခံစားနေကြရတာပါ။

တစ်ဖက်မှာလည်း အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသမီး သတင်းထောက်တွေဟာ အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထား သိက္ခာချတာနဲ့ သတင်းမှား ဖြန့်ဝေတိုက်ခိုက်တာတွေကို ပိုပြီး ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။

ပြည်ပကို တိမ်းရှောင်ခွင့် ရသွားကြတဲ့ လှုပ်ရှားသူတွေမှာလည်း ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းသွားပေမဲ့ တရားဝင် နေထိုင်ခွင့် အခက်အခဲ၊ စီးပွားရေး ကျပ်တည်းမှုတွေအပြင် ပြည်တွင်းမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒုက္ခရောက်နေတာကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရတဲ့ စိတ်ဒဏ်ရာ တွေကို ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *