Headlines

မလေးရှားအစိုးရက ဒီကနေ့မနက်ပိုင်းမှာ ချင်းလူမျိုးအမြောက်အများပါဝင်တဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကိုမြန်မာအစိုးရထံ လွှဲပြောင်း

စက်တင်ဘာလ ၂၉ ရက်။

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ နှစ်ရှည်လများ ထိန်းသိမ်းခံရသူတွေ ပထမသုတ်အနေဖြင့် လူဦးရေ ၁,၅၀၀ ခန့်ကို ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မနက်ပိုင်းမှာ မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ခံရသူတွေအထဲ ချင်းလူမျိုးလည်း အမြောက်အများပါဝင်တယ်လို့ ဒုက္ခသည်အရေးကူညီဆောင်ရွက်နေတဲ့ မလေးရှားမြန်မာ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မလေးရှားနိုင်ငံ၊ ပီရက်ပြည်နယ် ၊ လမ်မတ်မြို့မှာ ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကို ရဲတပ်ဖွဲ့ စောင့်ကြပ်မှုဖြင့် ဘတ်စ်ကားပေါ်တွေ တင်ဆောင်လာပြီး မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ် ၂ စီးနဲ့ ဆေးရုံသင်္ဘောတစ်စီးရှိရာဆိပ်ကမ်းကို ပို့ဆောင်နေကြပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မလေးရှားမြန်မာ လူမူရေးအသင်းက တာဝန်ရှိသူတစ်ဦးက “မလေးရှားထိန်းသိမ်းရေးစခန်း တွေမှာ အရမ်းကြာတဲ့သူတွေကိုတော့ ထိန်းသိမ်းရေးစခန်း တစ်ခုကနေ အယောက် ၂၀၀ ၊ အယောက် ၂၅၀ ၊ အယောက် ၃၀၀ အဲလို မလေးရှားအစိုးရကနေ ကားအကြီးတွေနဲ့ ယူပြီးတော့ လက်ရှိ မြန်မာစစ်တပ်သင်္ဘောစိုက်တဲ့နေရာ သင်္ဘောပေါ်ကို ကားတွေနဲ့ လိုက်ပို့နေတယ် မလေးရှားဘက်က ထုတ်ပြန်ချက်အရတော့ လူဦးရေ ၁၅၀၀ လို့တော့ ပြောတယ် မလေးရှားကနေ ဘယ်နေ့စထွက်မလဲဆိုတာတော့ မသိရသေးဘူး။ အခုလက်ရှိအချိန်ထိတော့ ထိန်းသိမ်းရေးစခန်းတွေကနေ သင်္ဘောစိုက်ကပ်တဲ့နေရာကိုတော့ လူတွေလိုက်ပို့နေတဲ့ အခြေအနေရှိတယ်” လို့ပြောပါတယ်

မလေးရှားနိုင်ငံမှာရှိတဲ့လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်ထဲကနေ လူဦးရေ ၅ ထောင်ကို မြန်မာအစိုးရက ပြန်လည်လက်ခံဖို့ မလေးရှားအစိုးရနဲ့ သဘောတူခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ပထမဆုံးအနေဖြင့် ပြန်လည်ပို့ဆောင်တာလို့ သိရပါတယ်။

“ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ အများကြီးအဖမ်းခံရပြီးတော့ ထိန်းသိမ်းခံထားရတယ် ဆိုတော့ လေကြောင်းလိုင်းကနေ ပြန်ဖို့က မှတ်ပုံတင်မူရင်းရှိရတယ် အိမ်ထောင်စုစာရင်းလိုတယ် ပြီးရင်အိမ်ထောင်စုစာရင်းထဲပါဝင်တဲ့ မိသားစုဝင်တစ်ယောက်ယောက်ရဲ့ မှတ်ပုံတင်ရှေ့နောက်လိုတယ် ပြီးရင် လေယာဉ်လတ်မှတ်ဖိုး မလေးငွေ ရင်းဂတ်စ် ၈၀၀ ပေးရတယ် အခုသင်္ဘောနဲ့လာခေါ်တယ်ဆိုတဲ့ဟာက မလေးရှားထိန်းသိမ်းရေးစခန်းမှာ အဖမ်းခံပြီးမှ နှစ်အကြာကြီးရှိနေတဲ့သူတွေ တချို့ကမှတ်ပုံတင်စာရင်းမရှိဘူး အိမ်ထောင်စုစာရင်းမရနိုင်ဘူး ပြီးရင် မြန်မာနိုင်ငံမှာ တချို့ဒေသတွေမှာက တိုင်းရင်းသားလက်နက်ကိုင်တွေကဘဲ ထိန်းချုပ်ထားတော့ ထာက်ခံစာတွေ ယူလို့မရတော့ဘူးလေ ဆိုတော့ မပြန်နိုင်ကြဘူး မပြန်နိုင်တဲ့သူတွေကို မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေအများကြီးရှိတယ် နှစ်နိုင်ငံကြားသဘောတူပြီးမှ သင်္ဘောနဲ့လာခေါ်တာဖြစ်တယ် သင်္ဘောနဲ့ပြန်တဲ့သူတွေက မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်းမပေးနိုင်တဲ့သူ မလေးရှားထောင်ထဲမှာ ထိန်းသိမ်းခံရသူတွေကို သင်္ဘောနဲ့ အခမဲ့လာခေါ်တာဖြစ်တယ်” မလေးရှားမြန်မာ လူမူရေးအသင်းက တာဝန်ရှိသူတစ်ဦးက လို့ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံပြန်လည်ပို့ဆောင်ခံရတဲ့ ချင်းလူမျိုးတွေအပါအဝင် တခြားတိုင်းရင်းသား ဘယ်နှဦးပါဝင်တယ်ဆိုတာမျိုး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးဘက်မှ ထုတ်ပြန်တာမျိုးမရှိလို့ လူဦးရေစာရင်းတိတိကျကျသိရဖို့ ခက်ခဲပေမယ့် ချင်းလူမျိုးအမြောက်အများပါဝင်တယ်လို့ ရွှေ့ပြောင်းဒုက္ခသည်ရေးဆောင်ရွက်နေတဲ့ မလေးရှားမြန်မာ လူမူရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *