Headlines

စစ်ကောင်စီစစ်သုံ့ပန်းတွေနဲ့ PDF – Zoland အကြား ပစ်ခတ်မှုအတွင်း သင်းအုပ်ဆရာ ၁ ဦး စစ်သုံ့ပန်းတွေရဲ့ ကျည်ထိမှန်ပြီးကွယ်လွန်

စက်တင်ဘာလ ၁၅ ရက်။

မနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Kaptel ရွာအနီးမှာ လက်နက်တွေနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံ့ပန်းတွေနဲ့ PDF – Zoland အကြား ပစ်ခတ်မှုအတွင်းသင်းအုပ်ဆရာ Rev.Dal Thawn Tuang ဟာ စစ်သုံ့ပန်းတွေရဲ့ကျည်ထိမှန်ပြီး ကွယ်လွန်သွားခဲ့ရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အတည်ပြုကြပါတယ်။

တီးတိန်မြို့နယ်၊ Lamzang ရွာ နေထိုင်တဲ့ နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့သင်းအုပ်ဆရာတော် Rev. Dal Thawn Tuang ဟာ Tuitawh ကျေးရွာကနေ သူ့အကိုဖြစ်သူနဲ့ ပြန်လာတဲ့အချိန် Kaptel တံတားအနီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ၎င်းနဲ့ အတူလိုက်ပါလာတဲ့ ဆရာတော်ရဲ့ အစ်ကိုဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နီးစပ်တဲ့သတင်းရင်းမြစ်တွေက “ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ PDF – Zoland အကြား Kaptel ကျေးရွာအနီး ပစ်ခတ်မှုဖြစ်နေတဲ့ချိန် Rev.Dal Thawn Tuang နဲ့ သူအကိုက Tuitawh ကနေ ပြန်တဲ့အချိန် Kaptel တံတားအရောက်မှာ သေနတ်ကျည်ထိမှန်တာာဖြစ်တယ်” လို့ပြောပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ညက PDF – Zoland တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဗိုလ်မှူးအပါအဝင် စစ်သုံ့ပန်း ၈၀ ခန့်ဟာ အစောင့်တွေကိုရိုက်နှက်ပြီး လက်နက်၊ ကျည်တွေယူကာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF – Zoland တပ်ဖွဲ့ကြား မနေ့ညနေပိုင်းလောက်မှာ Kaptel ကျေးရွာအနီးမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါးခဲ့တာလို့လည်း သိရပါတယ်။

သေနတ်ကျည်ထိမှန်သေဆုံးသွားတဲ့ ဆရာတော် Rev. Dal Thawn Tuang ရုပ်အလောင်းကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဂူသွင်းသဂြိုလ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *