
အောက်တိုဘာလ ၆ ရက်။
ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ပလက်ဝ – ဇိုရင်းပွီ အကြား ကားလမ်းဖောက်လုပ်ရေး စီမံကိန်းကို အမြန်ဆုံး အရှိန်အဟုန်မြင့် အကောင်ထည်ဖော်ဆောင်ရွက်ဖို့ မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးက IRCON ကုမ္ပဏီဘက်ကို တိုက်တွန်းလိုက်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Gen.Dr. Vijay Kumar Singh နဲ့ IRCON International ကုမ္မဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းတာဝန်ခံနဲ့ မနေ့ အောက်တိုဘာလ ၅ ရက် ၊ အိုက်ဇောလ်မြို့မှာ တွေ့ဆုံစဉ် ပလက်ဝ – ဇိုရင်းပွီလမ်းမကြီး ဖောက်လုပ်ရေးအခြေအနေနဲ့ပက်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ကုလားတန် ဘက်စုံသယ်ယူပိုဆောင်ရေး စီမံကိန်း (KMMTTP) ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာ လုပ်ဆောင်နေတဲ့ ၁၀၉.၂ ကီလိုမီတာ ရှည်လျားတဲ့ ပလက်ဝ-ဇိုရင်းပွီ လမ်းဖောက်လုပ်ရေး စီမံကိန်းဟာ ကြန့်ကြာနေပြီ ဖြစ်ပြီး လာမယ့် လုပ်ငန်းခွင်ရာသီမှာ အမြန်ဆုံးနဲ့ အများဆုံး ပြီးစီးအောင် လုပ်ဆောင်ကြဖို့ IRCON International ကုမ္ပဏီဘက်ကို မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
IRCON ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းအကြီးအကဲ Sanjay Tripathi ကလည်း စီမံကိန်း တိုးတက်မှုအခြေအနေတွေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း အုပ်ချုပ်ရေးမှူးထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒီကုလားတန် စီမံကိန်းဟာ အိန္ဒိယဗဟို အစိုးရရဲ့ အလွန်အရေးကြီးတဲ့ ထိပ်တန်းဦးစားပေး လုပ်ငန်းတစ်ခု အဖြစ်ပြီး ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်ဖို့နဲ့ နောက်ထပ် နှောင့်နှေးကြန့်ကြာမှုတွေ မရှိစေဘဲ စီမံကိန်းကို အောင်မြင်စွာပြီး မြောက်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြဖို့ကိုလည်း မီဇိုရမ်အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိ ပလက်ဝ – ဇိုရင်းပွီအကြား ကားလမ်းဖောက်လုပ်မှု စီမံကိန်းဟာ ၂၅ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီး လျာထားဘဏ္ဍာရေးအရ ၃၀ ရာခိုင်နှုန်း ကို အသုံးပြုထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ကုလားတန်ဘက်စုံသုံးစီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်ဖောင်ဆောင်ရေးအပြင် အရှေ့မြောက်ဒေသနဲ့ အရှေ့တောင်အာရှအကြား ဆက်သွယ်ရေးတို့ကို တိုးမြှင့်ရေးတို့အတွက် အရေးပါတဲ့ စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။

