
DonBosco
“သက်သေတွေ ရှိနေပြီ၊ ဘယ်မှာလဲ အရေးယူမှု” (The Evidence Exists. Where is the Action?) ဆိုတဲ့ မေးခွန်းဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ညီလာခံခန်းမတွင်းမှာ နိုင်ငံတကာ သံတမန်တွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း ကိုယ်တိုင် ပြတ်ပြတ်သားသား မေးခွန်းထုတ်ခဲ့ဖူးပြီးသား စကားတစ်ခွန်း ဖြစ်ပါတယ်။

ဒါပေမဲ့ မြေပြင်မှာ စစ်ကော်မရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက ၅ နှစ်ကျော် ကာလအတွင်း နေ့စဉ်နဲ့အမျှ ပိုမိုဆိုးရွားလာနေချိန်မှာ နိုင်ငံတကာ အသိုက်အဝန်းဘက်ကတော့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ ပျက်ကွက်နေဆဲဖြစ်တာကြောင့် ဒီမေးခွန်းဟောင်းကြီးကိုပဲ ထပ်ခါထပ်ခါ ပြန်လည်မေးခွန်းထုတ်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဒီလို အခြေအနေတွေကြားကပဲ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ Palais des Nations ရှိ အခန်းအမှတ် (XI) မှာ ကျင်းပနေတဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ညီလာခံကာလအတွင်း ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက် ညနေ ၄ နာရီကနေ ၅ နာရီအထိ “မှတ်တမ်းတင်မှုမှသည် တာဝန်ခံမှုဆီသို့ – မြန်မာနိုင်ငံရှိ နိုင်ငံတကာ ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ခြင်း” (FROM DOCUMENTATION TO ACCOUNTABILITY: Ending Impunity for International Crimes in Myanmar) ခေါင်းစဉ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးဆွေးနွေးပွဲ (Side Event) တစ်ရပ်ကို CHRO က ဦးဆောင်ပြီး ထပ်မံကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို CHRO က အဓိက ဦးစီးကျင်းပပြီး FORUM-ASIA၊ Fortify Rights၊ Human Rights Watch (HRW)၊ Christian Solidarity Worldwide (CSW) နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) တို့က ပူးတွဲစီစဉ် (Co-sponsor) ခဲ့ကြတာဖြစ်ကာ FORUM-ASIA မှ Adam က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ Fortify Rights ရဲ့ အမှုဆောင်ဒါရိုက်တာ Amy Smith၊ CHRO ရဲ့ စည်းရုံးလှုံ့ဆော်ရေးနှင့် ချိတ်ဆက်ညှိနှိုင်းရေးအရာရှိ Rose Mary၊ လွတ်လပ်တဲ့ အနုပညာရှင်နဲ့ တက်ကြွလှုပ်ရှားသူ အဆိုတော် ဖြူဖြူကျော်သိန်း၊ CHRO ဘုတ်အဖွဲ့ဝင် ဒေါ်ဥမ္မာလီလင်းနဲ့ CHRO အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း တို့က အဓိက ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား သေဆုံးသူ သောင်းနဲ့ချီ ရှိလာခဲ့ပြီး အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေနဲ့အတူ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သန်းပေါင်းများစွာအထိ မြင့်တက်လာခဲ့ပါတယ်။
အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးချုပ် (OHCHR) နဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကော်မရှင်ရဲ့ အရပ်သားပြည်သူတွေအပေါ် အဓိက ပုံစံထုတ် အပြစ်ပေးသည့် လက်နက်တစ်ခု ဖြစ်လာခဲ့ပြီး၊ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာတင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူ အရပ်သားရာပေါင်းများစွာ ရှိခဲ့ကာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများဆုံး ထိခိုက်သေဆုံးခဲ့ရပါတယ်။
မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (BNI – Myanmar Peace Monitor) ၏ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီလမှ ဇွန်လအထိ) အစီရင်ခံစာအရ စစ်ကော်မရှင်ဟာ မြေပြင်စစ်မျက်နှာများတွင် အထိနာပြီး နယ်မြေများ ဆုံးရှုံးလာရချိန်တွင် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်တင် အသုံးပြုလာခဲ့ကြောင်း ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် ၃ လအတွင်း တစ်နိုင်ငံလုံးတွင် မြေပြင်တိုက်ပွဲ ၂၂၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၂၁၇ ကြိမ်အထိ ပြုလုပ်ခဲ့သလို၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ ၁၈ လတာ ကာလအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁,၅၁၆ ကြိမ်အထိ စံချိန်တင် ရှိခဲ့ပါတယ်။ အဆိုပါကာလအတွင်း အရပ်သား ၃,၈၂၃ ဦး သေဆုံးခဲ့ပြီး ၅,၄၉၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထို့အပြင် မြေပြင်တိုက်ပွဲများ လျော့ကျသွားသော်လည်း စစ်ကော်မရှင်၏ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများနှင့် လေကြောင်းဖြင့် ခြိမ်းခြောက် တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင် (IDP) ဦးရေမှာ ယခင် ၃ လထက် ၁၄.၆၅ ရာခိုင်နှုန်းအထိ ပြောင်းပြန် မြင့်တက်လာခဲ့ပြီး၊ ဧပြီလမှ ဇွန်လအတွင်း လူဦးရေ ၁၃၇,၁၂၆ ဦး အိုးအိမ်စွန့်ခွာ အသစ် ထပ်မံထွက်ပြေးခဲ့ရကာ ၁၈ လအတွင်း စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၉၈၃,၉၂၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
စစ်ကော်မရှင် စစ်ကြောင်းများသည် မကွေးတိုင်း ပေါက်မြို့နယ် မြစ်ခြေဒေသတွင် အရပ်သား ၃၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သလို၊ ပဲခူးတိုင်း ညောင်လေးပင်တွင်လည်း အရပ်သား ၂၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က စနစ်တကျ မှတ်တမ်းတင် ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာကို တင်ပြကြတဲ့ အကြောင်းအရာများစွာထဲကတစ်ခုကိုပြောရမယ်ဆိုရင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူနာ၊ ဆရာဝန်၊ ဆရာမတွေနဲ့ အရပ်သား အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဟာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ရိုက် ရက်ရက်စက်စက် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတစ်ခု အဖြစ် ကမ္ဘာ့ကို ဖော်ပြနေပါတယ်။
မြို့ပြဒေသတွေမှာလည်း စစ်ကော်မရှင်ဟာ အကျပ်အတည်း ရင်ဆိုင်နေရချိန်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။ တစ်ဖက်တွင်လည်း စစ်ကော်မရှင်သည် ရှေ့တန်းစစ်မျက်နှာများရှိ ကြီးမားသော အင်အားပြုန်းတီးမှုကို အစားထိုးနိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးချကာ ရန်ကုန်၊ မန္တလေး၊ ကလေးနှင့် စစ်တွေမြို့ကြီးများတွင် ဧည့်စာရင်းစစ်ဆေးခြင်း၊ ငွေညှစ်ခြင်းနှင့် လူငယ်များကို ပြောင်ပြောင်တင်းတင်း ပေါ်တာဆွဲ ဖမ်းဆီးမှုများကို အပြင်းအထန် တိုးမြှင့် လုပ်ဆောင်လာနေတာကို အစီအရင်ခံစာတွေကဖော်ပြနေပါတယ်။
တရားမဝင် ရွေးကောက်ပွဲတွေ ကျင်းပမယ်၊ လွှတ်တော်တွေ ပေါ်လာမယ်ဆိုပြီး နိုင်ငံရေး အကူးအပြောင်းပုံစံ ဟန်ပြလုပ်ဆောင်နေပေမဲ့ မြေပြင်မှာတော့ ထိုးစစ်တွေ လုံးဝမရပ်တန့်ဘဲ လေကြောင်းဗုံးကြဲမှုတွေနဲ့ လူမဆန်တဲ့ ထိုးစစ်ဆင်မှုတွေကိုသာ ပိုမိုအရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ အတုအယောင် လွှတ်တော်နဲ့ အစိုးရယန္တရားတွေ ပေါ်လာတယ်ဆိုတဲ့ ကြွေးကြော်သံတွေကြားမှာ လူငယ်တွေကို အစုလိုက်အပြုံလိုက် ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုတောင် တရားဝင် ရင်ဆိုင်စောဒကတက်ရဲတဲ့ လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် အာဏာပိုင် တစ်ဦးတစ်ယောက်မျှ မရှိဘဲ စစ်တပ်ရဲ့ လက်အောက်ခံ သက်သက်သာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ဒေသအနှံ့အပြားမှာဆိုရင်လည်း စစ်ကော်မရှင်ဟာ ဒေသခံပြည်သူတွေကို အစာရေစာ၊ ဆေးဝါးနဲ့ ကုန်သွယ်ရေး ဆက်သွယ်ရေး လမ်းကြောင်းတွေ အားလုံးကို တမင်တကာ ပိတ်ဆို့ဖြတ်တောက်ထားပြီး နေ့စဉ်နဲ့အမျှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလကနေ ဇွန်လအထိ ချင်းပြည်နယ်ဟာ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှု အများဆုံး ပစ်မှတ်ထားခံရသည့် ဒေသ (စုစုပေါင်း ၄၃ ကြိမ်) ဖြစ်လာခဲ့ပါတယ်။
စစ်ကော်မရှင်သည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်သို့ မေလနှင့် ဇွန်လအတွင်း ဗုံးအလုံးရေ ၇၀ ခန့်အထိ ကြဲချတိုက်ခိုက်ခဲ့ပြီး၊ တစ်ရက်တည်းတွင် ၉ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်သုံ့ပန်းများ အပါအဝင် ၄ ဦး သေဆုံးခဲ့ရပါတယ်။ ထို့အပြင် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင်လည်း ကလေးငယ်များ အပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့ရသလို၊ ဧပြီလမှ ဇွန်လအတွင်း ချင်းပြည်နယ်တစ်ခုတည်း၌ပင် စစ်ကော်မရှင်၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ၃၈ ဦး သေဆုံးခဲ့ရပါတယ်။
ဖလမ်း၊ မင်းတပ်မြို့တွေက ဘုရားကျောင်းတွေ၊ လူနေအိမ်တွေနဲ့ ဆေးရုံဆေးခန်းတွေကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာတွေအပြင်၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Tlang Khua ရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ကယ်ဆယ်ရေးလုပ်နေသူတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ထပ်မံချေမှုန်းတဲ့ “Double-tap” ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ ချင်းပြည်နယ်အတွင်း စစ်ကော်မရှင် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေရဲ့ ထင်ရှားတဲ့ သက်သေတွေ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေကြောင့် ဆွေးနွေးပွဲမှာ “မြန်မာနိုင်ငံဟာ သက်သေအထောက်အထားတွေ ချို့တဲ့နေတာ မဟုတ်ဘဲ နိုင်ငံတကာဥပဒေကို အကောင်အထည်ဖော် အရေးယူဖို့ အကြိမ်ကြိမ် ပျက်ကွက်နေတာ ဖြစ်တယ်” ဆိုတဲ့ အချက်ကို အဓိက အခြေတည်ကာ နစ်နာသူဗဟိုပြု မှတ်တမ်းတင်မှုတွေနဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှု၊ အရပ်သားပြည်သူ အကာအကွယ်ပေးမှုနဲ့ တရားမျှတမှုဆိုင်ရာ တာဝန်ခံမှုအဖြစ် ဘယ်လို လက်တွေ့ ပြောင်းလဲဖော်ဆောင်မလဲဆိုတာကို အဖြေရှာခဲ့ကြပါတယ်။
CHRO က အထူးသဖြင့် လက်ရှိအချိန်ထိ အသက်ရှင်လျက် ရှိမရှိနဲ့ ဘယ်ရောက်နေမှန်း မသိရသေးတဲ့ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာက သိက္ခာတော်ရဆရာ Reverend William အဓမ္မ ဖမ်းဆီးပျောက်ဆုံးစေခံရမှု ဖြစ်စဉ်ကို မီးမောင်းထိုးပြကာ အဓမ္မ သို့မဟုတ် အလိုမတူဘဲ ပျောက်ဆုံးစေမှုဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ (UN WGEID) အနေနဲ့ အရေးတကြီး ဆောင်ရွက်ပေးဖို့နဲ့ အမှန်တရား ပေါ်ပေါက်ရေးအတွက် နိုင်ငံတကာက စဉ်ဆက်မပြတ် ဖိအားပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။
ဆွေးနွေးသူတွေက အချက်အလက်တွေကို မှတ်တမ်းတင် စုဆောင်းထားရုံသက်သက်နဲ့ အရပ်သားပြည်သူတွေကို မကာကွယ်နိုင်တာကြောင့် စစ်ကော်မရှင်ထံ လေယာဉ်၊ လေယာဉ်ဆီ၊ လက်နက်နဲ့ ဘဏ္ဍာငွေ စီးဆင်းမှုတွေကို ဖြတ်တောက်မယ့် ပူးပေါင်းအစီအမံတွေ ချမှတ်ဖို့၊ နိုင်ငံတကာ တာဝန်ခံမှု ယန္တရားတွေကို ထောက်ပံ့ပေးဖို့နဲ့ ပြည်တွင်းမှာ တရားမျှတမှု ပိတ်ပင်ခံထားရချိန်မှာ နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန်ပြီး ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့် (Universal Jurisdiction) ကို အသုံးချကာ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ တရားရုံးတွေကနေတစ်ဆင့် အရေးယူဆောင်ရွက်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အဆိုတော် ဖြူဖြူကျော်သိန်းက “Close the Sky” သီချင်းကို ကိုယ်တိုင် ပါဝင်ဖျော်ဖြေ တင်ဆက်ခဲ့ပြီး မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ အသံတွေကို ကုလသမဂ္ဂ အစည်းအဝေးခန်းမထဲအထိ သယ်ဆောင်လာကာ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာ တောင်းဆိုချက်အဖြစ် ပုံဖော်ပေးခဲ့ပါတယ်။
CHRO ၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက အချက်အလက် သက်သေတွေ ပြည့်စုံနေချိန်မှာ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ သဘောထားအပေါ် ပြင်းပြင်းထန်ထန် သတိပေး ပြောဆိုခဲ့ပါတယ်။
သူက “ငါတို့ သိထားတာတွေအပေါ် ဘာလုပ်ဆောင်ခဲ့ကြပြီးပြီလဲ။ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ သိနေရုံနဲ့တင် မလုံလောက်ပါဘူး။ တစ်ချိန်ချိန်မှာတော့ အသိတရားဟာ တာဝန်ယူမှု ဖြစ်လာပါတယ်။ ဒါဟာ အမှားနဲ့ အမှန်ကို ခွဲခြားသိဖို့တင် မဟုတ်ဘဲ၊ သိပြီးသွားတဲ့နောက် ဘာလုပ်ဖို့ ပြင်ဆင်ထားသလဲဆိုတဲ့ အသိတရားရဲ့ စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်” လို့ DVB မှာဖော်ပြတဲ့ သူ့ဆောင်းပါးမှာ ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိ ဟန်ပြရွေးကောက်ပွဲနဲ့ နိုင်ငံရေး အကူးအပြောင်းကာလ အကြောင်းပြချက်တွေနောက်မှာ ပုန်းခိုနေပြီး စစ်ကော်မရှင်ရဲ့ စစ်အာဏာရှင် စီမံကိန်းတွေကို “မလွှဲမရှောင်သာတဲ့ လက်တွေ့ပကတိ” အဖြစ် ပုံဖော်ကာ အာဏာရှိသူတွေနဲ့ အပေးအယူလုပ်ကာ အသုံးဝင်ပြဖို့ ကြိုးပမ်းနေကြတဲ့ ကြားခံဆောင်ရွက်သူတွေရဲ့ သဘောထားကိုလည်း သူက အခုလို မီးမောင်းထိုး ဝေဖန်ခဲ့ပါတယ်။
“အာဏာရှိသူတွေအတွက် အသုံးဝင်ပြတာနဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုတာဟာ မတူပါဘူး။ တစ်ခါတလေ ဒီနှစ်ခုက တိုက်ဆိုင်ချင် တိုက်ဆိုင်နိုင်ပေမဲ့ အတူတူတော့ မဟုတ်ပါဘူး။ တစ်ခုက အာဏာရှိသူတွေက ခင်ဗျားဆီက ဘာလိုချင်သလဲဆိုတာကို မေးပြီး၊ နောက်တစ်ခုကတော့ အာဏာမဲ့နေတဲ့ ပြည်သူတွေက ခင်ဗျားဆီက ဘာလိုအပ်နေသလဲဆိုတာကို မေးတာ ဖြစ်ပါတယ်။ ပြည်သူတွေက တစ်ခု လိုချင်နေပြီး အာဏာရှိသူတွေက နောက်တစ်ခု လိုချင်လာတဲ့အခါ ခင်ဗျား ဘယ်သူ့ကို စိတ်ပျက်စေမှာလဲ?” လို့ ဆလိုင်းဇအုပ်လိန်းက ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့ ၅ နှစ်ကျော်ကာလအတွင်း နှစ်ရှည်လများ စစ်ဘေးဒဏ်၊ လေကြောင်းဗုံးကြဲမှုဒဏ်နဲ့ အကြမ်းဖက်မှုဒဏ်တွေကို ပြင်းပြင်းထန်ထန် ခံစားနေရတာကြောင့် ငြိမ်းချမ်းရေးနဲ့ အိမ်ပြန်ခွင့်ကို တောင့်တနေကြပေမဲ့ ဒါကို စစ်ကော်မရှင်ရဲ့ အာဏာတည်မြဲရေးနဲ့ နိုင်ငံရေး တရားဝင်မှုအဖြစ် အသုံးချခွင့် မပြုသင့်ကြောင်း ဆလိုင်းဇအုပ်လိန်းက အခုလို အလေးအနက် သတိပေးခဲ့ပါတယ်။
“စစ်ဒဏ်ကို နှစ်နဲ့ချီ ခံစားခဲ့ရပြီးတဲ့နောက် ငြိမ်းချမ်းရေး လိုချင်တာ၊ အိမ်ပြန်ချင်တာဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ မောဟိုက်နွမ်းနယ်သွားတာဟာ သဘောတူ ခွင့်ပြုလိုက်တာ မဟုတ်ပါဘူး။ အိမ်ပြန်ချင်တဲ့သူဟာ သူ့ကို အိုးအိမ်စွန့်ခွာစေခဲ့တဲ့ အာဏာပိုင်တွေကို ထောက်ခံအတည်ပြုပေးလိုက်တာ မဟုတ်သလို၊ ငြိမ်းချမ်းရေး လိုချင်တဲ့ လူထုကလည်း အကြမ်းဖက် ကျူးလွန်သူတွေကို အဲဒီငြိမ်းချမ်းရေးရဲ့ စည်းကမ်းသတ်မှတ်ချက်တွေ သတ်မှတ်ခွင့် ပေးလိုက်တာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုကတစ်ဆင့် ထွက်ပေါ်လာတဲ့ နိုင်ငံရေး ရလဒ်တစ်ခုကို လက်တွေ့ပကတိအဖြစ် လျှော်ဖွတ်ပြီး လူထုရဲ့ သဘောတူညီမှုအဖြစ် ဟန်ဆောင်ပြသလာတာဟာ အလွန် အန္တရာယ်ကြီးပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီတွေအနေနဲ့ စစ်ကော်မရှင်နဲ့ ထိတွေ့ဆက်ဆံရာမှာ လူသားချင်းစာနာမှု လုပ်ငန်းတွေကို နိုင်ငံရေးအရ အမြတ်ထုတ်ခွင့် မပေးမိစေဖို့ကိုလည်း “တွေ့ဆုံခွင့် ရရှိတာဟာ ရှေ့ကို တိုးတက်လာတာ မဟုတ်ပါဘူး။ လူသားချင်းစာနာမှု အကူအညီဟာ လူသားချင်းစာနာမှု သက်သက်ပဲ ဖြစ်ရပါမယ်။ မဟုတ်ရင်တော့ အကူအညီတွေ ဝင်လာတဲ့ တံခါးပေါက်ဟာ စစ်တပ်အတွက် နိုင်ငံရေး တရားဝင်မှု ပြန်လည် ဝင်ရောက်လာမယ့် နောက်ဖေးပေါက် ဖြစ်သွားနိုင်ပါတယ်” လို့ အတိအလင်း သတိပေးခဲ့ပါတယ်။
မြေပြင်မှာ ၅ နှစ်တာကာလအတွင်း သက်သေအထောက်အထားတွေ အလျှံအပယ် ရှိနေပြီး ဥပဒေကြောင်းအရ အရေးယူနိုင်တဲ့ ယန္တရား တန်ဆာပလာတွေ အဆင်သင့် ရှိနေပေမဲ့ လက်တွေ့ အရေးယူဆောင်ရွက်လိုတဲ့ နိုင်ငံရေးဆန္ဒ (Political Will) သာ ချို့တဲ့နေဆဲ ဖြစ်တာကြောင့်၊ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စကားလုံးတွေနဲ့ အစီရင်ခံစာတွေမှာတင် ရပ်တန့်မနေဘဲ သက်သေအထောက်အထားတွေနဲ့ လက်တွေ့ အရေးယူမှုကြားက ကွာဟချက်ကို အမြန်ဆုံး ချုံ့ပစ်ကာ စစ်ကော်မရှင်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ကြဖို့ CHRO နဲ့ မဟာမိတ် အဖွဲ့အစည်းတွေက တိုက်တွန်း ဆော်ဩခဲ့ကြပါတယ်။


