

စက်တင်ဘာလ ၂၁ ရက်။
ချင်းအမျိုးသမီးတွေထဲက ပထမဆုံး B.A ဘွဲ့ရရှိသူ သမိုင်းဝင် ချင်းအမျိုးသမီးကြီး Pi Hlawn Kip Thluai အသက် ၉၀ နှစ် ဟာ စက်တင်ဘာလ ၂၀ ရက်မှာ အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရပါတယ်။
Pi Hlawn Kip Thluai ကို ချင်းပြည်နယ်၊ဖလမ်းမြို့နယ် Tlauhmun ရွာမှာ ၁၉၃၆ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။သူမဖခင်ဟာ ဇာဟောင်မျိုးနွယ်စုနှင့် ဟွာလ်ငိုးမျိုးနွယ်စု အုပ်ချုပ်သူတိုက်သူကြီး Pu Thang Tin Lian ဖြစ်ပါတယ်။
Pi Hlawn Kip Thluai ဟာ ၁၉၆၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(B.A)ရရှိခဲ့သော ပထမဆုံးချင်းအမျိုးသမီး ဖြစ်ပါတယ်။
သူမဟာ ပြည်ပမှာ ဆက်လက်ပညာသင်ကြားခဲ့ပြီး ချင်းပြည်နယ်ရှိ ဖလမ်း၊ ဟားခါးနှင့် မင်းတပ်မြို့နယ်များအပြင် စစ်ကိုင်းနှင့် ပုသိမ်တို့တွင် ဆရာမအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
သူမဟာ အင်္ဂလိပ်စာ သင်ကြားပို့ချပေးသူအဖြစ် နှစ် ၃၀ ကြာ လုပ်ကိုင်ခဲ့ပြီး ကွယ်လွန်အချိန်အထိ အမေရိကန်ပြည်ထောင်စုတွင်နေထိုင်ခဲ့ပါတယ်။
Pi Hlawn Kip Thluai ဟာ ၁၉၄၇ ခုနှစ် ဇွန်လတွင် Tlauhmun ရွာ၏ မူလတန်းကျောင်းသို့ အခြား ကျောင်းသူ (၃) ဦးဖြစ်သော Tlem Cing, Cer Cin, Van Hnuai Zing တို့နှင့်အတူ ပညာစတင် သင်ကြားခဲ့ပါတယ်။
သူတို့ (၄) ဦး စလုံး စတုတ္ထတန်းအောင်မြင်ခဲ့ပြီး ဖလမ်းမြို့ရှိ State High School သို့ တက်ရောက်ရန် ရောက်ရှိလာခဲ့ကြပါတယ်။
အထက်တန်းပညာအား သင်ယူနေစဉ် Hill Chin Students Union, Rangoon မှ The Best Student, State High School (Falam) ဟူသော ဂုဏ်ပြုလွှာနှင့်အတူ English to Burmese အဘိဓာန်တစ်အုပ်အား ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
၁၉၅၆ ခုနှစ်တွင် Matriculation စာမေးပွဲ (နဝမတန်းနှင့်ဒသမတန်းပေါင်း)ကာ ပြုလုပ်သော စာမေးပွဲအား ဖြေဆိုသူ အမျိုးသမီး (၄) ဦးအပါအဝင် (၃၅) ဦးနှင့်အတူဖြေဆိုခဲ့ရာ သူအပါအဝင် (၇) ဦးသာလျှင် အောင်မြင်ခဲ့ပါတယ်။
Pi Hlawn Kip Thluai မှ ” အဲဒီတုန်းက ကျောင်းသူတွေက- (၇) တန်း၊ (၈) တန်းပြီးရင် အစိုးရဝန်ထမ်း အဖြစ်နဲ့ ဝင်သွားတာတွေ၊ အိမ်ထောင်ကျသွားတာတွေနဲ့ ကျောင်းဆက်မတက်ဖြစ်ကြတာတွေများပါတယ်။ ပြီးတော့ အဲဒီခေတ်မှာ- အတန်းပညာ နည်းနည်းရှိတာနဲ့ အလုပ်အကိုင်တွေလည်း လွယ်လွယ်ကူကူရပြီး တလကို (၁၅၀) ကနေ (၂၀၀) လိုမျိုး လတွေလည်း ရကြပါတယ်။ ဒါတွေကြောင့်လည်း အတန်းပညာကို ဆက်လက် မသင်ကြတာမျိုးလည်း ဖြစ်တယ်။ ကျမ (၁၀) တန်းအောင်ပြီးနောက်ပိုင်း မှာတော့ ချင်းကျောင်းသူတွေလည်း ယခင်ကထက် ပိုမိုကြိုးစားကြပြီး (၁၀) တန်းအောင်သူတွေ တဖြည်းဖြည်း ရှိလာကြပါတယ်လို့ တချိန်မှ အကြောင်းအရာများကို ပြန်လည်ပြောပြပါတယ်။
ဤသို့ဖြင့် ၁၉၅၆ ခုနှစ်၊ မတ်လ တွင် ချင်းအမျိုးသမီးများအကြား ပထမဆုံး Matriculation Exam အောင်မြင်သော Pi Hlawn Kip Thluai ဟာ ၁၉၅၆ ခုနှစ် တက္ကသိုလ်ကျောင်းများဖွင့်ချိန်တွင် အခြား ကချင်၊ ကရင်၊ ရှမ်းစသော တိုင်းရင်းသူ ကျောင်းသူများအကြားတွင် တဦးတည်းသော ချင်းတက္ကသိုလ်ကျောင်းသူအဖြစ် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။
Pi Hlawn Kip Thluai မှ “ကျမ ၁၉၆၀ ခုနှစ်မှာ Bachelors of Arts (B.A) ဘွဲ့ရရှိခဲ့ပါတယ်။ အဲဒီတုန်းက ပညာရေးစနစ်က Subject Combination ပုံစံဖြစ်တယ်။ အခုခေတ်လိုမျိုး Major Subject မဟုတ်ပါဘူး။ ကျမရွေးချယ်ပြီး သင်ယူတဲ့ ဘာသာရပ်ကတော့ English, Political Science+Philosophy, Sociology & International Relations Combination တွေဖြစ်ပါတယ်။” လို့ ပြောပြပါတယ်။
ရန်ကုန်တွင် ဘွဲ့ရပြီးနောက်- Social Welfare Service Rangoon တွင် အလုပ်အကိုင်များ ရရှိသော်လည်း State High School, Falam တွင် Senior Teacher အဖြစ်လုပ်ကိုင်ရန်ကိုသာလျှင် ရွေးချယ်ခဲ့သူဖြစ်ပါတယ်။
ဖလမ်းမြို့တွင် Senior Teacher အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၁ ခုနှစ်တွင် Post Graduate Course, State Scholar အားလျှောက်လွှာတင်ခဲ့ပြီး ရန်ကုန်ရှိ ပညာရေးညွှန်ကြားရေးမှူး၏ အင်တာဗျူးအပြီးတွင် ၁၉၆၄ ခုနှစ်တွင် Diploma in Education (Dip.Ed) အား Post Graduate Course အား Sydney University, Australia တွင် သွားရောက်သင်ကြားခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။
Pi Hlawn Kip Thluai မှ ” Australia မှာ Teaching of English as a Foreign Language (TEFL) One Year Course ကိုလည်း ကျမတစ်ခါတည်း သင်လိုက်ပါတယ်။ Dip. Ed မတက်တဲ့အချိန်တွေမှာ TEFL အတန်းတွေကို သွားတက်ခဲ့တယ်။ TEFL ကတော့ နိုင်ငံခြားသားကျောင်းသား/သူတွေဖြစ်တဲ့ Burma, India, Pakistan,Malaysia, Indonesia နဲ့ Africa ဘက်ကဖြစ်ကြတယ်။ Dip Ed Course ကို သင်ယူကြသူတွေကတော့ ဒေသခံ Australian ကျောင်းသားတွေနဲ့ နိုင်ငံခြားကဆိုလို့ ကျမတစ်ဦးတည်းဖြစ်သည်။ ၁၉၆၄ နှစ်ကုန်မှာ ကျမအနေနဲ့ (၂) ခု စလုံးကို အောင်မြင်စွာ သင်ယူပြီးမြောက်ခဲ့တာဖြစ်တယ်” လို့ ပြန်ပြောင်း ပြောပြပါတယ်။
၁၉၆၅ တွင် အိမ်ထောင်ကျပြီးနောက် ချင်းတောင်တွင်သာ တာဝန်များကို ထမ်းဆောင်လိုပြီး ရာထူးတိုးကာ ရွှေ့ပြောင်းခြင်းများကိုမလိုခြင်းကြောင့် ထုချလွှာများ ပေးအပ်ရသည်အထိ ကြုံခဲ့ရသူဖြစ်သည်။ အလယ်တန်းကျောင်း (၂) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အလယ်တန်းကျောင်း (၂) ကျောင်းမှာ- Lumbang နှင့် Tlauhmun ဖြစ်ပြီး အထက်တန်းကျောင်းများမှာ- ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ စစ်ကိုင်းနှင့် ပုသိမ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါတယ်။
Pi Hlawn Kip Thluai ဟာ ၁၉၆၅ ခုနှစ်တွင် Sim Dihai ရွာမှ Pu Lian Thiam+Pi Za Hlei Tawl တို့၏ သား Pu Run Ro Thang နှင့် ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။
Pu Run Ro Thang သည် ၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ Bachelor of Arts (B.A) ဘွဲ့နှင့် ၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ Bachelor of Law (B.L) ဘွဲ့တို့ကို ရရှိခဲ့သူဖြစ်ပါတယ်။
၁၉၆၁ ခုနှစ်တွင် ဖလမ်းမြို့၌ Sub-divisional Officer (SDO)၊ ၁၉၆၅ ခုနှစ်တွင် SDO အဖြစ် ဟားခါးမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ State Law Officer အနေဖြင့်လည်း ဖလမ်းမြို့တွင် ၁၉၇၃ နှင့် ဟားခါးမြို့တွင် ၁၉၇၅ တို့၌ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ထို့ပြင် Director (Administration) Attorney General ‘s Office, Rangoon အဖြစ် (၁၉၉၁-၁၉၉၆) အတွင်း ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
Pi Hlawn Kip Thluai အား တချိန်က အကြောင်းများကို မေးမြန်းရာတွင်- ” ချင်းထုံးတမ်းစဉ်လာအရ အိမ်မှာ ယောက်ျားလေးတွေသာလျှင် ဦးစားပေးအရာပေးခံရတယ်။ အမွေဆက်ခံပိုင်ခွင့်ရှိတယ်။ မိန်းကလေးတွေ ပညာသင်ယူခြင်းကို အားပေးခြင်း မခံခဲ့ရဘူး။ ဒီနေ့ခေတ်မှာတော့ ချင်းအမျိုးသမီး တွေဟာလည်း ခေတ်မှီပညာတွေကို သင်ကြားနိုင်ကြပြီးမိသားစုမှာကော၊ ကဏ္ဍအသီးသီးမှာ အရေးပါအရာရောက်နေကြပါပြီ။ ဘိုးဘွားခေတ်က ” The Weaker Sex” ဆိုပြီး နှိမ့်ချဆက်ဆံခံရခြင်းမျိုး၊ Gender-Inequality မျိုးတွေ မရှိတော့ပါဘူး။ နိုင်ငံရေးအပါအဝင် လူမျိုးနဲ့တိုင်းပြည်ရဲ့ အခန်းကဏ္ဍ အသီးသီးမှာ အမျိုးသမီးတွေ ပါဝင်လာနေကြပါပြီ” လို့ ပြောခဲ့ပါတယ်။
Pi Hlawn Kip Thluai သည် ၂၀၁၀ ခုနှစ်တွင် Immigrant Visa ဖြင့် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော သား/သမီးများထံသို့ ပြောင်းရွှေ့နေထိုင်ပြီး၊ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ California ပြည်နယ် San Diego တွင် သား/သမီး၊ မြေးများနှင့်အတူ နေထိုင်ခဲ့ပါတယ်။

