Headlines

UN ဒုက္ခသည်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေ ယာယီရပ်ဆိုင်းဖို့ မလေးရှားအစိုးရညွှန်ကြားစာပေးပို့တာတွေ ရှိ ၊ မရှိ မသိရသေး

ဇူလိုင်လ ၂၄ ရက်။

မလေးရှားအစိုးရက ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) ရဲ့ ဒုက္ခသည်သစ် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေ အားလုံး ယာယီရပ်ဆိုင်းဖို့ သတင်းထုတ်ပြန်တာတွေရှိပေမယ့် အစိုးရဘက်က UNHCR ရုံးကို ညွှန်ကြားစာပေးပို့တာတွေ ရှိမရှိကိုတော့ မသိရသေးဘူးလို့ မလေးရှားမြန်မာ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မလေးရှားမြန်မာ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးက “မလေးရှားအစိုးရဘက်ကနေတော့ UNHCR ကို နောက်ထပ်မှတ်ပုံတင်အသစ်တွေ UN ကဒ်ထုတ်ပေးတာတွေ ရပ်တန့်ဖို့ သူတို့ထုတ်ပြန်ချက်နဲ့ သတင်းမှာ ထုတ်ပြန်လာတာဖြစ်တယ်။ UN ရုံးကို သူတို့စာပို့တာ မပို့တာကိုတော့ လောလောဆယ်မသိရသေးဘူး UN ဘက်ကို တတ်နိုင်သလောက် မေးကြည့်တော့ အစိုးရဘက်က တရားဝင်ညွှန်ကြားတာမရှိသေးဘူးလို့ သိရတယ်။ ဆိုတော့ UN ရဲ့ ထုတ်ပြန်ချက်ကို မလေးရှားမှာရှိနေတဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေဘက်ကတော့ UN ဘက်က တရားဝင်ထုတ်ပြန်လာမှဘဲ အစိုးရရဲ့တောင်းဆိုချက်၊ ထုတ်ပြန်ချက်ကို ဟုတ် ၊ မဟုတ် ကျနော်တို့ သိရမယ်” လို့ပြောပါတယ်။

ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) ရဲ့ ဒုက္ခသည်သစ် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေ အားလုံး ယာယီရပ်ဆိုင်းလိုက်ရင် ရွှေ့ပြောင်းအခြေချသူတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး စတာတွေအတွက် စိုးရိမ်ရတယ်လို့လည်း မလေးရှားမြန်မာ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည် သိန်းချီခိုလှုံနေထိုင်တဲ့ မလေးရှားနိုင်ငံမှာ ဒုက္ခသည် စီမံခန့်ခွဲမှုစနစ်တွေကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့အတွက် ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) ရဲ့ ဒုက္ခသည်သစ် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် အားလုံးကို ယာယီရပ်ဆိုင်းဖို့ မလေးရှားအစိုးရဘက်က ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အထက်လွှတ်တော်တွင် ပြောကြားခဲ့တယ်လို့ မလေးရှားက သတင်းဌာတချို့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *