Headlines

မန္တလေးကနေ ကလေးမြို့ကို ရောင်းဝယ်မယ့် ငွေကျပ် ၂ ဘီလံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့အတူ သယ်ဆောင် ရောင်းဝယ်ပါဝင်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရ

ဇူလိုင်လ ၂၄ ရက်။

မန္တလေးကနေ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို သယ်ဆောင် ရောင်းဝယ်ရာတွင် ပါဝင်သူတွေကို ဖမ်းဆီးရမိခဲ့ပြီး ငွေကျပ်နှစ်ဘီလံကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၅ သိန်းကျော်ကိုလည်း တရားခံတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီခွဲတွင် ကလေးမြို့အဝင်၌ အောင်အောင်ထွန်း (ခ) အောင်ကြီး မောင်းနှင်လာသည့် SURF မော်တော်ယာဉ်အား စစ်ဆေးရာမှ ကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သိန်းကို စတင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်များအရ ဇူလိုင် ၁၄ ရက်တွင် ကလေးမြို့၊ တာဟန်းရပ်ကွက်၌ မူးယစ်ဆေးဝါးများ လက်ခံယူရန် စောင့်ဆိုင်းနေသူ ထောင်းရှင်းခိုင် အား PRADO မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ နေအိမ်တွင် မကျင်းဆန်းညောင် (ခ) မဉာဏ် (ခ) စန်းစန်း (ခ) မညောင် အား လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးချက်များအရ ဇူလိုင် ၁၇ ရက် နံနက် ၃ နာရီတွင် မန္တလေးမှ ကလေးသို့ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပါဝင်သူများဖြစ်သည့် ဇော်ဇော်လတ် နှင့် မနွယ်နီလွင် တို့အား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၂) ရှိ တည်းခိုခန်းတစ်ခု၌ လည်းကောင်း၊ လှိုင်သလွန်း (ခ) ပါးတွောင် အား ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ နေအိမ်၌လည်းကောင်း ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။

ယင်းနေ့ နံနက် ၆ နာရီတွင် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်ရှိ နေအိမ်မှ ဇော်ဇော်လတ် နှင့် မနွယ်နီလွင် တို့ သိမ်းဆည်းထားသည့် ကျပ် ၁ ဒသမ ၄၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၉ ဒသမ ၆ သိန်းကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွဆေးပြား ၁၅ ဒသမ ၆ သိန်း (တန်ဖိုးကျပ် ၂ ဒသမ ၉၄ ဘီလီယံ) ထိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဖြစ်စဉ်တွင် ပူးပေါင်းပါဝင်သူ ထန်လမ့်ကျင့် အား အမရပူရမြို့နယ်၊ ဆောက်တောဝရွာရှိ ဂိုဒေါင်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

စုံစမ်းစစ်ဆေးချက်တွေအရ အဆိုပါ မူးယစ်ဆေးဝါးတွေကို မန္တလေးကနေ ကလေးသို့ အဓိက သယ်ဆောင်ရောင်းဝယ်သူများမှာ ကလေးမြို့နယ်နေ မစုမွန်လွင် (ခ) စုလေး (ခ) မစု နှင့် လားရှိုးမြို့နေ အောင်ကျော်ဦး တို့ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ ၂ ဦးအား ထွက်ပြေးလွတ်မြောက်နေသူများအဖြစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်လျက်ရှိသည်။

ဒါ့အပြင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *