
ဇူလိုင် ၂ ရက်။
မင်းတပ်၊ ကန်ပက်လက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ ၁ လ ကျော်အတွင်း ရာချီသေဆုံးကာ ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး(CPU/A )က ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များအတွင်း အင်အားထောင်ချီနဲ့ ကျူးကျော်ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ဖွဲ့ကို ချင်းပြည်သူ့တပ်မတော်(CPA)နှင့် မဟာမိတ် ပူးပေါင်းတပ်တွေဘက်က ဟန်ချက်ညီညီ၊ စည်းစည်းလုံးလုံးဖြင့် ခုခံတွန်းလှန်စစ် ဆင်နွှဲလျက်ရှိရာ တစ်လကျော်ကြာသည်အထိ စစ်ရေး အသာစီးဖြင့် တိုက်ပွဲဆင်နွှဲလျက်ရှိတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/A )က ထုတ်ပြန်ပါတယ်။
မေလ (၁၆) ရက်နေ့မှစတင်လို့ ကန်ပက်လက်၊ မင်းတပ်မြို့နယ်တွေကို ပြည်သူ့စစ် အများ အပြားပါဝင်ရောက်ခဲ့တဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ရဲ့ အင်အားထောင်ချီတဲ့ နယ်မြေကျူးကျော် စစ်ကြောင်းတွေကို ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောဒေသမှ တော်လှန်ရေးတပ်များဖြစ်သော (YDF)၊ (YA) အပါအဝင် မဟာမိတ်တပ်များ အတူတကွ လက်တွဲကာ ဟန့်တားတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ဆင်ခြင်းများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ကြရာ ရန်သူ့စစ်ကြောင်းမှာ ရာချီကျဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဘက်က အင်အား ရာနှင့်ချီနဲ့ ထိခိုက်မှုများခဲ့ပြီး တစ်လကျော်ကြာလာပြီဖြစ်သော ပြင်းထန်သည့် တိုက်ပွဲများအတွင်း ရန်သူ့အလောင်းများနှင့် သုံ့ပန်းများအပါအဝင် လက်နက်ခဲယမ်း အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ CPA က ထုတ်ပြန်ပါတယ်။
မြေပြင်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကော်မရှင်တပ်က စစ်ရေးပစ်မှတ်၊ အရပ်ဖက်ပစ်မှတ် မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်မှုများ နေ့စဉ်ရက်ဆက် ကျူးလွန်နေသဖြင့် အများပြည်သူတို့၏ အသက်၊ အိုးအိမ်စည်းစိမ်များ နေ့စဉ်ထိခိုက်လျက်ရှိနေခြင်း၊ ဘာသာရေးအဆောက်ဦးများ၊ ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးနေရခြင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ ရှိခဲ့တယ်လို့လည်းဆိုပါတယ်။
ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့တပ်မတော် (CPU/CPA) အနေဖြင့် မဟာမိတ် ပူးပေါင်းတပ်များ၊ ပြည်သူလူထုများနှင့်အတူ လက်တွဲပူးပေါင်းကာ နယ်မြေကျူးကျော် လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အရှိန်အဟုန်မြှင့်ပြီး နည်းလမ်းပေါင်းစုံဖြင့် အဆုံးထိ ခုခံတွန်းလှန်သွားရန် သန္နိဋ္ဌာန်ချကာ တော်လှန်လျက်ရှိပြီး ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသော မိဘပြည်သူများနှင့် တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူ သွားခဲ့ကြသော အာဇာနည်သူရဲကောင်း ရဲဘော်အပေါင်းကို ဦးညွှတ်ဂုဏ်ပြု မှတ်တမ်းတင် အပ်တယ်လို့လည်း ဆိုပါတယ်။

