Headlines

ကလေးမြို့ကို စစ်ရှောင်နေကြတဲ့ ခမ်းပတ်မြို့က စစ်ရှောင်ပြည်သူထောင်ကျော် စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့နေရာအတွက် အခက်ခဲကြုံတွေ့နေကြ

ဇူလိုင်လ ၁ ရက်။

ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့ ခမ်းပတ်မြို့က စစ်ရှောင်ပြည်သူထောင်ကျော်ဟာ စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ နေရာအခက်အခဲတွေ ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေဆီကနေသိရပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းမပေါ်မှာတည်ရှိတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ဆန်းပိုင်းလောက်ကစလို့ မြေပြင်ထိုးစစ်တွေ အပြင် လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ခဲ့တာကြောင့် ခမ်းပတ်မြို့ပေါ်နေ ဒေသခံ အများစုဟာ ကလေးမြို့နယ်နဲ့ မြို့ပေါ်တွေမှာ စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ခမ်းပတ်ကနေ လက်ရှိကလေးမြို့ကို စစ်ရှောင်လာတဲ့သူတွေက လူဦးရေနဲ့ဆိုရင်ထောင်ဂဏန်းရှိတယ် တချို့အိမ်ဌားနိုင်တဲ့သူက အိမ်ဌားကြတယ်၊ တချို့က ဆွေမျိုးနီးစပ်သူတွေအိမ်တွေမှာနေကြတယ် တချို့ကကြတော့ ဘုရားကျောင်းတွေမှာ နေထိုင်ကြတယ် အခုလို ကုန်ဈေးနှုန်းကြီးတဲ့ ကာလမှာ အစစအရာရာကလည်းဈေးကြီးတာရော နောက်ပြီး အိမ်ဌားချင်သူများတော့ အိမ်ဌားခတွေဈေးကြီးတော့ ဘုရားကျောင်းမှာ နေတဲ့သူတွေလည်း ရှိတယ် တချို့ဘုရားကျောင်းမှာဆို လူဦးရေ ၅ ရာဝန်းကျင်လောက်ရှိတာတွေလည်းရှိတယ် တချို့ဘုရားကျောင်းတွေမှာလည်း ရာဂဏန်းတော့ ရှိတယ် သူတို့တွေအတွက် အဓိကအခက်အခဲတော့ စားနပ်ရိက္ခာနဲ့ နေထိုင်စရာနေရာ အခက်ခဲရှိကြတယ်” လို့ပြောပါတယ်။

တိုက်ပွဲပဋိပက္ခတွေကြောင့် ကလေးမြို့ပေါ်ကို ချင်းပြည်နယ်၊ မြို့နယ်တချို့က ဒေသခံတွေ နဲ့ ကလေးမြို့နယ် အနီးဝန်းကျင်က ဒေသခံတွေ ထောင်နဲ့ချီရဲ့ စစ်ဘေးခိုလှိုရာနေရာဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ရှောင်ဧည့်သည် အဆက်မပြတ်ရှိတာကြောင့် စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ရေရှည်မှာ အခက်ခဲကြုံကြရတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။

“ ကလေးမြို့ပေါ်မှာ စစ်ရှောင်က အရင်ကတည်းကနေ ဆက်ရှိနေတာပေါ့ ချင်းပြည်နယ်ဘက်ကဆိုရင် ဖလမ်း၊ တီးတိန် တို့ နောက်ပြီး ဒီမြို့နယ် အနီးအနားဝန်းကျင်ကနေ စစ်ရှောင်တွေပေါ့ အဲလိုဆိုတော့ တချို့ဘုရားကျောင်းတွေမှာဆိုရင် စားနပ်ရိက္ခာ ထောက်ပံံ့ရင်တောင် တောက်လျောက်က စစ်ရှောင်လာကြတာဆိုတော့ မထောက်ပံ့လာနိုင်ကြတော့ အကူအညီလိုတဲ့ စစ်ရှောင်တွေအနေနဲ့ အကြပ်အတည်းပိုကြုံရတယ်ပေါ့” စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေးမြို့မြောက်ပိုင်းက ကလေး – တမူးလမ်းမပေါ်က ခမ်းပတ်မြို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ လဆန်းလောက်မှာ သိမ်းပိုက်ခဲ့ပြီးနောက် ၃ နှစ်အကြာ ခမ်းပတ်မြို့ရဲ့ နေရာအများစုကို လက်လွှတ်ခဲ့ရပြီး လက်ရှိမှာလည်း ခမ်းပတ်မြို့ပေါ် နေရာတချို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေအကြား နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *