Headlines

CDF – Zophei ဌာနချုပ်ကို စစ်ကောင်စီလေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့လို့ ကျန်းမာရေးဌာန အတွင်းရေးမှူး ၁ ဦးကျဆုံး

ဇွန်လ ၁၁ ရက်။

ချင်းပြည်နယ် ၊ထန်တလန်မြို့နယ်အတွင်းက ဇိုဖေရမ်ဒေသရှိ CDF – Zophei ဌာနချုပ်ကို စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ (၇) စီးအပြင် Y 12 လယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဇိုဖေရမ်ကောင်စီရဲ့ ကျန်းမာရေးဌာန အတွင်းရေးမှူး ဆရာမ Van Dawt Chin ကျဆုံးသွားခဲ့ရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်းရင်းမြစ်တစ်ဦးက “ဂျက်ဖိုက်တာ (၇) စီးနဲ့ကြဲတယ် ပြီးရင် Y 12 နဲ့လည်း ကြဲတယ် ဗုံးကြဲတာက ဌာနချုပ်အတွင်းကို ပတ်ကြဲတယ်လို့ သိရတယ် နေအိမ်အထိအခိုက်တွေတော့ ဌာနချုပ်အတွင်းမှာတော့ ရှိမှာပေါ့ အထိအခိုက်တွေလည်း ရှိနိုင်တယ် ဒါပေမယ့် လုံခြုံရေးအရတော့ သူတို့ဘက်ကနေ တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးဘူး” လို့ပြောပါတယ်။

စစ်ကောင်စီက CDF – Zophei ဌာနချုပ် အနီးအနားဝန်းကျင်တွေကို လေကြောင်းကနေ ဗုံးအလုံးရေ ၂၀ ကျော် တိုက်ခိုက်မှု လုပ်ခဲ့တာလို့လည်း သိရပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း ဇိုဖေရမ်ကောင်စီရဲ့ ကျန်းမာရေးဌာန အတွင်းရေးမှူး ဆရာမ Van Dawt Chin ကျဆုံးသွားခဲ့ရသလို ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ၄ – ၅ ယောက်ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ ဆရာမ Van Dawt Chin ဟာ ဇိုဖေရမ်ကောင်စီရဲ့ ကျန်းမာရေးဌာနရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပြီး အခုလို ကျဆုံးသွားတဲ့ပေါ် နီးစပ်သူတွေအတွက် ဝမ်းနည်းယူကျုံးမရ ဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *