Headlines

တီးတိန်မြို့နယ် ဆွောင်းဆန် ရွာသား ၁ ဦးကို သတ်ဖြတ်သူမှာ မိမိတို့ အဖွဲ့အစည်းမှ မဟုတ်ကြောင်း ZNA ငြင်းဆို

ဇွန်လ ၁၁ ရက်။

တီးတိန်မြို့နယ် ဆွောင်းဆန်ရွာသား ၁ ဦး ဖြစ်တဲ့ Pa Pau Ngaih Mang (ခေါ်) Pa Mang လုပ်ကြံ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မိမိတို့ အဖွဲ့အစည်း နဲ့ အဖွဲ့ဝင်များရဲ့ လက်ချက်မဟုတ်ကြောင်း တီးတိန်ခရိုင် အတွင်း အခြေပြု စစ်ရေး လှုပ်ရှားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တခု ဖြစ်တဲ့ Zomi National Army (ZNA) က ဇွန်လ ၁၀ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန် ငြင်းဆိုလိုက် ပါတယ်။

Pa Mang (ခေါ်) Pa Pau Ngaih Mang ဟာ ဇွန်လ ၉ ရက်နေ့မှာ တီးတိန်မြို့နယ် ဆွောင်းဇန်ရွာ မှ တုန်းဇံ ရွာသို့ အလည်အပတ် သွားရောက်ပြီး ရွာသို့ ပြန်လာစဉ် ညနေပိုင်းမှာ အမည်မသိရသေးသည့် အုပ်စု တခု မှ ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ရုပ်အလောင်းဟာ ဇွန်လ ၁၀ မနက် ၁ နာရီ ခန့်မှာ ဆွောင်းဇန်ရွာရှိ ကွယ်လွန်သူရဲ့ နေအိမ်သို့ ရွာသားများမှ သယ်ဆောင်သွားခြင်း ဖြစ်တယ်လို့ လည်း သိရပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ZRA-EC ဘက်မှ Joshua Zomi ရဲ့ ဖော်ပြချက် အရ ZNA က Pa Mang ကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ် လို့ စွပ်စွဲ မှု မိမိတို့ မှ အကြောင်းစုံ စုံစမ်းထားခဲ့ကြောင်း၊ မိမိတို့ အဖွဲ့အစည်း အနေဖြင့် ယင်းနေ့တွင် ရှေ့တန်းထွက်ခြင်း၊ စစ်လှုပ်ရှားခြင်း များ ရပ်နားခဲ့ပြီး စခန်းတွင် အနားယူတဲ့ နေ့ ဖြစ်ကြောင်း၊ ယခု လုပ်ကြံမှုဟာ မိမိတို့ လက်ချက် လုံးဝ မဟုတ်ကြောင်း ငြင်းဆိုထား ပါတယ်။

ကွယ်လွန်သူ Pa Mang ဟာ ZRA-EC ကို အစဉ်တစိုက် အားပေးထောက်ခံ ကူညီ ခဲ့သူ တဦး ဖြစ်ပြီး ZNA မဖွဲ့စည်းခင် ကာလတွေမှာ အတူစား၊ အတူသွားခဲ့ရသည့် မိတ်ဆွေကောင်း တဦး ဖြစ်ကြောင်း၊ မိမိတို့၏ မိတ်ဆွေ တဦးအပေါ် အခုလို ခြေလွန်လက်လွန် လုပ်မိရန် စိတ်ကူးပင် မရှိခဲကြောင်း ZNA ရဲ့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြ ထားပါတယ်။

Zomi National Army (ZNA) ဟာ ၂၀၂၆ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ ZRA-EC ခေါင်းဆောင်ပိုင်း၏ လုပ်ငန်း ဆောင်ရွက်မှု အားမရတဲ့ အတွက် ဇိုဂမ် ဒေသ ကာကွယ်ရေး အတွက် သီးသန့် ရပ်တည်တဲ့ လက်နက်ကိုင် အဖွဲ့အစည်း အဖြစ် တည်ထောင်ခဲ့တယ် လို့ ကြေငြာချက် ထုတ်ပြန်လာပြီး ချင်းပြည်နယ် တီးတိန် ခရိုင် အတွင်း အခြေပြု စစ်ရေး လှုပ်ရှားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တခု ဖြစ်လာ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *