Headlines

မီဇိုရမ်-မြန်မာနယ်စပ် ဒရုန်းသင်တန်းပေးမှု အမှုတွင် ဖမ်းဆီးထားသည့် နိုင်ငံခြားသား ၇ ဦး၏ အသံနမူနာများကို ရယူရန်နှင့် စစ်ဆေးကာလတိုးမြှင့်ရန် NIA လျှောက်ထား

ဇွန်လ ၁၀ ရက်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကို အခြေပြုပြီး မြန်မာနိုင်ငံတွင်းက တော်လှန်ရေးအင်အားစု တွေကို ဒရုန်းသင်တန်းပေးတယ်ဆိုတဲ့ အမှုတွဲနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးရဲ့ စုံစမ်းစစ်ဆေးမှု ကွင်းဆက် ပိုမိုခိုင်မာလာစေဖို့အတွက် ၎င်းတို့ရဲ့ အသံနမူနာ (Voice Samples) များ စုဆောင်းခွင့်နဲ့ စစ်ဆေးရေးကာလ တိုးမြှင့်ခွင့်တို့ကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က တစ်ပြိုင်နက်တည်း တောင်းခံလိုက်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးတို့ ပါဝင်တဲ့ အဆိုပါ ဖမ်းဆီးခံထားရသူတွေထံကနေ အသံနမူနာတွေ စုဆောင်းခွင့်ပေးဖို့ NIA က ဒေလီမြို့ ပတီးယားလားဟောက်စ် (Patiala House) တရားရုံးရှိ အထူးတရားသူကြီး ပရာရှန့်ရှာမာထံ ဘာရာတီယာ နာဂရစ် ဆူရက်ရှာ ဆန်ဟီတာ (BNSS) ဥပဒေပုဒ်မ ၃၄၉ အရ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဖမ်းဆီးခံထားရသူတွေရဲ့ တရားမဝင်လုပ်ရပ်တွေနဲ့ ချိတ်ဆက်နေတဲ့ ကြားဖြတ်ဖမ်းမိထားတဲ့ အသံဖိုင်အထောက်အထားတွေကို “Voice Spectrography” နည်းပညာ သုံးပြီး သူတို့ရဲ့ “အသံလက်ဗွေ” (Voiceprint) နဲ့ တိုက်စစ်ကာ တရားဝင်အတည်ပြုနိုင်ဖို့ ဖြစ်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက်ဟာ တရားမဝင်လုပ်ရပ်များ တားဆီးကာကွယ်ရေးဥပဒေ (UAPA) အရ တရားစီရင်ရေးအတွက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုကွင်းဆက်ကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တဲ့ ဗျူဟာမြောက် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ဖြစ်စဉ်နောက်ခံအကြောင်းအရင်းအရ အဆိုပါ နိုင်ငံခြားသားများသည် ခရီးသွားဗီဇာဖြင့် အိန္ဒိယနိုင်ငံသို့ တရားဝင် ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော် ၎င်းတို့သည် မိဇိုရမ်ပြည်နယ်သို့ သွားရောက်ခဲ့ပြီးနောက် ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားခဲ့ကြပါတယ်။

ထိုသို့ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေစဉ်ကာလအတွင်း စစ်ကော်မရှင်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းနည်းပညာနှင့် ဂျမ်မာ (Jamming) နည်းပညာဆိုင်ရာ သင်တန်းများ ပေးအပ်နေသည်ဟု စွပ်စွဲချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ NIA က ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်တွင် UAPA ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစုံစမ်းခဲ့ခြင်း ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့အတူ NIA က UAPA ဥပဒေအရ စုံစမ်းစစ်ဆေးကာလကို ရက်ပေါင်း ၉၀ ကနေ ၁၈၀ အထိ တိုးမြှင့်ပေးဖို့ကိုလည်း တစ်ပြိုင်နက်တည်း လျှောက်ထားခဲ့ပါတယ်။ အေဂျင်စီဘက်ကတော့ ဒီအမှုဟာ အိန္ဒိယတစ်နိုင်ငံလုံးအပြင် နိုင်ငံဖြတ်ကျော် ချဆက်မှုတွေပါရှိတဲ့ “နက်ရှိုင်းတဲ့ ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှု” ဖြစ်သလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဒရုန်းနဲ့ပတ်သက်တဲ့ စစ်ရေးနည်းပညာသင်တန်း ပေးတာအပါအဝင် သူတို့ရဲ့လုပ်ရပ်တွေဟာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ တရားရုံးမှာ အခိုင်အမာ ငြင်းခုံထားပါတယ်။

လက်ရှိမှာတော့ တရားရုံးက ဒီလျှောက်လွှာနဲ့ပတ်သက်ပြီး အကြောင်းကြားစာ ထုတ်ပြန်လိုက်ပြီဖြစ်ကာ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အကြောင်းကြားစာကို လက်ခံရယူခဲ့ပြီး နောက်ထပ်ရုံးချိန်းမှာ ပြန်လည်ဖြေကြားသွားမယ်လို့ ပြောဆိုထားတဲ့အတွက် ဒီအမှုကို လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာ ထပ်မံရုံးချိန်း ချိန်းဆိုထားပါတယ်။

NIA အနေနဲ့ စစ်ဆေးမှုအတွင်း သိမ်းဆည်းရမိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မှုခင်းစစ်ဆေးနေသလို၊ ငွေကြေးလွှဲပြောင်းမှုတွေကိုလည်း စုံစမ်းနေပြီး ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းကြံစည်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေတာကြောင့် စွပ်စွဲခံရသူတွေကို ဒီအချိန်မှာ ပြန်လွှတ်ပေးလိုက်ရင် တရားစီရင်ပိုင်ခွင့်နယ်မြေကနေ ထွက်ပြေးသွားတာမျိုး သို့မဟုတ် သက်သေတွေကို ခြိမ်းခြောက်တာမျိုး ဖြစ်လာနိုင်လို့ စုံစမ်းစစ်ဆေးမှုကို ထိခိုက်စေနိုင်တယ်လို့လည်း တင်ပြထားပါတယ်။

အဆိုပါ ဖမ်းဆီးခံထားရပြီး လက်ရှိ တရားရုံးချုပ်အချုပ်မှာ ရှိနေသူတွေထဲမှာ အမေရိကန်နိုင်ငံသား Matthew Aaron Van Dyke နဲ့ ယူကရိန်းနိုင်ငံသားတွေဖြစ်ကြတဲ့ Hurba Petro၊ Slyviak Taras၊ Ivan Sukmanovskyi၊ Stefankiv Marian၊ Honcharuk Maksim နဲ့ Kaminskyi Viktor တို့ ပါဝင်ပါတယ်။

ဒီအမှုအတွက် တရားရုံးမှာ NIA ဘက်က အထူးပြည်သူ့ရှေ့နေ ရာဟုလ် တိုင်ယာဂီနဲ့ အမစ် ရိုဟီလာတို့က လိုက်ပါဆောင်ရွက်ခဲ့ပြီး၊ ယူကရိန်းနိုင်ငံသားတွေအတွက် ရှေ့နေ နီတင် ဆလူဂျာနဲ့ Van Dyke အတွက် ရှေ့နေ ရိုဟစ် ဒန်ဒရီယယ်၊ ရိုဟစ် ဂေါ်ရ်တို့က အသီးသီး လိုက်ပါဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *