
ဇွန်လ ၅ ရက်။
မြန်မာနိုင်ငံမှာ မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကို အမေရိကန်အစိုးရအနေနဲ့ တရားဝင်အသိအမှတ်ပြု ထိတွေ့ဆက်ဆံပေးဖို့နဲ့ ဖက်ဒရယ်ရီဆာ့ဗ်ဘဏ်မှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံပိုင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို အဆိုပါကောင်စီထံ လွှဲပြောင်းပေးဖို့ ဗဟိုပြုတောင်းဆိုထားတဲ့ အထူးထုတ်ပြန်ချက်တစ်ရပ်ကို Burma Research Institute (BRI) အဖွဲ့က ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ဆီနိတ်အသုံးစရိတ်ဆိုင်ရာ ကြားနာပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆီနိတ်တာ မစ်ချ်မက်ကောနယ်က နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို ဖိအားပေးမေးမြန်းခဲ့ပြီးနောက်၊ အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီလိုလားတဲ့ အာဘော်ကို လက်တွေ့ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေနဲ့ သက်သေပြဖို့ BRI အဖွဲ့က ယခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆီးနိတ်ကြားနာပွဲ၌ ဆီနိတ်တာ မစ်ချ်မက်ကောနယ် (R-KY) က နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုအား မြန်မာနိုင်ငံဆိုင်ရာဥပဒေ (Burma Act) အရ ပေးအပ်မည့် ရန်ပုံငွေများ ကြန့်ကြာနေမှုနဲ့ အမေရိကန်ရဲ့ မူဝါဒလမ်းကြောင်း ပြောင်းလဲသွားမှာကို စိုးရိမ်ကြောင်း မေးမြန်းခဲ့ရာ၊ ဝန်ကြီးရူဘီယိုက ဘေဂျင်းကျောထောက်နောက်ခံပြု စစ်ကော်မရှင်ထက် ဒီမိုကရေစီနည်းကျ အရပ်သားအုပ်ချုပ်မှုကိုသာ အမေရိကန်က လိုလားကြောင်းနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် ဒီမိုကရေစီမိတ်ဖက်တွေကို ရှာဖွေနေကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါ ပြောကြားချက်အပေါ် BRI အဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဇိုတုန်မှုန်က ဆီနိတ်တာ မက်ကောနယ်ရဲ့ ဦးဆောင်မှုကို ကျေးဇူးတင်ရှိကြောင်းနဲ့ BRAVE Burma Act အပေါ် ထောက်ခံမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့သလို၊ ဝန်ကြီးရူဘီယိုရဲ့ ပြောကြားချက်ကိုလည်း ထောက်ခံခဲ့ပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်က ပြည်သူ့အာဏာကို လုယူထားခြင်းဖြစ်လို့ အမေရိကန်အနေနဲ့ ပြတ်သားတဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ ပြသဖို့ လိုအပ်နေပြီဖြစ်ကြောင်း ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
ထို့ကြောင့် BRI အဖွဲ့အနေနဲ့ အမေရိကန်အစိုးရထံ အချိတ်အဆက်မိမိနဲ့ ဆက်လက်တောင်းဆိုရာမှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ SCEF ကောင်စီကို တရားဝင်အသိအမှတ်ပြု ထိတွေ့ဆက်ဆံပေးဖို့ အလေးအနက် တိုက်တွန်းထားပါတယ်။
၎င်းအပြင် နယူးယောက် ဖက်ဒရယ်ရီဆာ့ဗ်ဘဏ်မှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံပိုင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါးကို အတိုးနှုန်းတွေနဲ့တကွ SCEF ထံ လွှဲပြောင်းပေးရန်နဲ့ ၂၀၂၆ ဘဏ္ဍာနှစ် ကူညီထောက်ပံ့မှု ဒေါ်လာ ၁၂၁ သန်းကိုလည်း အဆိုပါကောင်စီကတစ်ဆင့် အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။
တစ်ပြိုင်နက်တည်းမှာပင် ခရစ်ယာန်လူနည်းစုတွေအပေါ် စစ်ကော်မရှင်က ကျူးလွန်တဲ့ ရက်စက်မှုတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုအဖြစ် တရားဝင်သတ်မှတ်ပေးရန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ခရစ်ယာန်သင်းအုပ်ဆရာများနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်အစိုးရက ဖိအားပေးတောင်းဆိုသွားရန်လည်း ထည့်သွင်းတိုက်တွန်းထားပါတယ်။
အမေရိကန်အစိုးရထံ တရားဝင်အသိအမှတ်ပြုဖို့ တောင်းဆိုခြင်းခံထားရတဲ့ အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးတပ်ဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အမျိုးသမီး/လူငယ် အစုအဖွဲ့များအပါအဝင် အင်အားစု အစုအဖွဲ့ ၇ ခုဖြင့် စုစည်းကာ အကူးအပြောင်းကာလ ဦးဆောင်မှု ယန္တရားတစ်ရပ်အဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။
သို့သော်လည်း မကြာသေးမီက SCEF ကောင်စီအတွင်း သဘောထားကွဲလွဲမှုအချို့ ထွက်ပေါ်လာခဲ့ပြီး ကောင်စီရဲ့ “အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် ဖွဲ့စည်းရေး ကော်မတီ (ယာယီ)” ထံမှ မြန်မာအမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များကွန်ရက် (MWPN) နုတ်ထွက်သွားတဲ့ လျှို့ဝှက်စာတစ်စောင် ပေါက်ကြားလာခဲ့ပါတယ်။
မေလ ၂၅ ရက်နေ့စွဲနဲ့ တင်ပြထားတဲ့ အဆိုပါနုတ်ထွက်စာအရ MWPN အနေနဲ့ လုပ်ငန်းကော်မတီတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ကိုယ်စားလှယ် တင်သွင်းထားမှုတွေကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။
MWPN က အချက် ၅ ချက်နဲ့ နုတ်ထွက်ရခြင်း အကြောင်းရင်းကို ထောက်ပြထားပြီး အဓိကအချက်ကတော့ ကောင်စီအတွင်းရှိ အစုအဖွဲ့ ၇ ခုအကြား တန်းတူညီမျှမှု မရှိဘဲ အဖွဲ့အစည်းတစ်ခုတည်းကိုသာ သီးခြားအခွင့်အရေး ပေးနေခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
သို့သော်လည်း MWPN အနေနဲ့ SCEF ကောင်စီ ပေါ်ပေါက်လာခြင်းအပေါ် ဆက်လက်ထောက်ခံ ကြိုဆိုထားပြီး၊ အနာဂတ်မှာ အမျိုးသမီးကဏ္ဍ ပိုမိုအားကောင်းလာစေရေးအတွက် အမျိုးသမီးမဏ္ဍိုင်တစ်ရပ် ပေါ်ထွန်းရေးမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် တော်လှန်ရေးအစုအဖွဲ့တွေအကြား ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။
ဒီသတင်းကို ထုတ်ပြန်ခဲ့တဲ့ Burma Research Institute (BRI) အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ အခြေစိုက်ပြီး မြန်မာနိုင်ငံအတွင်း ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒုက္ခသည်များအရေးကို အဓိက သုတေသနပြု စည်းရုံးလှုံ့ဆော်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

