Headlines

မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာနေတာဟာ မီဇိုရမ်ပြည်နယ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်လာနေတယ်လို့ ဝန်ကြီးချုပ်ပြော

ဇွန်လ ၅ ရက်။

မြန်မာနိုင်ငံက စစ်ဘေးရှောင် အစဉ်ဆက်မပြတ်ဝင်ရောက်နေခြင်းဟာ မီဇိုရမ်ပြည်နယ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခုဖြစ်လာနေတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လားလ်ဒူအောမ်မာ ဇွန်လ ၄ ရက်နေ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောကြားခဲ့တယ်လို့ အိန္ဒိယသတင်းများအရ သိရပါတယ်။

အိန္ဒိယနိုင်ငံ ၊ မေဂါလာယာပြည်နယ် ၊ shilling မြို့မှာ ကျင်းပတဲ့ အရှေ့မြောက်ဒေသကောင်စီ ( NEC) အစည်းအဝေးအတွင်း ဆွေးနွေးမှုတွေကို မီဒီယာတွေ မေးမြန်းခဲ့ရာမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့တာလို့ သိရပါတယ်။

ပထဝီနိုင်ငံရေးအခြေအနေတွေကြောင့် လက်ရှိမှာ မီဇိုရမ်ပြည်နယ်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရသူတွေ အများအပြားရောက်ရှိနေသလို လုံခြုံဘေးကင်းရေး ရှာဖွေဖို့အတွက် ရောက်ရှိနေနေတဲ့ ထပ်မံဝင်ရောက်လာမယ့်သူတွေလည်း ပိုများလာနိုင်ခြေရှိနေပြီး ဒါတွေဟာ မီဇိုရမ်ပြည်နယ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လားလ်ဒူအောမ်မာ ကမီဒီယာတွေမှာ ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ် ၊ ရိခေါဒါရ်မြို့ကိုလည်း စစ်ကောင်စီက တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေကြောင့် အိန္ဒိယဘက်ခြမ်းကို ထပ်မံစစ်ရှောင်တာတွေ ရှိနေသလို ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်တွေ ထပ်မံ ဝင်ရောက်လာနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်နေတဲ့ လူဦးရေ ၄ သောင်းကျော်ဟာ ခိုလှုံ နေထိုင်နေရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *