
ဇွန်လ ၆ ရက်။
မိသားစုဝင်တွေနဲ့ အဆက်အသွယ် ၄ လကြာ အဆက်အသွယ် ပြတ်တောက်သွားတဲ့ တီးတိန်မြို့နယ် Suahlim ရွာသား နှစ်ဦးကို ချင်းတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ က သိုင်းငင်းရွာမှာ စစ် စခန်း ပြန်လည် တည်ဆောက်စဉ် ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူရဲ့ ဆွေမျိုးများ ထံမှ သိရှိရ ပါတယ်။
“ သူတို့ နှစ်ဦးက အသတ်ခံရတာ ဖြစ်တယ်လို့ အလင်းဝင် လာတဲ့ စကစ စစ်သား တဦး ကနေ တဆင့် သိရတာပါ။ Suahlim ရွာက သိုင်းငင်းရွာ နဲ့ ရွာ နီးချင်းပါ။ စကစ စစ်သားတွေ စစ်ကြောင်း ထိုးလာတော့ တခြားလူတွေ စစ်ရှောင်ပြီး သူတို့ နှစ်ဦး ကျန်ခဲ့တာ။ အစပိုင်းမှာတော့ အဆင်ပြေပုံ ရ ပေမယ့် လွန်ခဲ့တဲ့ လေးလ လောက်က အဆက်အသွယ် ပြတ်သွားတယ်။ လိုက်စုံစမ်း ပေမယ့် ဘာ သတင်း အစအန မှ မရခဲ့ဘူး။ အလင်းဝင်လာတဲ့ သိုင်းငင်းက စကစ စစ်သား တဦး ပြောပြလို့ အသတ်ခံ ရမှန်း သိရတာပါ ” လို့ ဆွေမျိုး နီးစပ်သူ တဦး ထံမှ သိရှိရ ပါတယ်။
အသတ်ခံရသူ တွေဟာ အကြား အာရုံ ချွတ်ယွင်းတတ်တဲ့ အသက် ၄၀ နှစ် အရွယ် ကို ငင့်လဲမ်ခိုင် (Ngin Lem Khai) နှင့် အသက်ကြီးရင့် ပြီဖြစ်တဲ့ Pu Zam Khua Thawng တို့ ဖြစ်ပြီး တခြား ရွာသားတွေ စစ်ရှောင် ထွက်ပြေးစဉ် လိုက်မပါဘဲ အိမ်စောင့် အဖြစ် Suahlim ရွာမှာ ကျန်ရစ်ခဲ့တာ ဖြစ်တယ် လို့လည်း ဆွေမျိုး အသိုင်းအဝိုင်းမျာ ထံမှ ဆက်လက် သိရှိရ ပါတယ်။
“ဇွန်လ ၅ ရက်နေ့မှာ မိသားစုဝင်တွေက နာရေးကို အတည်ပြုလာ ခဲ့တယ်။ ဆွေမျိုးတွေလည်း မိသားစု ထံ သွားရောက် လည်ပတ်တာ၊ ငိုကြွေးမြည်တမ်းတာတွေ လုပ်လာကြတယ်။ ဈာပန အစီအစဉ် နဲ့ ပတ်သက်ပြီးတော့ ဘာမှ မသိရသေးဘူး” လို့ သေဆုံးသူနဲ့နီးစပ်သူ ၁ ဦး က ပြောကြား ခဲ့ပါတယ်။
ကိုငင့်လဲမ်ခိုင် ရဲ့ မိသားစုများဟာ လက်ရှိမှာ ကလေးမြို့မှာ စစ်ရှောင် နေထိုင်ခဲ့ကြတယ် လို့ သိရပါတယ်။

