Headlines

မြန်မာနိုင်ငံအပါအဝင် ၃၉ နိုင်ငံအပေါ် ချမှတ်ထားသည့် ရွှေ့ပြောင်းနေထိုင်ခွင့် ကန့်သတ်ချက်များကို အမေရိကန်တရားရုံး အပြီးတိုင်ပယ်ဖျက်

ဇွန်လ ၆ ရက်။

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ကနေ ချမှတ်ထားတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်မှတ်ထားပြီး ဗီဇာနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ခံစားခွင့်တွေကို ဆိုင်းငံ့ပိတ်ပင်ထားတဲ့ မူဝါဒတွေဟာ “တရားမဝင်ဘူး” လို့ အမေရိကန်နိုင်ငံဖက်ဒရယ်တရားရုံးက ဇွန်လ ၅ ရက် သောကြာနေ့မှာ ပြတ်ပြတ်သားသား အမိန့်ချမှတ်ပြီး အပြီးတိုင် ပယ်ဖျက်ပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံ Rhode Island ပြည်နယ်၊ Providence မြို့ရှိ ဖက်ဒရယ်ခရိုင်တရားရုံးရဲ့ တရားသူကြီးချုပ် ဂျွန် မက်ကောနယ် (John McConnell) က အမေရိကန်နိုင်ငံသားဖြစ်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ရဲ့ လုပ်ရပ်တွေဟာ အခြေခံဥပဒေကို ကျော်လွန်နေပြီး သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ ဘဝကို ဥပဒေကြောင်းအရ လမ်းစပျောက်အောင် လုပ်ဆောင်ခဲ့တယ်လို့ စာမျက်နှာ ၁၃၅ မျက်နှာပါရှိတဲ့ စီရင်ချက်နဲ့အတူ ပြင်းပြင်းထန်ထန် ဝေဖန်ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

ဒီတင်းကျပ်တဲ့ ကန့်သတ်ပိတ်ပင်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ဝါရှင်တန်ဒီစီ (Washington, D.C.) မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန် ခိုလှုံခွင့် (Asylum) ရရှိထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတစ်ဦးက အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard) ဝင် ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ကနေ စတင်အမြစ်တွယ်ခဲ့တာ ဖြစ်တယ်လို့ Washington Examiner သတင်းဌာနမှာဖော်ပြပါတယ်။  

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထရမ့်အစိုးရအဖွဲ့ဟာ “အမျိုးသားလုံခြုံရေး” ကို အကြောင်းပြကာ ခိုလှုံခွင့်စနစ်တစ်ခုလုံးကို အရှိန်အဟုန်နဲ့ စတင်ဖြိုခွင်းခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ခဲ့တဲ့ သမ္မတရဲ့ အမိန့်ကြေညာစာအရ နိုင်ငံပေါင်း ၁၉ နိုင်ငံကို ဝင်ရောက်ခွင့် အပြည့်အဝ ဆိုင်းငံ့ထားခဲ့ရာကနေ နောက်ပိုင်း ၎င်းစာရင်းကို တိုးချဲ့ကာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ စုစုပေါင်း ၃၉ နိုင်ငံအထိ တရားဝင် အကျိုးသက်ရောက်စေခဲ့တာ ဖြစ်ပါတယ်။

ထရမ့်အစိုးရရဲ့ ပိတ်ဆို့မှုအောက်မှာ အပြည့်အဝ ဆိုင်းငံ့ခြင်း (Full Suspension) ခံခဲ့ရတဲ့ ၁၉ နိုင်ငံထဲမှာ မြန်မာနိုင်ငံ အပါအဝင် အာဖဂန်နစ္စတန်၊ ဟေတီ၊ အီရန်၊ ဆိုမာလီယာနဲ့ ဆီးရီးယား စတဲ့ နိုင်ငံတွေ ပါဝင်ခဲ့ပြီး ကျန်ရှိတဲ့ ကျူးဘား၊ ဗင်နီဇွဲလား၊ နိုင်ဂျီးရီးယား အပါအဝင် နိုင်ငံပေါင်း ၂၀ ကတော့ အပိုင်းလိုက် ဆိုင်းငံ့ခြင်း (Partial Suspension) ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်အပေါ် New York Immigration Coalition (NYIC) အဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မူရတ်ဒ် အာဝေါဒါ (Murad Awawdeh) ကလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ ဘေးကင်းလုံခြုံမှု၊ တည်ငြိမ်မှုနဲ့ အခွင့်အလမ်းတွေကို ရှာဖွေနေကြတဲ့ လူသားတိုင်းဟာ မိမိတို့ရဲ့ ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ တရားမျှတစွာ ကြားနာစစ်ဆေးခွင့် ရရှိဖို့ အပြည့်အဝ ထိုက်တန်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထရမ့်အစိုးရဟာ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် မုန်းတီးငြိုးတေးတဲ့ စိတ်အခံနဲ့ ဥပဒေကို ဗြောင်ကျကျ ချိုးဖောက်ခဲ့တာကို အခုလို ဖက်ဒရယ်တရားသူကြီးက ထပ်လောင်းအတည်ပြုပေးလိုက်တာ ဖြစ်ကြောင်း၊ လူတစ်ယောက်ရဲ့ မွေးရပ်မြေ နိုင်ငံအပေါ်မှာပဲ အခြေခံပြီး ခိုလှုံခွင့်တွေကို ပိတ်ပင်ကာ ဗီဇာလျှောက်လွှာတွေအပေါ် ဆုံးဖြတ်ချက်မပေးဘဲ ဆိုင်းငံ့ထားခဲ့တဲ့ ထရမ့်အစိုးရရဲ့ လုပ်ရပ်ဟာ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ဆန့်ကျင်ရာ ရောက်တယ်လို့ ၎င်းက ပြောကြားခဲ့ကြောင်း New York Immigration Coalition (NYIC) တရားဝင်ဝက်ဘ်ဆိုက် မှာဖော်ပြပါတယ်။  

အဆိုပါ တရားမဝင်တဲ့ လုပ်ရပ်တွေကြောင့် သောင်းနဲ့ချီတဲ့ မိသားစုတွေဟာ ဘဝရှေ့ရေး လမ်းစပျောက်ခဲ့ရသလို၊ အသက်ကယ်ဆယ်နိုင်မယ့် အကာအကွယ်တွေနဲ့လည်း ဝေကွာခဲ့ရပြီး လွှတ်တော်က စနစ်တကျ ဖွဲ့စည်းထားတဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ကျော်လွန်ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်တယ်လို့လည်း မူရတ်ဒ် အာဝေါဒါက ထောက်ပြထားပါတယ်။

ယခုလို တရားရုံးက မူဝါဒကို အပြီးတိုင် ပယ်ဖျက်ပေးလိုက်တဲ့အတွက် ထရမ့်အစိုးရရဲ့ အမိန့်ကြောင့် အမေရိကန်နိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် (Work Permit)၊ နိုင်ငံရေးခိုလှုံခွင့် (Asylum)၊ အိမ်ထောင်စုဗီဇာ၊ ဂရင်းကတ် (Green Card) နဲ့ နိုင်ငံသားဖြစ်ခွင့် (Naturalization) လျှောက်ထားမှုတွေ ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ (Freeze) ခံထားရတဲ့ မြန်မာပြည်သူတွေအတွက် အခွင့်အလမ်းသစ်တွေ အကြီးအကျယ် ပြန်ပွင့်သွားပြီဖြစ်တယ်လို့ The Guardian နဲ့ ABC News မှာဖော်ပြပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အမေရိကန်မှာ ခိုလှုံခွင့်လျှောက်ထားပြီး စောင့်ဆိုင်းနေရသူတွေ၊ အလုပ်လုပ်ကိုင်ခွင့် ကတ်ပြားသက်တမ်းတိုးလို့မရဘဲ အခက်ကြုံနေရသူတွေရဲ့ ရပ်တန့်ထားတဲ့ လျှောက်လွှာတွေကို USCIS အနေနဲ့ ဥပဒေအတိုင်း ချက်ချင်း ပြန်လည်စစစ်ပြီး အဆုံးအဖြတ်ပေးရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုချက်ချင်း ဗီဇာအသစ်တွေ တန်းလျှောက်လို့ရပြီလား ဆိုတဲ့အပိုင်းမှာတော့ ယခင်က ဆိုင်းငံ့ခံထားရတဲ့ လက်ရှိလျှောက်လွှာဟောင်းတွေကို ချက်ချင်းဦးစားပေး ပြန်လည်လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး ဗီဇာအသစ် လျှောက်ထားသူတွေအနေနဲ့လည်း ပိတ်ပင်ကန့်သတ်ချက် မရှိတော့တဲ့အတွက် ပုံမှန်ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ပြန်လည်လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

သို့သော်လည်း အခုလို တရားရုံးက အမိန့်ချမှတ်ပြီးနောက်မှာ ကြီးမားတဲ့ စိန်ခေါ်ချက်အချို့ ကျန်ရှိနေပါသေးတယ်။ ပထမဦးဆုံး စိန်ခေါ်ချက်ကတော့ အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) နဲ့ ထရမ့်အစိုးရအဖွဲ့ဘက်ကနေ ဒီဖက်ဒရယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်လို့ အထက်တရားရုံး (Appellate Court) ကို အယူခံ (Appeal) ဆက်တက်ပြီး အမိန့်ကို ဆိုင်းငံ့ထားဖို့ ကြိုးပမ်းလာနိုင်တဲ့ စိန်ခေါ်ချက် ရှိနေတယ်လို့ The Guardian သတင်းဌာနကဆိုပါတယ်။

ဒါ့အပြင် ဒုတိယမြောက် စိန်ခေါ်ချက်အနေနဲ့ လွန်ခဲ့တဲ့ လပိုင်းတွေကတည်းက သမ္မတထရမ့်ရဲ့ မူ၀ါဒကြောင့် ပိတ်မိနေတဲ့ သောင်းနဲ့ချီတဲ့ လျှောက်လွှာတွေကို USCIS က ပြန်လည်စိစစ်ရမှာဖြစ်လို့ မြန်မာပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ဗီဇာနဲ့ လုပ်ငန်းစဉ်တွေ အတည်ပြုချက်ရရှိဖို့အတွက် စာရွက်စာတမ်း ကြန့်ကြာမှု (Backlog) စိန်ခေါ်ချက်ကိုတော့ အချိန်ကာလတစ်ခုအထိ ဆက်လက်ရင်ဆိုင် စောင့်ဆိုင်းရဦးမှာ ဖြစ်ကြောင်း The Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *