Headlines

မလေးရှား CRC ငွေရတုဂျူဗလီမှာ UFC ချန်ပီယံ Joshua Van တက်ရောက်မည်

မေလ ၁၃ ရက်။

မေလ ၂၇ ရက်မှာကျင်းပမယ့် မလေးရှားနိုင်ငံအခြေစိုက် ချင်းဒုက္ခသည်များကော်မတီ (CRC, Malaysia) ရဲ့ ၂၅ နှစ်ပြည့် ငွေရတုဂျူဗလီအခမ်းအနားမှာ UFC Flyweight ကမ္ဘာ့ချန်ပီယံ Joshua Van ပါဝင်တက်ရောက်မှာဖြစ်တယ်လို့ CRC က မေလ ၁၂ ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။

CRC, Malaysia ရဲ့ ထုတ်ပြန်ချက်မှာတော့ “ကျွန်တော်တို့ရဲ့ အံ့သြစရာကောင်းတဲ့ အထူးဧည့်သည်တော်ကြီးတစ်ယောက် ငွေရတုဂျူဗလီမှာ ပါဝင်မှာဖြစ်ပါတယ်။ သူကတော့ UFC Flyweight ကမ္ဘာ့ချန်ပီယံ Joshua ‘The Fearless’ Van ပဲ ဖြစ်ပါတယ်၊ သူဟာ ကျွန်တော်တို့နဲ့အတူ လာရောက်ပူးပေါင်းမှာပါ” ဆိုပြီး ဖော်ပြထားပါတယ်။

လက်ရှိမှာ Joshua Van ဟာ UFC ဖလိုင်းဝိတ်တန်းရဲ့ ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ကာကွယ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ MMA လောကမှာ အာရုံစိုက်ခြင်းခံရဆုံး ဖိုက်တာတစ်ဦး ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ စိန်ခေါ်သူ တက်ဆူရိုတိုင်ရာကို အလဲထိုးအနိုင်ယူပြီး “Fight of the Night” ဆုအပါအဝင် ထိုးကြေး၊ ဆုကြေး မြောက်မြားစွာကို ရရှိထားသလို၊ သူ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ လက်သီးချက်တွေကြောင့် ဝေဖန်သူတွေရဲ့ အသံကိုလည်း အပြီးတိုင် တိတ်သွားစေခဲ့တာပါ။

ဂျော့ရှူအာဗန်ရဲ့ မိသားစုဝင်တွေဟာ ချင်းပြည်နယ်ကနေ မလေးရှားနိုင်ငံကို ဒုက္ခသည်အဖြစ် အရင်ဆုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပြီး၊ အဲဒီနောက်မှတစ်ဆင့် အမေရိကန်နိုင်ငံကို အခြေချနေထိုင်ဖို့ ရောက်ရှိသွားခဲ့ကြတာပါ။

အခုလို ကမ္ဘာ့ချန်ပီယံဖြစ်လာပြီးနောက်ပိုင်း အာရှနိုင်ငံဘက်ကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး၊ သူ့ရဲ့ ဒုက္ခသည်ဘဝ အစပြုခဲ့ရာ မလေးရှားနိုင်ငံမှာရှိတဲ့ ချင်းဒုက္ခသည်တွေနဲ့ ပြန်လည်တွေ့ဆုံမယ့်ခရီးစဉ်ဟာ သူ့အတွက်ရော၊ ပရိသတ်တွေအတွက်ပါ တကယ့်ကို ထူးခြားတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

CRC, Malaysia ရဲ့ ၂၅ နှစ်ပြည့် ငွေရတုဂျူဗလီ အခမ်းအနားကို လာမယ့် ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်မှာကျင်းပဖို့ လျာထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *