Headlines

မင်းတပ်မြို့ကို ၁ ရက်တည်း (၉) ကြိမ် ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းများအပါအဝင် (၄) ဦးသေဆုံးကာ အဆောက်အဦးများစွာပျက်စီး

မေလ ၁၂ ရက်။

CDF-Mindat ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကိုစစ်ကော်မရှင်တပ်က မနေ့ည မေလ ၁၁ ရက်မှာ ၂ ကြိမ်၊ဒီကနေ့မေလ ၁၂ ရက်မှာ တစ်ရက်တည်း ၉ ကြိမ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းများအပါအဝင် (၄) ဦးသေဆုံးခဲ့ရကာ အဆောက်အဦးများစွာပျက်စီးခဲ့ရကြောင်း ချင်းအမျိုးသားအစည်းအရုံး(CPU/CPA )က ထုတ်ပြန်ပါတယ်။

ယနေ့ မေလ (၁၂) ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် မင်းတပ်မြို့အနီးတစ်နေရာတွင် ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ထပ်မံပြုလုပ်သွားပြီးနောက် မနက် ၁၁ နာရီ ဝန်းကျင်တွင် မင်းတပ်မြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ၊ ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မင်းတပ်မြို့ပေါ်သို့ (၅) ကြိမ် တိုက်ခိုက်သွားတယ်လို့ CPU/CPA က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများတွင် စစ်သုံ့ပန်းများအပါအဝင် သေဆုံးသူ (၄) ဦးရှိကာ အရပ်သားပြည်သူနေအိမ် (၁၅) လုံးခန့်၊ အစိုးရရုံးဌာန အဆောက်အဦ (၁၀) ခု၊ မော်တော်ယာဉ် (၄) စီးနှင့် အခြားပျက်စီးဆုံးရှုံးမှုများရှိသည့်အပြင် ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်းထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူများအနေဖြင့် မိမိတို့နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိကာ ၊ လက်ရှိအချိန်အတောတွင်း လူစုလူဝေးများရှောင်ရှားပြီး ထောက်လှမ်းရေးဒရုန်းများ၊ ကင်းထောက်လေယာဉ်များ၊ လေကြောင်းသတင်းများကို နားစွင့်၍ လေကြောင်းသတိထားနေထိုင်ကြပါရန်လည်း CPU/CPA က တိုက်တွန်းနှိုးဆော်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *