
မေလ ၁၂ ရက်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ လူနေရပ်ကွက်တွေနဲ့ အနီးတစ်ဝိုက်နေရာတွေကို စစ်ကော်မရှင်က ဒီနေ့ မေလ ၁၂ ရက်နေ့ တစ်ရက်တည်းမှာတင် ပေါင် ၅၀၀ ဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၂၀ နီးပါးကို လေကြောင်းကနေ အပြင်းအထန် အကြိမ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ဟာ ဒီနေ့တိုက်ခိုက်မှုကို ညသန်းခေါင်အချိန်ကတည်းက စတင်ခဲ့တာဖြစ်ပြီး တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံးအကြီး ၂ လုံးကို အစောဆုံး ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေကဆိုပါတယ်။
အဲဒီနောက် မနက်ပိုင်းအချိန်မှာလည်း တံတားဦးလေတပ်ကပဲ ထပ်မံတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့အနီးကို ဗုံး ၂ လုံး ကြဲချခဲ့သလို၊ နေ့လယ်ပိုင်းမှာလည်း မြို့ပေါ်တစ်နေရာကို ဗုံး ၂ လုံး ထပ်မံကြဲချပြီး အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြန်ပါတယ်။ ညနေပိုင်းမှာတော့ စစ်ကော်မရှင်ဟာ လေတပ်စခန်းအသီးသီးကနေ အင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပြီး တံတားဦး၊ နေပြည်တော် အေလာနဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းတွေက တက်လာတဲ့ ဂျက်ဖိုက်တာ ၄ စီးတို့ဟာ မင်းတပ်မြို့ပေါ်မှာ အကြိမ်ကြိမ် ဝဲပျံပြီး ၂ လုံးတွဲ၊ ၃ လုံးတွဲ ဗုံးတွေနဲ့ ဗုံးအလုံးရေ ၁၀ လုံးထက်မနည်း ထပ်မံကြဲချသွားခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
ဒီနေ့တစ်ရက်တည်းမှာတင် စစ်ကော်မရှင်ဟာ မင်းတပ်မြို့ပေါ်ကို ဗုံးအလုံးရေ ၂၀ နီးပါးအထိ စံချိန်တင် ကြဲချခဲ့တာဖြစ်ပြီး၊ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

