Headlines

မီဇိုရမ်တွင် တရားရုံးအမိန့်အတုများဖြင့် အကျဉ်းသား ၁၇ ဦးကို ထောင်မှလွှတ်ပေးခဲ့သည့် လိမ်လည်မှုဖြစ်စဥ်ကို ဖော်ထုတ်နိုင်ပြီဖြစ်

မေလ ၁၂ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောခရိုင်ထောင်ကနေ တရားရုံးအမိန့်စာအတုတွေ အသုံးပြုပြီး အကျဉ်းသား ၁၇ ဦးကို မတရားလွှတ်ပေးခဲ့တဲ့ ကြီးမားတဲ့ လိမ်လည်မှုဖြစ်စဥ်ကြီးတစ်ခုလုံးကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့က မေလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကမှ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး လုံလေ (Lunglei) ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ အကျဉ်းသားနှစ်ဦးဟာ အာမခံနဲ့ လွတ်မြောက်သွားပြီလို့ မှတ်တမ်းတွေမှာ ပြနေပေမဲ့ တရားရုံးကို လူကိုယ်တိုင် လာရောက်ခြင်းမရှိတာကြောင့် တရားသူကြီးက သံယယဖြစ်ပြီး စုံစမ်းရာကနေ အမိန့်စာအတုတွေ ဖြစ်နေတာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါအကျဉ်းသားနှစ်ဦးဟာ အိန္ဒိယငွေ ရူပီး ၅၀,၀၀၀ နဲ့ အာမခံရရှိထားတယ်ဆိုတဲ့ တရားရုံးချုပ်နဲ့ ခရိုင်တရားရုံး အမိန့်စာအတုတွေကို တင်ပြပြီး ထောင်ကနေ လွတ်မြောက်သွားခဲ့ကြတာပါ။

ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးရာမှာတော့ အခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့အတွင်း အလားတူနည်းလမ်းနဲ့ အကျဉ်းသား စုစုပေါင်း ၁၇ ဦး ထောင်ကနေ လွှတ်ပေးခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီအထဲမှာ ကလေးသူငယ်ကာကွယ်ရေးဥပဒေ (POCSO)၊ မူးယစ်ဆေးဝါးဥပဒေ (NDPS) နဲ့ တခြားပြင်းထန်တဲ့ ရာဇဝတ်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေရသူတွေ ပါဝင်နေပြီး လက်ရှိမှာတော့ လွတ်မြောက်သွားသူတွေထဲက ၁၁ ဦးကို ပြန်လည်ဖမ်းဆီးပြီး ထောင်ထဲ ပြန်ပို့ထားနိုင်ခဲ့ပေမဲ့ တစ်ဦးကတော့ ထောင်ကထွက်ပြီးနောက် သေဆုံးသွားပြီလို့ သိရပါတယ်။

ဒီဂိုဏ်းကို ဦးဆောင်သူတွေကတော့ အသက် ၂၅ နှစ်အရွယ် အကျဉ်းသား Jeremiah Lalthanglua နဲ့ အသက် ၃၁ နှစ်အရွယ် ခရိုင်ထောင်က ပုဂ္ဂလိက လူနာတင်ယာဉ်မောင်း C Lalrinthluaii တို့ ဖြစ်ကြပါတယ်။

Jeremiah ဟာ သူ့ရဲ့ဇနီးဖြစ်သူ လုံလေထောင်မှာ အကျဉ်းကျနေစဉ်အတွင်းမှာပဲ ထောင်ဝင်းအတွင်းကနေ ဒီလုပ်ငန်းတွေကို စီစဉ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

သူတို့ဟာ ရှေ့နေတစ်ဦးကို ငွေပေးပြီး အကူအညီယူခဲ့သလို အကျဉ်းသားတစ်ဦးဆီကနေ အမိန့်စာအတုတစ်စောင်ရဖို့အတွက် ရူပီး ၄,၀၀၀ ကနေ ၅၀,၀၀၀ ကြားအထိ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

အမိန့်စာအတုတွေကိုတော့ လုံလေမြို့က မိတ္တူဆိုင်တစ်ဆိုင်က ကွန်ပျူတာတွေနဲ့ ထောင်ဝင်းအတွင်းက ရုံးကွန်ပျူတာတွေကို အသုံးပြုပြီး ရိုက်နှိပ်ခဲ့တာဖြစ်ပြီး လူနာတင်ယာဉ်မောင်း Lalrinthluaii ကတော့ စာရွက်စာတမ်းတွေ အတုလုပ်နေစဉ်အတွင်း ရုံးခန်းသော့တွေ ရှာဖွေပေးတာနဲ့ အစောင့်ကြည့်ပေးတာမျိုးတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

ထောင်အာဏာပိုင်တွေဘက်ကလည်း တရားရုံးအမိန့်စာတွေကို အစစ်အမှန်လို့ ထင်မှတ်ပြီး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီလိမ်လည်မှုဂိုဏ်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အသေးစိတ် ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ပတ်သက်ဆက်နွှယ်သူတွေကို ထပ်မံဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *