Headlines

ကလေးမြို့အကျဉ်းထောင်ကနေ အကျဉ်းသား ၃၃ ဦး ပြန်လွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၃ ဦးပါဝင်တယ်လို့ သိရ

ဧပြီလ ၁၇ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ မော်လိုက်ကလေးအကျဉ်းထောင်ကနေဧပြီလ ၁၇ ရက်(မြန်မာနှစ်ဆန်း ၁ ရက်နေ့)အထိမ်းအမှတ်အနေဖြင့် အကျဉ်းသူ / အကျဉ်းသား ၃၃ ယောက် ပြန်လွှတ်ပေးလိုက်တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၃ ဦးပါဝင်တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားအရေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက “ ကလေးအကျဉ်ထောင်ကနေ အကျဉ်းသူ ၊ အကျဉ်းသား ၃၃ ယောက် လွှတ်လိုက်တဲ့ထဲ နိုင်ငံရေးအကျဉ်းသား ၂၁ ယောက်၊ နိုင်ငံရေးအကျဉ်းသူက ၂ ယောက် ပြန်လွှတ်လာတယ်” လို့ပြောပါတယ်။

အာဏာသိမ်းစစ်အစိုးရက မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၃၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ဆက်လက်ကျခံပါမယ်ဆိုတဲ့ သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။

လွတ်ငြိမ်းမှာ မပါဝင်သူတွေကို ပြစ်ဒဏ်လျှော့ပေးတာ ၊ သေဒဏ်ချမှတ်ခံထားရသူတွေကို ထောင်ဒဏ်တသက်၊ ထောင်ဒဏ် တသက်နှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူတွေ ထောင်ဒဏ် ၄၀ နှစ်၊ ထောင်ဒဏ် ၄၀ နှစ်အထက် ကျခံနေရသူတွေကို ထောင်ဒဏ် ၄၀ နှစ်နှင့် အထက် ထောင်ဒဏ် ၄၀ နှစ်နှင့် အောက် ကျခံနေရသူတွေကိုလည်း ၎င်းတို့ ကျခံရန်ကျန်တဲ့ ပြစ်ဒဏ်ရဲ့ လေးပုံတပုံကို လျှော့ပေါ့ ရန်ဆိုပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပါတယ်။

ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်သား ၄၀၀ ကျော်နဲ့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော် ဟာ အကျဉ်းကျနေသေးတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *