Headlines

အိုင်းဒီးရဲ့ “သစ်ရွက်နီရောင်ပြေးလေးတွေ” ကဗျာစာအုပ် စတင်ဖြန့်ချိ

စက်တင်ဘာလ ၂၅ ရက်။

ချင်းလူမျိုး ကဗျာဆရာမ Anna Biak Tha Mawi (ခ) အိုင်းဒီး ရဲ့ “သစ်ရွက်နီရောင် ပြေးလေး တွေ” ကဗျာစာအုပ်ကို နှစ်ကာလစာပေစာအုပ်တိုက် ကနေ စတင်ဖြန့်‌ဝေလိုက်ပြီဖြစ်တယ်လို့ စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကြေညာထားပါတယ်။

စာမျက်နှာ ၁၇၄ မျက်နှာ နဲ့ ရောင်စုံပန်းချီ ၂၂ မျက်နှာပါတဲ့ ကဗျာစာအုပ်မှာ စက္ကူအမျိုးအစား – ခရင်မီဖြစ်ပြီး ကဗျာရေးသားသူ အိုင်ဒီးကိုယ်တိုင်ရေးဆွဲတဲ့ ရောင်စုံပန်းချီများဖြင့်ပုံဖော်ထားပြီး ချင်းနဲ့မြန်မာဘာသာ နှစ်ခုဖြင့်ထုတ်‌‌‌၀ေတာဖြစ်ပါတယ်။

ကဗျာစာအုပ်မှာ အပိုင်း (၉) ပိုင်းပါရှိတယ်လို့ဖော်ပြထားပြီး မြန်မာဘာသာနဲ့ရေးထားတဲ့ ကဗျာတွေကို ချင်း(လိုင်) ဘာသာဖြင့် ချင်းစာရေးဆရာတစ်ဦးဖြစ်သူ Salai Tial Awi Thang ကဘာသာပြန်ဆို ထားတယ်လို့သိရပါတယ်။

အခုစာအုပ်ဟာ ကဗျာဆရာမ အိုင်းဒီးရဲ့ (၆) အုပ်မြောက်ကဗျာစာအုပ်ထုတ်ဝေခြင်းလည်းဖြစ်ပါတယ်။

ကဗျာဆရာမ အိုင်းဒီးက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “သစ်ရွက်နီရောင်ပြေး ကဗျာတွေက ၂၀၂၃ စက်တင်ဘာ ၂၃ ၊ ဆောင်းဦး ပထမနေ့မှ စရေးခဲ့တာ၊ ဆောင်းဦးရာသီအကုန် ဒီဇင်ဘာထိ၊ ဆိုတော့ ဆောင်းဦးခို ကဗျာတွေပေါ့။ နောက်ဆုံးစာအုပ် “ကျမ ရှင့်ကို ချစ်တယ်” (ပထမမူ)က၂၀၂၁ မှာ ထွက်ခဲ့တာဆိုတော့ ကြားထဲ ၄ နှစ်တောင် ကွာဟသွားတယ်။ ကဗျာတွေရေးနေစဉ်၊ ရေးပြီး ပြန်ဖွဲ့စည်းတည်ဆောက်စဉ်၊ စာအုပ်ရိုက်နေစဉ် အစ မှ အဆုံး အထပ်ထပ်အခါခါ ပြန်ပြန်ဖတ်ပြီးစိတ်ကျေနပ်ရမှ စာဖတ်သူများဆီ လှမ်းပေးလိုက်ပါပြီ” လို့ရေးသားထားပါတယ်။

အခုထွက်ရှိလာတဲ့ ကဗျာစာအုပ်နဲ့ပတ်သက်ပြီး ဘာသာစကား၊ သရုပ်ဖော်ပုံ စတာတွေကြောင့် ကိုယ့်စာအုပ်တွေဆို အမြဲ အခြားစာအုပ်များထက် ၃ ဆ၊ ၁၀ ဆ ပင်ပန်းရတဲ့ ကို Moe Wai နဲ့ တအုပ်ချင်းစိတ်ရှည်လက်ရှည်ပုံတွေညှပ် ချုပ်ပေးကြတဲ့သူများအားလုံးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ စာအုပ်သစ်မထွက်တော့ဘူးလားလို့ မေးတတ်ကြတဲ့ မိတ်ဆွေများအတွက် စိတ်ကျေနပ်စရာဖြစ်ဖို့ မျှော်လင့်ပါတယ်” လို့ရေးသားထားပါတယ်။

ကဗျာဆရာမ အိုင်းဒီးဟာ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်က ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ရိုးရာယက်ကန်းလုပ်ငန်းကိုလည်း ထူထောင်ကာ ကိုယ်ပိုင်ဒီဇိုင်းများဖြင့် ချင်းရိုးရာ၀တ်စုံများကို ပုံဖော်ထုတ်လုပ်ခဲ့သလို အခြားဝါသနာတူ အနုပညာရှင်များနဲ့လည်း ကဗျာများရေးသားထုတ်‌၀ေခြင်း၊ ပုံဖော် ဒီဇိုင်းများ၊ ပန်းချီများကိုလည်းရေးဆွဲသူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *