

ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့(CB)ခေါင်းဆောင်တွေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ယာယီသမ္မတ ဒူဝါလရှီးလ ၊ ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO/KIA ) ရဲ့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ တွေ့ဆုံခဲ့တဲ့ ကချင်ပြည်နယ်၊လိုင်ဇာမြို့ခရီးစဉ် မှတ်တမ်းဓာတ်ပုံတွေကို ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီ က သူ့ဖေ့ဘုတ်မှာ ဒီကနေ့ဩဂုတ်လ ၈ ရက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
လိုင်ဇာ ခရီးစဉ်နဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီက ၂၀၂၁ ခုနှစ်ကစလို့ လက်နက်စကိုင်တဲ့ ၄ နှစ်သားအရွယ်တွေအတွက် မှတ်ကျောက်တစ်ခုဖြစ်ပြီး သင်ယူစရာတွေ လေ့လာစရာတွေအများကြီး တွေ့ခဲ့ရတဲ့အကြောင်းနဲ့ ဒီခရီးစဉ်ဟာ ဘယ်အဖွဲ့ကိုမှ ထိခိုက်နစ်နာစေတဲ့ခရီးစဉ်မဟုတ်သလို ဒီထက်စည်းလုံးကြဖို့ ဒီထက်ကြိုးစားကြဖို့ သင်ခန်းစာတွေ ရခဲ့တဲ့ ခရီးစဉ်ဖြစ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။
ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “ ကျနော်တို့ တွေ့ဆုံတာက ၂၀၂၅ ဇူလိုင်လ တတိယပတ်ဝန်းကျင်မှာ တွေ့ဆုံခဲ့ကြတာပါ KIA ခေါင်းဆောင်တွေရော၊ NUG ခေါင်းဆောင်တွေရောပေါ့ အဓိကတော့ တော်လှန်ရေးနဲ့ ပတ်သက်ပြီးမှ ကျနော်တို့ ဘယ်လိုပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြမလဲ မဟာဗျူဟာကျကျ တော်လှန်ရေးအရွှေ့ဖြစ်အောင် ဘယ်လို အနီးကပ် လုပ်ကြမလဲဆိုတာ ကျနော်တို့ဆွေးနွေးဖြစ်တာများပါတယ် အရင်ကထက်ပိုပြီးမှ ပူးပေါင်းလုပ်ဆောင်မှုတွေရှိလာမယ် ပြီးတော့မှ သူတို့ရဲ့ဖြတ်သန်းမှုတွေ သူတို့ရဲ့ ပြဿနာဖြေရှင်းပုံတွေပေါ့နော် ဒီချင်းတော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ဖြစ်ခဲ့တာတွေကို သူတို့ KIA ရဲ့သမိုင်းတွေနဲ့ပက်သက်ပြီးမှပေါ့နော် ချပြဆွေးနွေးတာရော ဘယ်လိုကူညီဖို့ အဆင်သင့်ရှိတယ်ဆိုတာကိုရော NUG နဲ့ ပက်သက်လို့လဲ ဘယ်လိုပူးပေါင်းကြမယ် ဘယ်လိုရှေ့ဆက်ကြမလဲ ဆိုတာတွေပဲ ဆွေးနွေးဖြစ်ခဲ့ကြတယ်” လို့ပြောပါတယ်။
နောက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့( KIO ) ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ပြောတာလို့ ယူဆရတဲ့ အမှာစကားကိုလည်း အခုလို ဆလိုင်းတင်မီကသူ့ေဖ့ဘုတ်မှာ “ဗိုလ်ချုပ်အမှာစကားကတော့ “ချင်းဆိုတဲ့ နွားလှည်းကြီးကို CB နဲ့ CNF ဆိုတဲ့ နွားသိုးကြီးနှစ်ကောင်က ဆွဲရမှာပဲ။ အဲလိုဆွဲလို့ရအောင် လှည်းပေါ်ကနေ နှာဖာကြိုးနဲ့မောင်းပေးမည့် လူ ( Platform) တာ့လိုတယ်” လို့ ဖော်ပြရေးသားထားပါတယ်။
ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ဟာ ချင်းပြည်နယ်ထဲက ကန်ပက်လက်မြို့၊ မင်းတပ်မြို့၊ ကျင်ဒွေးမြို့၊ ဖလမ်းမြို့နဲ့ မတူပီမြို့ တို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားကြပါတယ်။