Headlines

အိန္ဒိယနိုင်ငံရဲ့ “အမျိုးသားအဆင့် ဇီဝမျိုးစုံမျိုးကွဲ သိုလှောင်ထိန်းသိမ်းရာနေရာ” ဖြစ်လာတဲ့ မီဇိုရမ်တက္ကသိုလ်ပြတိုက်

DonBosco

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်တက္ကသိုလ်ထဲမှာရှိတဲ့ သဘာဝသမိုင်းပြတိုက်နဲ့ သုတေသနစင်တာ (NHM&RC) ဟာ နိုင်ငံတော်အဆင့် ဇီဝမျိုးစုံမျိုးကွဲအာဏာပိုင်အဖွဲ့ (NBA) ရဲ့ တရားဝင် အသိအမှတ်ပြုခြင်းကို ခံလိုက်ရပါတယ်။

ဒီမီဇိုရမ်တက္ကသိုလ် (MZU) ဟာ အိန္ဒိယအစိုးရက တိုက်ရိုက်ပံ့ပိုးထားတဲ့ ဗဟိုတက္ကသိုလ် (Central University) ကြီးတစ်ခုဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရရဲ့ အမျိုးသားအဆင့် အသိအမှတ်ပြုကောင်စီ (NAAC) ကနေ အဆင့်မြင့်ဆုံးအဆင့်ဖြစ်တဲ့ ‘A’ Grade သတ်မှတ်ပေးထားသလို၊ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် ၁၀၀ စာရင်း (NIRF Rankings) ထဲမှာလည်း ပုံမှန်ပါဝင်လေ့ရှိပြီး အရှေ့မြောက်ဒေသက ဗဟိုတက္ကသိုလ်တွေထဲမှာ ထိပ်တန်း (၅) ခုစာရင်းဝင် အဆင့်မြင့်တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့အတွက် ဒီတက္ကသိုလ်မှာ မီဇိုရမ်ပြည်နယ်သားတွေနဲ့ အိန္ဒိယအရှေ့မြောက် ၇ ပြည်နယ်က ကျောင်းသားတွေအပြင်၊ မြန်မာနိုင်ငံဘက်ကနေ လာရောက်ပညာသင်ယူကြတဲ့ ချင်းအနွယ်ဝင် ကျောင်းသားလူငယ် အများအပြားလည်း ရှိနေပါတယ်။

 ဒါ့အပြင် တခြားအာရှနိုင်ငံတချို့နဲ့ အာဖရိကနိုင်ငံတွေက နိုင်ငံတကာ ကျောင်းသားတွေလည်း လာရောက်အပ်နှံကြတဲ့ နိုင်ငံတကာအဆင့်မီ ကျောင်းဝင်းတစ်ခု ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ တရားဝင် မှတ်တမ်းများအရ လက်ရှိမှာ မြို့တော်အိုင်ဇောလ် (Aizawl) အနီး Tanhril က ပင်မကျောင်းဝင်းကြီးထဲမှာတင် တိုက်ရိုက်တက်ရောက်နေတဲ့ မဟာတန်းနဲ့ ပါရဂူတန်း ကျောင်းသားဦးရေ ၃,၅၀၀ ကျော် ရှိပြီး၊ ပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ တွဲဖက်ကောလိပ်ပေါင်း    ၄၀ ကျော်က ကျောင်းသားထုအားလုံးကို စုလိုက်ရင်တော့ တက္ကသိုလ်အောက်မှာ နှစ်စဉ်ပညာသင်ယူနေတဲ့ ကျောင်းသူကျောင်းသား စုစုပေါင်း ၂၅,၀၀၀ ကျော်အထိ ရှိပါတယ်။

တက္ကသိုလ်ရဲ့ အဓိကအားသာချက်ကတော့ ကမ္ဘာမှာ ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံးဖြစ်တဲ့ “အင်ဒို-မြန်မာ နယ်စပ်ဂေဟစနစ်နယ်မြေ” ထဲမှာ တတည်ရှိနေတာကြောင့် လက်တွေ့ကွင်းဆင်း သုတေသနပြုလုပ်ဖို့ အခွင့်အလမ်း အကောင်းဆုံးဖြစ်နေခြင်းပါပဲ။ ဒါကြောင့်လည်း ဇီဝနည်းပညာ (Biotechnology)၊ သစ်တောပညာ (Forestry) နဲ့ ပတ်ဝန်းကျင်သိပ္ပံ (Environmental Science) စတဲ့ ဘာသာရပ်တွေမှာ အဆင့်မြင့်ဓာတ်ခွဲခန်းတွေ၊ သုတေသနအင်အားတွေနဲ့ အိန္ဒိယတစ်နိုင်ငံလုံး အတိုင်းအတာအထိ နာမည်ကျော်ကြားလှပါတယ်။ အထူးသဖြင့် ဒေသတွင်းကထွက်တဲ့ ဆေးဖက်ဝင်အပင်တွေကနေ ဆေးဝါးဖော်စပ်တဲ့ သုတေသနတွေ၊ ကမ္ဘာ့အဆင့်မီ DNA ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ မြန်မာ-မီဇိုရမ်နယ်စပ် ငလျင်ကြောတွေကို လေ့လာတဲ့ ဘူမိဗေဒ (Geology) ဘာသာရပ်တွေမှာ နိုင်ငံတကာအဆင့် စာတမ်းထုတ်ဝေမှု အများဆုံးရှိနေတာကြောင့် သိပ္ပံလောကမှာ အထူးပဲ ထင်ရှားကျော်ကြားနေတာ ဖြစ်ပါတယ်။

အဆိုပါ တက္ကသိုလ်ရှိ သဘာဝသမိုင်းပြတိုက်ဟာ အခုဆိုရင် အဆင့်ဆင့် စိစစ်မှုတွေကို ဖြတ်သန်းခဲ့ရပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာပိုင်အဖွဲ့ရဲ့ လူကိုယ်တိုင် လာရောက်စစ်ဆေးမှုကို ခံယူခဲ့ရပါတယ်။ အဲဒီနောက် ယခု ၂၀၂၆ ခုနှစ် မေလမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အတည်ပြုချက်ရရှိခဲ့ပြီး၊ ယခု ဇူလိုင်လအတွင်းမှာတော့ အစိုးရကနေ အမျိုးသားအဆင့် ဇီဝမျိုးစုံမျိုးကွဲ သိုလှောင်ထိန်းသိမ်းရာနေရာ (Designated Repository) အဖြစ် တရားဝင် အသိအမှတ်ပြုချက် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ရိုးရိုးရှင်းရှင်း အသိအမှတ်ပြုခံရတာမျိုး မဟုတ်ဘဲ အောက်ပါအချက် ၃ ချက်ကြောင့် အလွန်ပဲ စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားလှပါတယ်။

တရားဝင် အာဏာပိုင်အဖွဲ့အစည်း ဖြစ်သွားခြင်း

အိန္ဒိယအရှေ့မြောက်ဒေသမှာ ပထမဆုံးအကြိမ်ဖြစ်သလို၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လည်း တက္ကသိုလ်တစ်ခုအနေနဲ့ ပထမဆုံး သတ်မှတ်ခံရတာဖြစ်လို့ မူလက ကျောင်းတွင်းပြတိုက်အဆင့်ကနေ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို တရားဝင် သိည်းဆည်းမှတ်တမ်းတင်ခွင့်ရှိတဲ့ “အမျိုးသားအဆင့် ဗဟိုသိုလှောင်ရုံ” အဆင့် ဖြစ်သွားပါပြီ။

သဘာဝပစ္စည်းတွေကို တရားဝင် ပိုင်ဆိုင်သိမ်းဆည်းခွင့်ရခြင်း

၂၀၂၃ ခုနှစ်၊ ဇီဝမျိုးစုံမျိုးကွဲ (ပြင်ဆင်ချက်) အက်ဥပဒေ ပုဒ်မ ၃၉ အရ အိန္ဒိယနိုင်ငံရဲ့ ၂၁ ခုမြောက် တရားဝင် အသိအမှတ်ပြု သိုလှောင်ရုံ ဖြစ်လာတာကြောင့် ပညာရှင်တွေ သုတေသနလုပ်လို့တွေ့တဲ့ အပင်အသစ်တွေ၊ ပိုးမွှားအသစ်တွေ၊ တိရစ္ဆာန်စံနမူနာ (Specimen) တွေကို ဥပဒေကြောင်းအရ စနစ်တကျနဲ့ ရာသက်ပန် မှတ်ပုံတင်ထိန်းသိမ်းခွင့် ရရှိသွားတာ ဖြစ်ပါတယ်။

အင်ဒို-မြန်မာ ဒေသရဲ့ ဗဟိုချက်ဖြစ်လာခြင်း

အထူးသဖြင့် ကမ္ဘာမှာ ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံးနဲ့ ဂေဟစနစ်အရ အရေးအကြီးဆုံးဖြစ်တဲ့ “အင်ဒို-မြန်မာ ဇီဝမျိုးစုံမျိုးကွဲနယ်မြေ” (Indo-Burma Biodiversity Hotspot) ထဲက ထွက်တဲ့ ရှားပါးအပင်၊ သတ္တဝါ၊ ပိုးမွှားတွေရဲ့ DNA နဲ့ စံနမူနာတွေကို တခြားပြည်နယ်တွေဆီ ပို့စရာမလိုတော့ဘဲ မီဇိုရမ်တက္ကသိုလ်မှာတင် အမျိုးသားအဆင့် စံချိန်စံညွှန်းနဲ့ သိမ်းဆည်းသုတေသနပြုပြီး ပြည်သူတွေကို ပညာပေးနိုင်တော့မှာ ဖြစ်ပါတယ်။

အခုလို နိုင်ငံတော်အဆင့် တရားဝင်သိုလှောင်ရုံအဖြစ် သတ်မှတ်လိုက်ခြင်းဟာ ရေရှည်မှာ နိုင်ငံတကာသုတေသနလုပ်ငန်းတွေအတွက် အဓိကဗဟိုချက် ဖြစ်လာစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့သိပ္ပံပညာရှင်တွေအနေနဲ့ အင်ဒို-မြန်မာနယ်စပ် ဇီဝမျိုးစုံမျိုးကွဲနယ်မြေအတွင်းက ရှားပါးအပင်နဲ့ သတ္တဝါအသစ်တွေကို သုတေသနပြုချင်ရင် ဒါမှမဟုတ် မူပိုင်ခွင့် (Patent) လျှောက်ထားချင်ရင် ဒီပြတိုက်မှာရှိတဲ့ ဇီဝစံနမူနာတွေကို မဖြစ်မနေ လာရောက်ကိုးကား ညှိနှိုင်းရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြတိုက်ဟာ ဒေသတွင်းကထွက်တဲ့ သိပ္ပံဆိုင်ရာ အထောက်အထားတွေအပေါ် ဥပဒေကြောင်းအရ ရာသက်ပန် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ရရှိသွားတဲ့ “ရွှေတိုက်” တစ်ခု ဖြစ်လာပါတယ်။

ဒါ့အပြင် အဆင့်အတန်း မြင့်မားသွားတဲ့အတွက် အိန္ဒိယဗဟိုအစိုးရရဲ့ အထူးရန်ပုံငွေတွေကို နှစ်စဉ် အလုံးအရင်းနဲ့ တိုက်ရိုက်ရရှိတော့မှာဖြစ်လို့ ခေတ်မီ DNA ဓာတ်ခွဲခန်းတွေ တိုးချဲ့တာနဲ့ နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ အခုလို ဘဏ္ဍာရေးနဲ့ ဥပဒေကြောင်းအရ လမ်းပွင့်သွားခြင်းဟာ လက်ရှိ လန်ဒန်သဘာဝသမိုင်းပြတိုက်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပရောဂျက်တွေအပြင်၊ နောက်ထပ် ကမ္ဘာ့အဆင့်မီ ထိပ်တန်းတက္ကသိုလ်တွေ၊ နိုင်ငံတကာ ရန်ပုံငွေအဖွဲ့အစည်းတွေနဲ့ ပူးတွဲသုတေသနပရောဂျက်ကြီးတွေကို ထပ်မံချိတ်ဆက် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုစတင်ခဲ့ပြီး ဘယ်သူတွေက ကြိုးပမ်းခဲ့ကြတာလဲ

ဒီသဘာဝသမိုင်းပြတိုက်ကို ၂၀၁၉ ခုနှစ်တုန်းက ရူပီး ၄.၅၁ ကုဋေ ရန်ပုံငွေ ဘတ်ဂျက်နဲ့ “မီဇိုရမ်ဇီဝမျိုးစုံမျိုးကွဲ မှတ်တမ်းတင်ခြင်းနှင့် မီဇိုရမ်သဘာဝသမိုင်းပြတိုက် တည်ထောင်ခြင်း” ဆိုတဲ့ ဇီဝနည်းပညာဌာန ရန်ပုံငွေပရောဂျက်အောက်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပရောဂျက်ကို မီဇိုရမ်တက္ကသိုလ်၊ ဇီဝနည်းပညာဌာနက  Prof. John Zothanzama က ဦးဆောင်ခဲ့ပြီး Prof. N. Senthil Kumar နဲ့ Prof. Esther Lalhmingliani တို့က တွဲဖက်ညှိနှိုင်းရေးမှူးတွေအဖြစ် ဆောင်ရွက်ခဲ့ကြတာပါ။

၃ နှစ်တာကာလအတွင်းမှာ သုတေသီတွေဟာ မီဇိုရမ်ပြည်နယ်တစ်ဝှမ်းလုံးက ပိုးတောင်မာတွေ၊ မှိုတွေ၊ ဖလံကောင်တွေ၊ ကုန်းနေရေနေ သတ္တဝါတွေနဲ့ မြေဆီလွှာဂေဟစနစ်တွေအပါအဝင် ဇီဝမျိုးစုံမျိုးကွဲ အစိတ်အပိုင်းအမျိုးမျိုးကို မှတ်တမ်းတင်ခဲ့ကြပြီး၊ တစ်ဖက်ကလည်း စုဆောင်းရရှိလာတဲ့ ဇီဝဗေဒဆိုင်ရာ စံနမူနာတွေကို ထိန်းသိမ်းဖို့ သိုလှောင်ရုံတစ်ခုကို တည်ဆောက်ခဲ့ကြတာဖြစ်တယ်လို့ EastMojo သတင်းဌာနကက ဖော်ပြပါတယ်။

ပရောဂျက်က ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ပြီးဆုံးသွားတဲ့အခါ မီဇိုရမ်တက္ကသိုလ်က ပြတိုက်ကို လွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။ အဲဒီနောက် Prof. John Zothanzamaနဲ့အတူ ပြတိုက်မှူးတွေဖြစ်ကြတဲ့ Dr. R. Vanlalpeka နဲ့  Dr. Lalrotluanga တို့က ဦးဆောင်ပြီး အမျိုးသားဇီဝမျိုးစုံမျိုးကွဲအာဏာပိုင်အဖွဲ့ (NBA) ထံကနေ တရားဝင်သိုလှောင်ရုံအဖြစ် အသိအမှတ်ပြုခံရဖို့ ဆက်လက်ကြိုးပမ်းခဲ့ကြပါတယ်။

သူတို့တွေဟာ ၂၀၂၃ ခုနှစ် မတ်လမှာ လျှောက်လွှာတင်ခဲ့ပြီး မီဇိုရမ်ပြည်နယ် ဇီဝမျိုးစုံမျိုးကွဲဘုတ်အဖွဲ့နဲ့ ဆွေးနွေးတာတွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထပ်မံတင်ပြတာတွေ ပြုလုပ်ခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာပိုင်အဖွဲ့က ပြတိုက်တည်ရှိရာနေရာအထိ လာရောက်စစ်ဆေးခဲ့ပြီးနောက်မှာတော့၊ ယခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ အာဏာပိုင်အဖွဲ့ရဲ့ ၇၈ ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုချက် ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို တရားဝင်ထုတ်ပြန်ချက်ကိုတော့ မီဇိုရမ်ပြည်နယ် ဇီဝမျိုးစုံမျိုးကွဲဘုတ်အဖွဲ့ရဲ့ သဘောတူညီချက်ရယူပြီးနောက် ပတ်ဝန်းကျင်၊ တောတောင်နှင့် ရာသီဥတုပြောင်းလဲမှုဝန်ကြီးဌာနက ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို နိုင်ငံတော်အဆင့် အသိအမှတ်ပြုခံရရုံတင်မကဘဲ NHM&RC ပြတိုက်ဟာ SPARC ရန်ပုံငွေပရောဂျက်အောက်မှာ လန်ဒန်မြို့က သဘာဝသမိုင်းပြတိုက် (Natural History Museum, London) နဲ့လည်း အင်ဒို-မြန်မာ ဇီဝမျိုးစုံမျိုးကွဲနယ်မြေထဲက ဇီဝမှတ်တမ်းတွေ ထိန်းသိမ်းဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုပါ တည်ထောင်ထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အချက်အလက်တွေကို ပြည်သူတွေ လွယ်လွယ်ကူကူ ရှာဖွေနိုင်ဖို့နဲ့ သုတေသနလုပ်ငန်းတွေကို ပံ့ပိုးပေးဖို့အတွက် သီးသန့်ဒစ်ဂျစ်တယ်ဒေတာဘေ့စ်နဲ့ ဝက်ဘ်ဆိုက်တစ်ခုကိုပါ တည်ထောင်ထားတယ်လို့ သိရပါတယ်။

တက္ကသိုလ်တာဝန်ရှိသူတွေကတော့ အခုလို ထူးခြားတဲ့ အမျိုးသားအဆင့် အောင်မြင်မှုရရှိတာဟာ ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက် ပြည်နယ်ရဲ့ ကြွယ်ဝတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းဖို့အတွက် Mizoram University နဲ့ Pachhunga University College က သုတေသီတွေအားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင် ကြိုးပမ်းခဲ့ကြလို့ ဖြစ်တယ်လို့ အနှစ်ချုပ် ပြောဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *