Headlines

အိန္ဒိယ – မြန်မာနယ်စပ်က စစ်ဘေးရှောင်တွေအတွက် အခြေခံစားသောက်ကုန်နဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ ကို KWHRO အဖွဲ့က ဒုတိယအကြိမ် ထပ်မံထောက်ပံ့ကူညီ

ဇူလိုင်လ ၁၁ ရက်။

အိန္ဒိယ – မြန်မာနယ်စပ် ဘေးလွတ်ရာကို အရေးပေါ်ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင် နေရာ ၃ ရာ တွင် ဒုတိယအကြိမ်မြောက် အရေးပေါ် အခြေခံစားသောက်ကုန်နှင့် တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းတွေကို ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) က ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ရက် ၁၀၀ စီမံကိန်အတွင်း ကလေး-တမူးလမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် အသည်းအသန်ကြိုးစားနေပြီး နှစ်ဖက်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ထိတွေ့တိုက်ပွဲအခြေနေများ၊ စစ်ကောင်စီဖက်မှ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်မှု၊လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အနီးအနားတစ်ဝိုက်ရှိ ကျေးရွာနေပြည်သူတွေဟာ အိန္ဒိယ-မြန်မာနယ်စပ် ဘေးလွတ်ရာသို့ အရေးပေါ်ထွက်ပြေး တိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

ထိုသို့ ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် နေရာ (၃)နေရာရှိ စစ်ဘေးသင့် အရပ်သားပြည်သူများအတွက် အရေးအပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်တဲ့ အခြေခံစားသောက်ကုန်ဖြစ်သော ဆီ၊ ဆား၊ ပဲ၊ အသားတု၊ ငါးသေတ္တာ၊ ကြာဇံ များအပြင် တစ်ကိုယ်ရည် အသုံးအဆောင် ပစ္စည်းများဖြစ်သည့် သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာမွှေးခဲ၊ တဘက်၊ အတွင်းခံနှင့် အမျိုးသမီး လစဉ်သုံး ပစ္စည်းများကို ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) မှ ဒုတိယအကြိမ်မြောက် သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်းအထက်ပိုင်း တမူး – ကလေး အာရှလမ်းမကြီးအတွင်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ စစ်ကြောင်းထိုး ဝင်ရောက်တာတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် အာရှလမ်းမကြီးပေါ်က ကျေးရွာပေါင်း ၅၀ ကျော်က အရပ်သားပြည်သူ အမြောက်အများ ဘေးလွတ်ရာ နီးစပ်ရာ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *