Headlines

မီဇိုရမ်ပြည်နယ်မှာ ရေကြီး၊ မြေပြိုမှုတွေဖြစ်ပွားပြီး အိမ်ထောင်စု ၈၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရ

ဇူလိုင်လ ၁၂ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တစ်ဝှမ်း နေရာပေါင်း ၂၉ ခုထက်မကမှာ တစ်ပတ်နီးပါး မိုးဆက်တိုက်သည်းထန်စွာရွာသွန်းပြီး ရေကြီးတာ၊ မြေပြိုတာနဲ့ ကျောက်တုံးတွေ ပြိုကျတာတွေဖြစ်ပွားခဲ့လို့ စုစုပေါင်း အိမ်ထောင်စု ၈၀ ကို ဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ပါတယ်။

တာဝန်ရှိသူတွေရဲ့ ဇူလိုင်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ Lunglei ခရိုင်ထဲက Khawthlangtuipui မြစ်ရေ လျှံတက်လာတာကြောင့် အခုလို ဘေးကင်းတဲ့နေရာတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီရေကြီးမှုကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးက Tlabung မြို့မှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး နေအိမ်တွေ ရေထဲလုံးဝမြုပ်တာ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း မြုပ်သွားတာကြောင့် မိသားစု ၄၂ စုကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ဒါ့အပြင် Tlabung မြို့နယ်ခွဲအောက်က Tipperaghat ကျေးရွာက အခြားမိသားစု ၄၀ ကိုလည်း ရေကြီးမှုကြောင့် ဘေးလွတ်ရာကို ထပ်မံရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ပြည်နယ်တစ်ဝှမ်းမှာ မိုးရွာသွန်းမှုကြောင့်ဖြစ်တဲ့ အခြားမတော်တဆမှုတွေ ရှိခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပေမဲ့ လက်ရှိအချိန်အထိတော့ လူသေဆုံး ဒဏ်ရာရမှု မရှိသေးပါဘူး။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပါတယ်။ Lunglei ခရိုင် Bualte ကျေးရွာအနီးမှာ အကြီးအကျယ် မြေပြိုခဲ့လို့ အမျိုးသားအဝေးပြေးလမ်းမကြီး အမှတ် ၅၄ (NH-54) ဟာ ပိတ်ဆို့နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ၄ ရက်လုံး ခရီးသွားအများအပြား လမ်းခုလတ်မှာ ပိတ်မိနေသလို၊ တောင်ပိုင်းခရိုင်တွေဖြစ်တဲ့ Lawngtlai နဲ့ Siaha ခရိုင်တွေလည်း မီဇိုရမ်ပြည်နယ်ရဲ့ အခြားဒေသတွေနဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး Lawngtlai ကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တစ်ဦးကလည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး လမ်းခုလတ်မှာ ခရီးသွားအများအပြား ပိတ်မိနေသလို၊ တောင်ပိုင်းခရိုင်တွေလည်း အခြားဒေသတွေနဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင်Aizawl မြို့ရဲ့ တောင်ဘက်ဆင်ခြေဖုံး Ngaizel မှာလည်း ကျောက်တုံးကြီးတွေ ပြိုကျပြီး မြေပြိုမှုကြောင့် Aizawl-Thenzawl-Lunglei အဝေးပြေးလမ်းမကြီးဟာ သွားလာလို့မရအောင် ပိတ်ဆို့သွားခဲ့ပါတယ်။

ဒီလို သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့နေရတဲ့အတွက် ဘေးဒဏ်သင့်ခဲ့ရတဲ့ မိသားစုတွေအတွက် အစိုးရရဲ့ သတ်မှတ်စံနှုန်းတွေအတိုင်း ငွေကြေးအကူအညီတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို နှောင့်နှေးမှုမရှိဘဲ ပွင့်လင်းမြင်သာစွာ ချက်ချင်း ထောက်ပံ့ပေးသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ကတိပေး ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *