Headlines

ကလေးမြို့ရှိ အိမ်ခြံမြေရောင်းဝယ်မှုများတွင် အထောက်အထား ခိုင်မာမှုအားနည်းတဲ့ အတွက် သတိထားသင့်ကြောင်း ဥပဒေပညာရှင်အချို့မှဆို

ဇူလိုင်လ ၁၅ ရက်။

ကလေးမြို့ရှိ အိမ်ခြံမြေ နှင့် မြေ အရောင်းအဝယ် ပြုလုပ်ရာမှာ အထောက်အထား ခိုင်လုံမှု အားနည်း နေပြီး မြေနေရာရဲ့ တည်နေရာ၊ အကျယ်အဝန်း နှင့် နယ်နိမိတ်ကို အတည်ပြုနိုင်တဲ့ ပုံစံ (၁၀၅)၊ (၁၀၆) တွေတောင် လျှောက်ထားခြင်း မရှိကြတဲ့ အတွက် သတိထားသင့်ကြောင်း ဥပဒေပညာရှင်အချို့မှဆိုပါတယ်။

“ကလေးခရိုင် တရားရုံးမှာ enroll သွင်းပြီး အမှုလိုက်ပါ ဆောင်ရွက်ဖို့ ပြင်ရှင်ရင်း မြေကိစ္စ တချို့ပါ ဖြေရှင်းရ တယ်။ အမှုတွေကို လေ့လာကြည့်တော့ ကလေးမြို့ရဲ့ မြေယာ ပြဿနာက မြေကြောင့်ထက် လူကြောင့် ပိုရှုပ်နေတာ သတိ ထားမိတယ်။ တချို့ မြေဝယ်ယူ ထားသူတွေက ဂရန်စာအုပ် မပြောနဲ့။ ကိုယ့်မြေရဲ့ တည်နေရာ၊ အကျယ်အဝန်းနဲ့ နယ်နိမိတ်ကို အတည်ပြုနိုင်တဲ့ ပုံစံ (၁၀၅)၊ မြေရဲ့ရာဇဝင်ကို မှတ်တမ်းတင်ထားတဲ့ ပုံစံ(၁၀၆) စတာတွေတောင် လျှောက် မထားကြတာကိုပါ တွေ့ရတယ်” လို့ အထက်တန်းရှေ့နေ မကျိန်ထိတ်ကိမ် က ပြောပြပါတယ်။

တဖက်တွင် အကွက်ချ ရောင်းချတဲ့ လယ်ယာမြေတွေကို စစ်ရှောင်နေတဲ့ ပြည်သူ တချို့က ဝယ်ပြီး နေထိုင် နေကြကြောင်း၊ ယင်း အခြေအနေဟာ အနာဂတ်မှာ ဥပဒေရေးရာ နဲ့ ပတ်သက်ပြီး ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိနေကြောင်း သူမက ဆက်လက် အသိပေး ပြောကြား သွားပါတယ်။

“မြေဝယ်ယူတယ် ဆိုတာက ငွေပေးပြီး စာချုပ်ချုပ်လိုက်ရုံနဲ့ မပြီးပါဘူး။ ဝယ်ယူမယ့်မြေရဲ့ ဥပဒေအရ အခြေအနေ၊ မြေအမျိုးအစား၊ ပိုင်ဆိုင်မှု အထောက်အထား၊ အငြင်းပွားမှု ရှိ၊ မရှိနဲ့ လွှဲပြောင်းနိုင်တဲ့ အခြေအနေတို့ကို ကြိုတင်စိစစ်ဖို့ လိုအပ်ပါတယ်။ ဝယ်ယူမယ့်အချိန်မှာလည်း ဈေးနှုန်းထက် ဥပဒေကို အရင်စစ်သင့်ပါတယ်။ ဥပဒေကို ကြိုတင်စစ်ဆေးထားခြင်းက တရားရုံးမှာ အမှုရင်ဆိုင်ရတာထက် အများကြီး ကုန်ကျစရိတ်သက်သာပြီး စိတ်အေးချမ်းစေပါတယ်” လို့ မြေယာ ဝယ်ယူခြင်း နဲ့ ပတ်သက်ပြီး အထက်တန်းရှေ့နေ မကျိန်ထိတ်ကိမ်မှ ဆက်လက် အကြုံပြု ထားပါတယ်။

လယ်ယာမြေ နဲ့ အခြားမြေ အမျိုးအစားများဟာ ဥပဒေအရ အသုံးပြုခွင့်၊ လွှဲပြောင်းခွင့်တွေ မတူညီတဲ့ အတွက် အများ ဝယ်နေကြလို့ ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့ ဝယ်ယူရန် မဆုံးဖြတ်သင့်ကြောင်း၊ အခုလို စနစ်တကျ မစိစစ်ဘဲ အရောင်းအဝယ်တွေ ဆက်ဖြစ်နေမည်ဆိုပါက နောက် (၅) နှစ်အတွင်း ကလေးမြို့မှာ မြေယာအငြင်းပွားမှုတွေ သိသိသာသာ များပြားလာနိုင်သည်ကို သတိ ထားသင့်ပါကြောင်း ကလေးမြို့၏ မြေ အရောင်းအဝယ် နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကိုလည်း ဆက်လက် သုံးသပ် ခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ နေ့ မှာ စစ်တပ်က အာဏာ သိမ်းယူပြီး နောက်ပိုင်း ချင်းပြည်နယ် နှင့် ကလေးမြို့ အနီးပတ်ဝန်းကျင်ရှိ ဒေသများမှ စစ်ဘေးရှောင် ပြည်သူများစွာဟာ ကလေးမြို့သို့ အစုလိုက် အပြုံလိုက် ပြောင်းရွေ့ ခိုလှုံကြပြီး အိမ်ခြံမြေ အရောင်းအဝယ်ဟာ လည်း သတ်မှတ် မြေ တကွက် လျှင် ကျပ်သိန်း ရာဂဏန်းက နေ သောင်းဂဏန်း အထိ ဈေးပေါက်နေတယ်လို့ လည်း ကလေးမြို့နေ ပြည်သူ တဦး ထံမှ ဆက်လက် သိရှိ ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *