
Salai Cung Lian Hu
ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလားတန်မြစ် ရေကြီးရေလျှံမှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနယ်စပ် ကုလားတန်မြစ်ဖျားဘက်မှာ အိုးအိမ်ပျက်စီးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ကုလားတန်မြစ်ရေဟာ ၁၀နှစ်တန်တန်၊ ၁၅ နှစ်တန်တန် သာမန်ထက်ပိုတဲ့ ထူးကဲတဲ့ မြစ်ရေကြီးမှု ဖြစ်လေ့ရှိပါတယ်။ ဒါကိုလည်း ပလက်ဝမှာ ငယ်ငယ်ကနေဖူးတော့ အတွေ့အကြုံအရ သိနေတာပါ။ အဲဒီရေကြီးမှုရဲ့ ကြီးမားတဲ့သက်ရောက်မှုကို ရခိုင်ပြည် နယ်ဘက်က အချို့မြို့တွေလည်း ခံကြရပါတယ်။
မြစ်ရေကြီးတာဟာ မုန်တိုင်းမိုးကြောင့်ဖြစ်ပေမဲ့ ကုလားတန်မြစ်ညာဘက်မှာ သဘာဝသစ်တောတွေ ပြုန်းတီး လာတဲ့အခါ မိုးရေတွေကို သဘာဝအတိုင်းမတားဆီးနိုင်တော့ဘဲ ကုလားတန်မြစ်တကြော ရခိုင်ပြည်နယ်ဘက်ကို အရှိန်အဟုန်စီးဆင်းသွားတာကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ခံရတဲ့သဘောပဲ ဖြစ်ပါတယ်။
ဒီမှာပြောချင်တာက အဲဒီဖြစ်စဉ်တွေကို သတင်းမီဒီယာပေါ်မှာ ရေးသားတင်ပြကြတဲ့ မီဒီယာအချို့ရဲ့ ကျင့်ဝတ် မစောင့်ထိန်းတဲ့ အချက်ကိုပါ။ Narinjara၊ Development Media Group နှင့် Western News TV စတဲ့ သတင်း မီဒီယာတွေက ဇူလိုင်လ ၁၂ ရက်နေ့ သတင်းတွေ ရေးသားဖော်ပြကြရာမှာ ဖြစ်စဉ်ဖြစ်ပွားရာ နေရာဒေသကို ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်နယ်စပ်လို့ ဖော်ပြရမဲ့အစား “အိန္ဒိယ မီဇိုရမ်ပြည် နယ်နဲ့ ရခိုင် အစပ်”၊ “ရခိုင်-အိန္ဒိယ အစပ်”နှင့် “ရခိုင် အိန္ဒိယနိုင်ငံ နယ်စပ်”လို့ အမျိုးမျိုး မှားယွင်း ဖော်ပြထားကြတာကို ဝမ်းနည်းဖွယ် တွေ့ရှိရပါတယ်။
ဒီနေရာမှာ မှားယွင်းဖော်ပြတယ်လို့ သုံးနှုန်းထားပေမဲ့ တကယ်တန်းကျ မီဒီယာတာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုမှ မှားယွင်းစရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။ သတင်းတစ်ပုဒ်ဟာ လွယ်လင့်တကူဖြစ်လာတာမျိုး မဟုတ်ဘဲ သတင်းရင်းမြစ်၊ သတင်းရေးသားသူ သတင်းထောက်၊ သတင်းတည်းဖြတ်သူ/ အတည်ပြုသူ အယ်ဒီတာ စသဖြင့် အဆင့်ဆင့် ဖြတ်သန်းရတာမျိုး ဖြစ်ပါတယ်။ ပြီးတော့ အခုသတင်းဟာ ပထဝီနိုင်ငံရေးနဲ့ တိုက်ရိုက် ပက်သက်နေတာမျိုးဖြစ်တဲ့အတွက် အထူးသဖြင့် အခုလိုအချိန်မျိုးမှာ အမှားမခံသင့်တဲ့ သတင်းမျိုး ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဒါကြောင့်လည်း အပေါ်က မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကို ချင်းနိုင်ငံရေးအဖွဲ့အစည်းတွေက အကြောင်း အမျိုးမျိုးကြောင့် အလေးဂရုမပြုဘဲ လစ်လျူရှုထားကြပေမဲ့ ခူမီးအမျိုးသားစည်းလုံးညီညွတ်ရေးပါတီက အဲဒီ နေ့မှာပဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ကြီး ကန့်ကွက်ခဲ့တာ တွေ့ရပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရဲ့ နယ်မြေအစိတ်အပိုင်းအချို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလနောက်ပိုင်း ULA/AA ပြည်သူ့ တော်လှန်ရေးအစိုးရက ထိန်းချုပ်ထားပေမဲ့ ပလက်ဝမြို့နယ်ဆိုတာ ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၄၇၊ ၁၉၇၄ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေအရ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်လို့ အတိအလင်းဖော်ပြထားပါတယ်။
တော်လှန်ရေးကာလမှာလည်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင် ပင်ခံကောင်စီ ညီလာခံမှာ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင် (Autonomous District) အဆင့်တိုးမြှင့်ပြီး ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဖွဲ့စည်းပုံဥပဒေအရ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ဆိုပြီး ရပ်တည် ခဲ့တာဖြစ်ပါတယ်။ အဲဒီအပြင် ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ အတည်ပြုပြဋ္ဌာန်းတဲ့ ပလက်ဝကောင်စီ ချာတာအရ ချင်းပြည် (Chinland)၊ ပလက်ဝကောင်စီနယ်မြေ ဆိုပြီး ရပ်တည်ခဲ့တဲ့ နယ်မြေဖြစ်ပါတယ်။
ပထမ အချက်အနေနဲ့ ပြောရမယ်ဆိုရင် အထက်က ဖော်ပြထားတဲ့မီဒီယာတွေက ပလက်ဝမြို့နယ်အတွင်း အစဉ် အဆက်နေထိုင်ခဲ့ကြတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ပလက်ဝမြို့နယ်ကို ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်သာ ထားရှိလိုကြတယ်ဆိုတဲ့ ဒီမိုကရေစီနည်းကျ သဘောထားတွေကို ပြောင်ပြောင်တင်းတင်း စော်ကား လိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်တွေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ လတ်တလောမှာ ပလက်ဝမြို့နယ်ရဲ့ အစိတ်အပိုင်းအချို့ကို ULA ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးတွေ ဖော်ဆောင်နေတဲ့ အချိန်ဖြစ်နေတာရယ်နဲ့ ပလက်ဝဒေသဟာ ရခိုင်ဘုရင့်နိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ULA ခေါင်းဆောင်ပိုင်းတွေရဲ့ သတင်းမီဒီယာပေါ်မှာ ပြောဆိုထားတာတွေအပေါ် နယ် မြေပိုင်ဆိုင်မှုနဲ့ ပက်သက်လို့ နှစ်ဘက်အငြင်းပွားမှုတွေ ရှိနေတဲ့ကြားက ရခိုင်အခြေပြု မီဒီယာတွေက အခုလိုရေး သားလာတာတွေဟာ ပြည်တွင်းကိုလိုနီစနစ် (Internal Colonialism) ကို အားပေးအားမြှောက်ရာ ရောက်တယ် ဆိုတာ ပြောချင်ပါတယ်။ နိုင်ငံနဲ့အဝှန်း စစ်မီးတောက်လောင်နေပြီး တိုင်းရင်းသားပြည်သူတွေ အတိဒုက္ခရောက် နေချိန် တိုင်းရင်းသားညီအစ်ကိုအချင်းချင်းကြား ပြည်တွင်းကိုလိုနီစနစ် (Internal Colonialism) ပြူထွက်နေတာ ဟာ ကြောက်စရာကောင်းပြီး သတိကြီးကြီးထားရမဲ့အရေး ဖြစ်လာပါတယ်။
တတိယအချက်အနေနဲ့ အခြေခံအားဖြင့် ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သိလျက်သားနဲ့ ရခိုင်ပြည်နယ်ရဲ့ အစိတ်အပိုင်းသဖွယ် ရေးသားခြင်းဟာ မီဒီယာကျင့်ဝတ်တွေထဲက အချက် ၃ ချက်ကို ချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်။
အချက် (၁) သတင်းမီဒီယာတွေရဲ့ အဓိက တာဝန်က စစ်မှန်တဲ့ အချက်အလက်တွေကို ဖော်ပြဖို့ပါ။ အခုလိုပဲ အခြေခံအုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်တွေကို မှားယွင်းဖော်ပြခြင်းဟာ တိကျမှန်ကန်မှု (Accuracy)ကို ချိုးဖောက်တာ ဖြစ်ပါတယ်။
အချက် (၂) သိသိကြီးနဲ့ မှားယွင်းစွာ ဖော်ပြတာဟာ ပရိသတ်ရဲ့ သဘောထားကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ ဘက်လိုက်မှု (Bias) နဲ့ လှုံ့ဆော်မှု (Propaganda) ပဲ ဖြစ်တာကြောင့် မီဒီယာကျင့်ဝတ်တစ်ခုဖြစ်တဲ့ ဘက်မလိုက်မှု (Impartiality) နဲ့ ပွင့်လင်းမြင်သာမှု (Transparency) ကို ချိုးဖောက်တာ ဖြစ်ပါတယ်။
အချက် (၃) သတင်းမီဒီယာတွေရဲ့ အဓိက ရည်ရွယ်ချက်က အများပြည်သူကို အကျိုးပြုဖို့ဖြစ်ပြီး အခုလို သတင်းမှား ဖြန့်တာဟာ ပြည်သူကို လှည့်ဖြားခြင်း (Deceiving the Public) ဖြစ်ပါတယ်။
ဒါကြောင့် အခုလို မှားယွင်းရေးသားမှုတွေဟာ သတင်းမီဒီယာရဲ့ ယုံကြည်ကိုးစားမှုကို ထိခိုက်စေပြီး အငြင်း ပွားဖွယ်ရာ နယ်မြေရေးရာ ကိစ္စတွေမှာ လွဲမှားတဲ့အမြင်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သတင်းသမားတွေအနေနဲ့ “သိရက်သားနဲ့” လွဲမှားစွာ ရေးသားတာဟာ ပရိုဖက်ရှင်နယ်ဆန်မှု ကင်းမဲ့တဲ့အပြင် ပြည်သူ့အကျိုးကိုပါ ထိခိုက် စေတဲ့ အလေ့အကျင့်တစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒီတော့ အခုလို မှားယွင်းရေးသားတဲ့ မီဒီယာတွေအနေနဲ့ သူတို့ရဲ့ တာဝန်ခံမှု၊ ပရိုဖက်ရှင်နယ်ဆန်မှုနဲ့ ကျင့်ဝတ် လိုက်မှုတွေကို သူတို့ဘယ်လို တုန့်ပြန်သလဲ ဆိုတဲ့အပေါ် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ဆလိုင်းကျုံးလျန်ဟူး

