
ဇူလိုင်လ ၁၅ ရက်။
ချင်းပြည်နယ်က မြို့ ၅ မြို့အပါအဝင် မြို့နယ်ပေါင်း ၅၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ ဇူလိုင်လ ၁၄ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းဝေး မှာ နိုင်ငံတော်သမ္မတ (ကိုယ်စား) အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
အရေးပေါ်အခြေအနေ ကာလ (စစ်အုပ်ချုပ်ရေး) ကြေညာထားတဲ့ ရက်ပေါင်း (၉၀) ပြည့်ဖို့ နီးကပ်လာချိန် အခုလိုထပ်မံတိုးမြှင့်သတ်မှတ်ဖို့ ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒု – ဝန်ကြီးနှင့် ဒု- ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၆၀ ထဲကနေ သူတို့ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းပြည်နယ်က ဖလမ်းမြို့နယ်နဲ့ တွန်းဇံမြို့တို့ကို ချန်လပ်ပြီး ကျန်တဲ့ ၅၈ မြို့နယ်ကို အရေးပေါ် အခြေအနေ ရက် ၉၀ ထပ်တိုးဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ရက် ၉၀ ပြည့်တော့မှာဖြစ်လို့ အခုလို သက်တမ်းတိုးဖို့ လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။
ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော်သမ္မတ (ကိုယ်စား) အဆိုတင်သွင်းခဲ့တဲ့ အဆိုပါ တင်သွင်းချက်နဲ့ ပက်သက်ပြီး ဆွေးနွေးချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေဖြင့် ဇူလိုင်လ ၁၆ ရက်နေ့ နောက်ဆုံးထား နာမည်စာရင်းပေးသွင်းကြဖို့နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေတွင် ထပ်မံကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိစစ်အုပ်ချုပ်ရေး သက်တမ်းတိုးမယ့် ၅၈ မြို့နယ်ထဲတွင် ချင်းပြည်နယ်က ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ် နဲ့ မတူပီမြို့နယ်တို့ ပါဝင်ပါတယ်။

