
ဧပြီလ ၂၄ ရက်။
ချင်းနဲ့ မီဇိုဟာ သွေးသားရင်းချာတွေဖြစ်လို့ အိန္ဒိယနိုင်ငံဗဟိုအစိုးရရဲ့ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြား နယ်စပ်မှာ ခြံစည်းရိုးခတ်မယ့် စီမံကိန်းကိုပြင်းပြင်းထန်ထန်ကန့်ကွက်သူ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာလ်ဒူဟောမား (Lalduhoma) ဟာ ဇိုရမ်ပြည်သူ့လှုပ်ရှားမှု (ZPM) ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်ပြီး သူ့ရဲ့ ဦးဆောင်မှုဟာ ZPM ပါတီရဲ့ အနာဂတ် တိုးတက်မှုအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်ခံနေရကြောင်း ဒေသတွင်းမီဒီယာတွေကဖော်ပြကြပါတယ်။
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာလ်ဒူဟောမားဟာ အခုလက်ရှိ အာဏာရ ZPM ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ဧပြီလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ စတင်တာဝန်ယူခဲ့ကြောင်း ပါတီရဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ကျန်းမာရေး အခြေအနေကြောင့် အကန့်အသတ်မရှိ ခွင့်ယူသွားတဲ့ ဥက္ကဋ္ဌဟောင်း လာလ်လျံဆောတား (Lalliansawta) ရဲ့ နေရာမှာ သူက အစားဝင် တာဝန်ယူလိုက်တာ ဖြစ်ပါတယ်။
Zoram People’s Movement (ZPM) ပါတီဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး လက်ရှိအစိုးရကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် လာလ်ဒူဟောမားဟာ အိန္ဒိယရဲဝန်ထမ်း (IPS) အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီရဲ့ လုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ထူးခြားတဲ့ နောက်ခံသမိုင်းကြောင်း ရှိသူဖြစ်ပါတယ်။
သူဟာ ၁၉၈၄ ခုနှစ်မှာ နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး မီဇိုရမ်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဇိုရမ်အမျိုးသားပါတီ (ZNP) ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ချင်းစစ်ဘေးရှောင်တွေနဲ့ ပတ်သက်လာရင် လာလ်ဒူဟောမားဟာ လူသားချင်းစာနာထောက်ထားမှုကို အခြေခံတဲ့ ခိုင်မာတဲ့ မူဝါဒတစ်ခုကို ကျင့်သုံးနေသူဖြစ်ပါတယ်။
အိန္ဒိယဗဟိုအစိုးရက မြန်မာစစ်ဘေးရှောင်တွေကို ပြန်လည်နှင်ထုတ်ဖို့ ဒါမှမဟုတ် နယ်စပ်ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာ ကူးသန်းသွားလာခွင့် (FMR) ကို ပိတ်ပင်ဖို့ ကြိုးစားမှုတွေအပေါ် သူက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
“ချင်းနဲ့ မီဇိုဟာ သွေးသားရင်းချာတွေဖြစ်လို့ နယ်စပ်မှာ ခြံစည်းရိုးခတ်တာကို လက်မခံနိုင်ဘူး” လို့ သူက အတိအလင်း ပြောကြားခဲ့ပြီး၊ ပြည်နယ်အတွင်း ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ၃၅,၀၀၀ ကျော်ကိုလည်း လူသားချင်းစာနာမှုအရ ဆက်လက်ခိုလှုံခွင့်ပေးထားကာ လိုအပ်တဲ့ အကူအညီတွေရရှိအောင် ဗဟိုအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။
ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ဖြစ်ပွားလေ့ရှိတဲ့ ပဋိပက္ခတွေကို ညှိနှိုင်းပေးရာမှာလည်း လာလ်ဒူဟောမားဟာ အဓိကကျတဲ့ “ငြိမ်းချမ်းရေး ဖော်ဆောင်သူ” အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ သူဟာ ချင်းညီနောင် (Chin Brotherhood) နဲ့ ချင်းလန်းကောင်စီ (Chinland Council) အဖွဲ့တွေက ခေါင်းဆောင်တွေကို အိုင်ဇောလ်မြို့မှာ ခေါ်ယူတွေ့ဆုံပေးခဲ့ပြီး၊ အဖွဲ့အစည်းအချင်းချင်းကြားက နားလည်မှုလွဲမှားမှုတွေကို ဖြေရှင်းဖို့နဲ့ စစ်ကော်မရှင်ကို တိုက်ထုတ်ရာမှာ ပိုမိုအားကောင်းလာစေဖို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိအောင် တွန်းအားပေးခဲ့ပါတယ်။
သူဟာ ချင်းတော်လှန်ရေး အင်အားစုတွေ စည်းလုံးမှုရှိမှသာ ဒေသတွင်း တည်ငြိမ်မှုနဲ့ ဖက်ဒရယ်စနစ်ဆီကို အောင်မြင်စွာ သွားနိုင်မယ်လို့ ယုံကြည်သူဖြစ်တာကြောင့် အဖွဲ့များအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းပေးနေသူ ဖြစ်ပါတယ်။
သူက အစကတည်းက ပါတီရဲ့ “မျက်နှာစာ” နဲ့ “အဓိကခေါင်းဆောင်” ဖြစ်ခဲ့ပေမဲ့၊ “ပါတီဥက္ကဋ္ဌ” ဆိုတဲ့ ရာထူးအမည်ကိုတော့ အခုမှ တရားဝင် ရယူလိုက်တာ ဖြစ်ပါတယ်။
အခုလို ဝန်ကြီးချုပ်ရော၊ ပါတီဥက္ကဋ္ဌပါ ပူးတွဲတာဝန်ယူလိုက်တာဟာ ZPM ပါတီအတွက် ပိုမိုခိုင်မာတဲ့ ဦးဆောင်မှုကို ပေးနိုင်လိမ့်မယ်လို့ ဒေသတွင်း နိုင်ငံရေးလေ့လာသူတွေက ရှုမြင်နေကြပါတယ်။
လာလ်ဒူဟောမားဟာ သူဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူချိန်မှာ “ခြစားမှု တိုက်ဖျက်ရေး” ကို အဓိက ဦးစားပေး လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ အစိုးရတာဝန်ယူပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာပဲ ပြည်နယ်တွင်းက လာဘ်ပေးလာဘ်ယူမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့စည်းခဲ့သလို၊ ပြည်သူ့ဘဏ္ဍာကို အလေအလွင့်မရှိစေဖို့အတွက် ဝန်ကြီးချုပ်ရဲ့ အသုံးစရိတ်တွေကို ကိုယ်တိုင် လျှော့ချပြခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ မီဇိုရမ်ပြည်နယ်ရဲ့ လယ်ယာကဏ္ဍကို မြှင့်တင်ဖို့အတွက် “လယ်ယာထွက်ကုန်များကို ဈေးနှုန်းအာမခံချက်ပေးခြင်း” (Minimum Support Price) ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ခဲ့ပြီး၊ ဒါဟာ ချင်းပြည်နယ်ဘက်ကနေ ကုန်သွယ်မှုပြုနေတဲ့ ဒေသခံ တောင်သူလယ်သမားတွေအတွက်ပါ သွယ်ဝိုက်ပြီး အကျိုးကျေးဇူး ရှိစေခဲ့တဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။
နောက်ထပ် ထူးခြားတဲ့အချက်ကတော့ သူဟာ အိန္ဒိယဗဟိုအစိုးရနဲ့ ဆက်ဆံရေးမှာ ပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အလေးထားသူ ဖြစ်တာကြောင့်၊ နယ်စပ်လုံခြုံရေးကိစ္စတွေမှာ ဗဟိုရဲ့ ညွှန်ကြားချက်ကိုတင်မကဘဲ ဒေသခံတွေရဲ့ ရိုးရာဓလေ့နဲ့ လူမျိုးစုချင်း ဆက်နွှယ်မှုတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုလေ့ရှိသူ ဖြစ်ပါတယ်။
သူဟာ နိုင်ငံတကာ အဆင့်မှာလည်း မီဇို-ချင်း မျိုးနွယ်စုတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရှိ ဒေသခံ အစုအဖွဲ့တွေနဲ့ပါ ချိတ်ဆက်ကာ အသိပညာပေးမှုတွေ လုပ်ဆောင်ခဲ့ဖူးတဲ့အတွက်၊ သူ့ရဲ့ နိုင်ငံရေးဩဇာဟာ မီဇိုရမ်ပြည်နယ်တွင်းမှာတင်မကဘဲ ကမ္ဘာတစ်ဝန်းက ဇိုမီး/ချင်း လူမျိုးစုတွေအပေါ်မှာပါ သက်ရောက်မှု ရှိနေတာ ဖြစ်ပါတယ်။
Source: India Today

