Headlines

တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့နယ်မှာ မနေ့က စစ်ကော်မရှင်တပ်က ဒုတိယဗိုလ်မှူးကြီး တစ်ဦးအပါအဝင် အမြောက်အများ သေဆုံးတယ်လို့သိရ

ဧပြီလ ၂၄ ရက်။

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ မနေ့ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

မနေ့ဧပြီလ ၂၃ ရက်နေ့က ဖလမ်းမြို့နယ် Sumhrang ကျေးရွာအနီး ချင်းလက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးအပါအဝင် စစ်ကော်မရှင်ဘက်က အမြောက်အများ ထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

သေဆုံးသွားတဲ့ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးဟာ တပ်မ (၇၇) လက်အောက်ရှိ တပ်တစ်ခုက တပ်ရင်းမှူး ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ ဖလမ်းမြို့နယ်မှာ စစ်အုပ်စုဟာ စစ်ကြောင်း ၂ ခုခွဲပြီး ဗားရ်တံတားဘက်ကနေ ထိုးစစ် ၁ ကြောင်း နဲ့ ဆူရ်ဘုန်လေဆိပ်ဘက်ကို ထိုးစစ်ဆင်နေတဲ့ ၁ ကြောင်း စုစုပေါင်း စစ်ကြောင်း (၂)ကြောင်းနဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဘက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် အမိန့်ဖြင့် မနေ့ ဧပြီလ ၂၃ ရက်နေ့မှာ ချင်းပြည်နယ်က မြို့နယ် (၇) မြို့နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုက မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

အခုလို ချင်းပြည်နယ်က မြို့နယ် (၇) မြို့နယ်ကို အရေးပေါ်အခြေအနေကြေညာတာဟာ အာဏာသိမ်း စစ်အုပ်စုက အအရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုလုပ်ချင်တာကြောင့် အခုလို ကြေညာချက် ထုတ်ပြန်တာဖြစ်တယ်လို့ လည်း Chinland Council / ချင်းပြည်အစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ Nai John Kim ကပြောပါတယ်။

Chinland Council / ချင်းပြည်အစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ Nai John Kim “စစ်ကောင်စီ လက်လွတ်ထားတဲ့ မြို့တွေကို အဓိကရည်ရွယ်ပါလိမ့်မယ် အခု ဖလမ်းက အဓိကဖြစ်လိမ့်မယ် ဖလမ်းပြန်ရရင် ချင်းပြည်တောင်ပိုင်းကို မရမက ထိုးမယ့်သဘောရှိတယ် အခုလဲ နေရာတိုင်းကို ဗုံးကြဲတာ အရင်ကထက် အဆမတန် ဗုံးကြဲချတာရှိတယ် မြေပြင်နဲ့ ဝေဟင်ပိုသုံးလာလိမ့်မယ်ထင်တယ် ကျေးရွာ၊ မြို့တွေကို ဝေဟင်ကနေ လာလိမ့်မယ်လို့ထင်တယ် နောက်ပြီး စစ်ကောင်စီက ကမ်းလှမ်းထားတဲ့ ဆွေးနွေးပွဲကို လက်ခံလာအောင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတာမျိုး ပိုလုပ်လာလိမ့်မယ်လို့ သုံးသပ်မိတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်က ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်၊ ဖလမ်းမြို့နယ်၊ တွန်းဇံမြို့နယ် နဲ့ ထန်တလန်မြို့နယ်တွေကို သမ္မတဦးမင်းအောင်လှိုင်ရဲ့အရပ်ဘက်အသွင်ပြောင်းအစိုးရက အရေးပေါ် အခြေအနေ ကြေညာခဲ့တာဖြစ်ပါတယ်။

လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းစေဖို့နဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်အခြေအနေ ကြေညာတာဖြစ်တယ်လို့လည်းထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *